အရာတော် – ၂၀၂၂ ဇန်နဝါရီ ၂၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ ကိုယ့်ရွာတောင်သူတွေရဲ့မြေပဲတွေကို အတင်းအဓမ္မသိမ်းယူကာ ရောင်းချပြီးပြန်လာတဲ့ ပျူစောထီးအဖွဲ့တွေဟာ တိုက်ခိုက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။
ကိုယ့်ရွာက တောင်သူတွေဆီက အဓမ္မသိမ်းယူသူတွေဟာ အရာတော်၊ သလဲဘာရွာက ပျူစောထီးခေါင်းဆောင်တောင်ကြီးနဲ့အဖွဲ့ဖြစ်ပါတယ်။
သလဲဘာကျေးရွာတောင်သူတွေလုပ်ကိုင်ရရှိတဲ့ မြေပဲတွေကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေအတွက် အခွန်အခအဖြစ် အတင်းအဓမ္မ ဓားပြတိုက်သိမ်းယူခဲ့တာလို့ ဒေသခံကဆိုပါတယ်။
မနေ့ညနေပိုင်းမှာတော့ သိမ်းယူထားတဲ့ မြေပဲတွေကို မန္တလေးမြို့က ပွဲရုံဆီမှာ ရောင်းချပြီး ပြန်လာချိန်မှာ (၅)မြို့နယ်မဟာမိတ်တပ်ပေါင်းစုက မိုင်းဆွဲတိုက်ခိုက်တာလို့ တော်လှန်ရေးအဖွဲ့တွေက ကြေညာပါတယ်။
ပျူစောထီးတွေစီးလာတဲ့ လိုက်ထရပ်ကားဟာ ပျက်စီးသွားပြီး ဒဏ်ရာရသွားသူတွေရှိကြောင်း သတင်းထုတ်ပြန်ပါတယ်။
နောက်ထပ် ဒီလို အနိုင်ကျင့်နေဦးမယ်ဆိုရင် ငဲ့ညှာမှာ မဟုတ်ဘဲ တိုက်ခိုက်သွားမယ်လို့ မဟာမိတ်အဖွဲ့တွေက ဆိုပါတယ်။
အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာမှာလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ဒေသခံတောင်သူတွေရဲ့ ထွက်ရှိတဲ့ သီးနှံတွေကို တစ်ဝက်တိတိသိမ်းယူနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဇန်နဝါရီ(၂၃)ရက်၊ မနက်ပိုင်းကလည်း အရာတော်အနောက်နယ်၊ အောင်သာကုန်းကျေးရွာကနေ ဖောကားနှစ်စီးနဲ့ ပြန်လာတဲ့ အာဏာသိမ်းစစ်တပ်၊ ပျူစောထီးတွေကို ညီနောင်မဟာမိတ်(၈)ဖွဲ့က နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး သေဆုံးခဲ့ပါတယ်။
#Dailynews

