တန့်ဆည် – ၂၀၂၁ ဒီဇင်ဘာ ၁၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ စျေးဝယ်လာတဲ့ ရဲလေးယောက် မနေ့ကမိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် ရဲတစ်ယောက် ဒဏ်ရာနဲ့ ဒီကနေ့ သေဆုံးသွားကြောင်း ဒေသခံများက ပြောပါတယ်။
မနေ့ မနက်က ဆိုင်ကယ်နှစ်စီးနဲ့ စျေးဝယ်ပြန်လာတဲ့ ရဲလေးယောက်ဟာ တန့်ဆည်မြို့ခန်းမအနီး၊ စာကြည့်တိုက်နားမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး ရဲလေးယောက် ထိခိုက် ဒဏ်ရာတွေရရှိကာ ဒီကနေ့မှာ တစ်ယောက်သေဆုံးသွားတာပါ။
“နှစ်ယောက်ဆေးရုံပို့လိုက်ရပြီး နှစ်ယောက်ထဲကတစ်ယောက် သေသွားပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို တန့်ဆည်အခြေစိုက် Phoenix Defence Force – Taze (တန့်ဆည်ဖီးနစ်) အဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့က အသိပေးပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လယ် ၁၂:၀၀ နာရီခန့်ကလည်း တန့်ဆည်မြို့နယ်၊ ကျွန်းတောကုန်းရွာအနောက် တံတားကနေ ဒေါင့်ကြီးရွာကို သွားရောက်တဲ့ စစ်ကောင်စီတပ်ကို တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ပွဲချင်းပြီး သေဆုံးသူတွေနဲ့ အပြင်းအထန် ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။
#Dailynews

