မုံရွာ – ၂၀၂၂ ဇန်နဝါရီ ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ပျူအဖွဲ့တွေကို ထောက်ပံ့နေသူလို့ဆိုတဲ့ အမျိုးသမီးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ပစ်သတ်ခံရသူဟာ မုံရွာမြို့နယ်၊ တောပုကျေးရွာမှာနေထိုင်တဲ့ ပန်းရောင်းသူ အသက်၄၅နှစ်အရွယ်ရှိ ဒေါ်ကြည်လှ ဖြစ်ပါတယ်။
ဒီကနေ့ မနက် ၈:၃၀ လောက်က တောပုကျေးရွာအဝင်ဇရပ်နားမှာ အဖွဲ့တစ်ဖွဲ့ကနေ ဒေါ်ကြည်လှကို သေနတ်နဲ့ ခြောက်ချက် ပစ်ခတ်ခဲ့ပြီး ၄ချက် ထိမှန်ကာ သေဆုံးသွားကြောင်း ဒေသခံက ပြောပါတယ်။
“သေတဲ့အမျိုးသမီးက မုံရွာမြို့ထဲဘုရားနီနားမှာပန်းရောင်းတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အဆိုပါ အမျိုးသမီးကို Monywa Ranger Group/Truth Army အထူးစုံစမ်းရေးအဖွဲ့ကနေ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အဲဒီအဖွဲ့က ထုတ်ပြန်ပါတယ်။
ပစ်ခတ်ခံရသူ အမျိုးသမီးဟာ ရပ်ရွာကို စစ်တပ်ခေါ်ဆောင်ဖို့ ပိုက်ဆံ ထည့်ခြင်း၊ ရပ်ရွာရှိ ပျူစောထီးနဲ့ စစ်သားတွေကို ထောက်ပံ့ခြင်းများပြုလုပ်ပေးနေသူတစ်ဦးဖြစ်ကြောင်း ဒေသခံတချို့က ဆိုပါတယ်။
#Dailynews

