ရေဦး -၂၀၂၁ ဒီဇင်ဘာ ၁၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် စစ်ကောင်စီလက်အောက်ခံ မြို့မ ရဲစခန်းနဲ့ အောင်ချမ်းသာ အုပ်ချုပ်ရေးမှူး ရုံးတို့ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နေ့လယ်ပိုင်းက အဲဒီ ရဲစခန်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေကို ဗုံး၊ သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်သွားတာဖြစ်ပြီး ထိခိုက်မှုတွေရှိနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ နှင့် PDF များပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ရေဦး PDF ၊ ရေဦးမြို့ပြပြောက်ကျားအဖွဲ့(YUG)၊ရေဦး ပ.က.ဖ၊ Myanmar Defence Force-Depayin နဲ့ အထူးကွန်မန်ဒိုအဖွဲ့ တို့ ပူးပေါင်းကာ တချိန်တည်းမှာ လက်နက်ကြီး လက်နက်ငယ်များနဲ့ လျှပ်တပြတ် ၀င်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိဘဲ လုံခြုံတဲ့နေရာကို ပြန်ရောက်ရှိနေပြီလို့ ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးပါတယ်။
မြို့ပေါ်ပျောက်ကြားတိုက်စစ် စတင်နေပြီဖြစ်တာကြောင့် မြို့အဝင်အထွက် CCTV တွေ ဖြုတ်ပေးဖို့ City Hunter-ရေဦး ပ.က.ဖ မွ တောင်းဆိုထားပါတယ်။
ဒီကနေ့မနက်ပိုင်းကလည်း ရေဦးမြို့နယ်၊ ဝင်ဝအုပ်စု၊ တောကျောင်းရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ရေဦးနယ်ခံတွေက ပြောပါတယ်။
#Dailynews

