စစ်ကိုင်းတိုင်း – ၂၀၂၂ ဇန်နဝါရီ ၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်နဲ့ ရေဦးမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံတွေက သိရပါတယ်။
ဒီကနေ့ မနက်ခင်းစောစောမှာပဲ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အင်တောရွာကို ရိက္ခာလာယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ မိုင်းထိပြီး တပ်ဖွဲ့ဝင် သုံးဦးသေဆုံးသွားကြောင်း၊ ဒဏ်ရာရသူတွေလည်းများကြောင်း ဒေသခံတွေက ပြောပါတယ်။
ရေဦးနဲ့ တန့်ဆည်က ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့တွေက အသိပေးထားပါတယ်။
အလားတူ နံနက် ၃:၀၀ နာရီခန့်ကလည်း စစ်ကိုင်းဘက်ကနေ ရွှေဘိုဘက်လာတဲ့ စစ်ကောင်စီတပ်သားတွေလိုက်ပါလာတဲ့ Express ကားတစ်စီးဟာ ရွှေဘို-မန္တလေး ကားလမ်း ရွာသာကြီးနှင့် ဆားတောင်ကြားမှာ မိုင်း ခုနှစ်လုံးနဲ့ တိုက်ခိုက်ခံခဲ့ရပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ မြင်းဖြူရှင် ပျောက်ကြားတပ်ဖွဲ့နဲ့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ /ဂဠုန်ညီနောင် ပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ၎င်းတို့ကအသိပေးပါတယ်။
အထက်ပါတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။
ရေဦး၊ တန့်ဆည်၊ ဒီပဲယင်းနဲ့ အရာတော်နယ်တွေဟာ တစ်နယ်နဲ့တစ်နယ် ထိစပ်နေပြီး စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပါတယ်။
#Dailynews

