မုံရွာ – ၂၀၂၂ ဇန်နဝါရီ ၁၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာက ပျူစောထီးအဖွဲ့ဝင်လို့ဒေသကလူသိများကြတဲ့ အမျိုးသားတစ်ဦး မနေ့ညနေပိုင်းက ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပစ်သတ်ခံရသူဟာ တောပုကျေးရွာမြောက်ပိုင်းက ပျူစောထီးအဖွဲ့ဝင်လို့ လူသိများနေတဲ့ အသက် ၆၀ နှစ်ခန့်ရှိ ဦးငြိမ်းဆောင်ဆိုသူ ဍဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။
အသတ်ခံရသူဟာ လက်သမားဆရာတစ်ဦး ဖြစ်ပြီး ၎င်းနေထိုင်ရာ တောပုရွာကနေ အနောက်ကျွန်းဘက်သို့ သစ်သားဝယ်ဖို့အလာ ညောင်ဖြူပင်ရွာနဲ့ ကျွန်းကြီးကျေးရွာကြားရှိ လက်ပံပင်တန်း အနီးမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း နယ်ခံတွေက ပြောပါတယ်။
အဆိုပါ အမျိုးသား သေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေဘက်ကရော ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကပါ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ကလည်း တောပုကျေးရွာက စစ်ကောင်စီတပ်နဲ့ ပျူအဖွဲ့တွေကို ထောက်ပံ့နေသူလို့ဆိုတဲ့ အသက်၄၅နှစ်အရွယ် ပန်းသည်အမျိုးသမီးတစ်ဦး ပစ်သတ်ခံခဲ့ရပါသေးတယ်။
#Dailynews

