မန္တလေး – ၂၀၂၂ ဇန်နဝါရီ ၈ (မော်ကွန်း)
မန္တလေးတိုင်းလွှတ်တော်ရုံးမှာ ဒီကနေ့တစ်ရက်ထဲ နှစ်ကြိမ်တိုင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်သေဆုံးမှုများရှိကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ မနက် ၈:၀၀ နာရီဝန်းကျင်က ပေါက်ကွဲခဲ့ပြီး ကင်းစောင့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း၊ အရေးပေါ်ကားတစ်စီးလည်းဝင်သွားကြောင်း ဒေသခံက ပြောပါတယ်။
မနက် ၁၁:၂၀ ဝန်းကျင်မှာလည်း တိုင်းလွှတ်တော်ရုံးအနီးမှာ နောက်ထပ်တစ်လုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးမှုတွေရှိကာ ထိခိုက်ဒဏ်ရာရသူများလည်းရှိကြောင်း ဒေသခံက ပြောပါတယ်။
“ဒီနေ့ မြောက်ပြင် လွှတ်တော် ဗုံးကွဲပြီးကတည်းက နေရာတိုင်းနီးပါး တော်တော်စစ်နေပါတယ်။ လမ်းတချို့ ပိတ်ထားပြီး စစ်ဆေးနေပါတယ်”လို့ မြောက်ပြင်ဒေသခံတစ်ဦးက ပြောပါတယ်။
မနက်ပိုင်း ၈:၀၀ ဝန်းကျင်က ၁၉လမ်း၊ ၈၆လမ်းနဲ့ ၈၇လမ်းကြားက အောင်မြေသာစံထွေအုပ်ရုံးဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သေးကြောင်း ဒေသခံက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်း ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက် မန္တလေးမြို့တွင်းမြို့ပြင် ပိုက်စိပ်တိုက်စစ်ဆေးမှုများပြုလုပ်နေပါတယ်။
တမ္ပဝတီ၊ထီးတန်းရပ်ကွက်ထဲမှာလည်း ဆိုင်ကယ်စီး လူငယ်နှစ်ယောက်ကို အရပ်ဝတ်နဲ့ စစ်ကောင်စီတပ်တွေက လိုက်လံပစ်ခတ်ခဲ့ကာ တစ်ယောက် ခြေထောက်ကျည်ထိပြီး တစ်ယောက်လွတ်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

