ရန်ကုန်- ၂၀၂၂ ဖေဖော်ဝါရီ ၁ (မော်ကွန်း)
နိုင်ငံတော်အာဏာကို စစ်တပ်ကအဓမ္မသိမ်းယူခဲ့တာ တစ်နှစ်တင်းတင်းပြည့်တဲ့အနေနဲ့ တစ်နိုင်ငံလုံး အသံတိတ်သပိတ်စတင်ပြုလုပ်နေပါပြီ။
စစ်ကောင်စီက စျေးဆိုင်ခန်းတွေကို ဖိအားပေးဖွင့်ခိုင်းထားပေမယ့် စျေးဝယ်သူတွေမရှိသလို လမ်းမတွေပေါ်မှာလည်း လူသူရှင်းလင်းနေပါတယ်။
စျေးသည်တစ်ချို့ကလည်း သူတို့ဆိုင်မှာ (၁၀:၀၀) နာရီနောက်ပိုင်း စျေးလာမဝယ်ကြဖို့ပြောဆိုကြတာတွေရှိပါတယ်။
သုဝဏ္ဏမြို့နယ်က စျေးသည်တစ်ဦး က “ ၁၀:၀၀ နာရီနောက်ပိုင်း ငါ့ဆိုင်စျေးလာမဝယ်ကြနဲ့ဟေ့။ လာဝယ်ရင် ရိုက်မှာနော်” လို့ အရွှန်းဖောက်ပါတယ်။
တက္ကစီကားသမားတွေဟာလည်း မနက် ၁၀:၀၀ နာရီ မထိုးခင်ကတည်းက ခရီးသည်မခေါ်ကြတော့ဘဲ လမ်းဘေးမှာပဲ ဂိတ်ထိုးထားကြတာကို မြင်တွေ့ရပါတယ်။ မြို့တွင်းပတ် YBS တွေကတော့ ခရီးသည်မပါဘဲ ပတ်မောင်းနေကြရပါတယ်။
စစ်ကောင်စီက နည်းမျိုးစုံနဲ့ ပြည်သူလူထုကို ဖိနှိပ်ဖို့ကြိုးစားနေပေမယ့် လူထုပါဝင်မှုအားကောင်းတဲ့ အသံတိတ်သပိတ်ကတော့ အရှိန်မြင့်တက်နေဆဲဖြစ်ပါတယ်။
တော်လှန်ရေးအင်းအားစုတွေကလည်း ဒီနေ့ကစလို့ တော်လှန်ရေးတိုက်ပွဲ အရှိန်မြှင့်တင်သွားဖို့ ဆော်ဩထားပါတယ်။
#Dailynews

