ဂန့်ဂေါ – ၂၀၂၁ ဒီဇင်ဘာ ၁၈ (မော်ကွန်း)
မနေ့က ဂန့်ဂေါမြို့နယ်၊ နှမ်းခါးရွာကို အာဏာသိမ်းစစ်ကောင်စီဟာ ကြည်းတပ်တွေအပြင် လေယာဉ်တွေနဲ့ပါ တိုက်ခိုက်ခဲ့လို့ သေဆုံးသူတွေရှိကာ ဒေသခံ အနည်းဆုံး ၃၀၀၀ နဲ့အထက် ထွက်ပြေးနေရကြောင်း မြေပြင်သတင်းရင်းမြစ်က အတည်ပြုပါတယ်။
ဂန့်ဂေါနယ်တဝိုက် မူးယစ်ဆေးဝါး ရောင်းချ သုံးစွဲမှုတွေ ပိုမိုများပြားလာတာကြောင့် ထိန်းချုပ်ဖို့ အစည်းအဝေးကို မနေ့က နှမ်းခါးရွာအပါအဝင် ရွာပေါင်း ၂၅ ရွာလောက် စုစည်း ပြုလုပ်ဖို့ ပြင်ဆင်နေချိန်မှာပဲ တိုက်ခိုက်ခံရတာဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုပါတယ်။
စစ်ရဟတ်ယဉ် ငါးစီးက နှမ်းခါးရွာရဲ့ တောင်နဲ့မြောက်ဘက်တွေမှာ အင်အားချကာ ဝေဟင်ကနေ ရွာရဲ့ ခန်းမကို ပစ်ခတ်ခဲ့တာလို့ သတင်းရင်းမြစ်ကဆိုပါတယ်။
” ဟတ်စကီးတွေက ဝိုင်းပစ်နေတဲ့အချိန် တိုက်လေယာဉ်တစ်စီးက ရွာပေါ်မှာ ဝဲပေးနေတာ”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒီကနေ့မှာတော့ အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ ထုံးစံအတိုင်း နှမ်းခါးရွာထဲကို မွှေနှောက်နေပြန်တယ်လို့ သူကဆိုပါတယ်။
မနေ့က ပစ်ခတ်ခံရချိန်မှာ ထိခိုက်သေဆုံးသူတွေရှိပြီး ဖမ်းဆီးခံထားရသူတွေလည်းရှိပါတယ်။
ဒါအပြင် ရွာထဲမှာ ပိတ်မိနေတဲ့ ဒေသခံပြည်သူ အနည်းဆုံး ၃၀၀ နဲ့အထက်လည်း ရှိနေပါတယ်။
ထွက်ပြေးနေရတဲ့ ဒေသခံ ၃၀၀၀ ကျော်ဟာလည်း ရုတ်တရက် ဝင်ပစ်တာမို့ အစားအစာ၊ စောင်တွေအပါအဝင် အနွေးထည်တွေလည်း ယူချိန်မရဘဲ တောထဲမှာ ဒုက္ခတွေ့နေကြတယ်လို့ သတင်းရင်းမြစ်ကဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေ ရွာထဲကမထွက်သေးလို့ သေဆုံး၊ ဒဏ်ရာရသူတွေနဲ့ ဖျက်ဆီးခံလိုက်ရတဲ့ နေအိမ်တွေ၊ အိမ်ရှင်တွေရဲ့ တန်ဖိုးရှိ ပစ္စည်းဥစ္စာတွေ ဘယ်လောက်ပါသွားမလဲဆိုတာ မသိရသေးပါဘူး။
နှမ်းခါးရွာဟာ အာဏာသိမ်းစစ်ကောင်စီတပ်တွေရဲ့ လူသတ်၊ မီးရှို့မှုတွေကို အကြိမ်ကြိမ်ခံရတဲ့ ကျေးရွာတစ်ရွာဖြစ်ပါတယ်။
နှမ်းခါးကို အာဏာသိမ်းစစ်ကောင်စီ ဝင်ရောက်ဖျက်ဆီးတဲ့ အကြိမ်ဟာ အနည်းဆုံး ရှစ်ကြိမ်အထက်ရှိပြီး မီးရှို့ခံရတာ နှစ်ကြိမ်ရှိပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မနေ့ကထိ စောင့်ကြည့်တွက်ချက်မှုတွေအရ အာဏာသိမ်းစစ်ကောင်စီလက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ ပြည်သူ ၁၃၄၆ ဦးရှိလာပြီး ဖမ်းဆီးခံခဲ့ရသူ ၁၁၀၀၀ ကျော်ရှိနေပါတယ်။
ပုံစာ – စက်တင်ဘာလက နှမ်းခါးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးခဲ့စဉ်က မြင်ကွင်း။
ဓါတ်ပုံ – CJ
#Dailynews

