ထားဝယ်-၂၀၂၂ ဇန်နဝါရီ ၆ (မော်ကွန်း)
ထားဝယ်မြို့ပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် ဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ကိုထွန်းဦးကို ထားဝယ်ထောင်တွင်းတရားရုံးက ဒီဇင်ဘာ ၃၀ က ပုဒ်မ ၅၀၅(က)၊ ၁၉(စ) နှစ်မှု၊ ၅၁၊၅၂(က)စတဲ့ ပုဒ်မငါးခုအတွက် ထောင်ဒဏ် ၁၉နှစ်ချမှတ်လိုက်တယ်လို့ ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ယက် DPPN က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင်ဖြစ်တဲ့ ဦးထွန်းကြည်က ကိုထွန်းဦးကို နှစ်ကြီးပြစ်ဒဏ်ချတဲ့အပေါ် အခုလိုမှတ်ချက်ပြုပါတယ်။
“ပြည်သူလူထုထောက်ခံတဲ့သူတွေကို သူတို့(စစ်ကောင်စီ)က စံပြရွေးချယ်ပြီးတော့နှစ်ကြီးတွေချလိုက်တာ။ ဒါကဘာလဲဆိုတော့ ပြည်သူကိုခြိမ်းခြောက်တာ။ သူတို့က ဒီလူတွေကိုပုဒ်မမျိုးစုံတပ်ပြီးထောင်တွေချလိုက်တော့ နောက်လူတွေအတွက်တစ်ခါတည်း ဟန့်တားပြီးသားဖြစ်မယ်လို့ သုံးသပ်တာ။ရှင်းရှင်းပြောရင် ကိုထွန်းဦးကိုထောင်ချရင် ကိုထွန်းဦးမြောက်မြားစွာထပ်ထွက်လာမယ်လို့ မှတ်ချက်ပြုချင်ပါတယ်ဗျ”
စစ်ကောင်စီတပ်ဖွဲ့တွေက ကိုထွန်းဦးကို စက်တင်ဘာ ၂၄ ရက်က မြို့သစ် ၁၀လမ်းမှာရှိတဲ့ နေအိမ်မှာလာရောက်ဖမ်းဆီးသွားတာဖြစ်ပါတယ်။
ကိုထွန်းဦးဟာ ထားဝယ်အကျဉ်းထောင်မှာ ပုဒ်မအများဆုံးနဲ့ တရားစွဲဆိုခံရသူဖြစ်ပြီး ပုဒ်မ ၅ ခုအတွက် ထောင်၁၉နှစ်ချမှတ်ခံရကာ ကျန်ပုဒ်မလေးခုဖြစ်တဲ့ ၅၀၅(ဂ)၊ ၅၀၊၅၄(ည)၊ ၃၀၂/၃၄စတာတွေအတွက် ဆက်လက်တရားရင်ဆိုင်ရဦးမှာလို့ DPPNက သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်ကလည်း ထားဝယ်မြို့ပေါ်က တက်ကြွလှုပ်ရှားသူ ကိုဝေယံဖြိုးနဲ့ ကိုဉာဏ်ဝင်းကို ထားဝယ်ထောင်တွင်းတရားရုံးက ထောင်ဒဏ် ၁၁နှစ်စီအမိန့်ချခဲ့ပါတယ်။
ပုံစာ – ထားဝယ်မြို့တွင် ဆန္ဒထုတ်ဖော်နေသော ကိုထွန်းဦး
Photo: DPPN
#Dailynews

