မန္တလေး – ၂၀၂၁ ဒီဇင်ဘာ ၁၈ (မော်ကွန်း)
မန္တလေးမြို့လယ်မှာ ဒီကနေ့ညနေပိုင်းက ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။
မန္တလေးမြို့၊ လမ်း၈၀ ၊ ၂၉လမ်းနဲ့ လမ်း ၃၀ ကြားရှိ ဝိန့်လီရွှေဆိုင်ကို ဒီကနေ့ ညနေ ၅:၂၀ ခန့်က ဓားပြတိုက်ခံခဲ့ရခြင်းဖြစ်ပြီး လူ ခြောက်ယောက်က ဆိုင်ကယ်နှစ်စီးနဲ့ လာတိုက်သွားခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူတွေက ပြောပါတယ်။
ဆိုင်ဝန်ထမ်း ၃ ဦးလည်း သေနတ်ဒဏ်ရာ ရရှိသွားတယ်လို့ မြို့ခံအချို့က ပြောပါတယ်။
“အရေးပေါ်ကားတစ်စီးလည်းရပ်ထားတာတွေ့တယ်။ လမ်းကိုတော့ပိတ်ထားတယ်”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ရွှေထည်အချို့ပါသွားတယ်လို့ဆိုကြပြီး အတိအကျတော့မသိရသေးဘူးလို့ မြို့ခံတွေက ပြောပါတယ်။
အခင်းဖြစ်ပွားပြီးချိန်မှာတော့ စစ်ကောင်စီတပ်တွေရောက်ရှိလာပြီး ရွှေဆိုင်ရှေ့က လမ်း ၈၀ ကို ကားသုံးစီးထိုးပြီး ပိတ်ထားလိုက်ကြောင်း မြို့ခံတွေက ပြောပါတယ်။
မနေ့ညနေပိုင်းကလည်း မန္တလေးမြို့ ၇၃လမ်း Mingalar Mandalay က လုပ်ငန်းတစ်ခု ကျပ်သိန်း ၃၀၀၀ ဓားပြအတိုက်ခံခဲ့ရပါသေးတယ်။
#Dailynews

