ထန်းတောကြီး-၂၀၂၁ ဒီဇင်ဘာ ၁၁(မော်ကွန်း)
စစ်ကိုင်းတိုင်း၊မုံရွာမြို့တစ်ဖက်ကမ်း မုံရွာ-ပုသိမ်လမ်းမကြီးအနီးမှာရှိတဲ့ ထန်းတောကြီးကျေးရွာထဲကို စစ်ကောင်စီတပ်တွေက ဒီနေ့လယ် ၁ နာရီဝန်းကျင်က လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာကြောင့် နေအိမ်နှစ်လုံးပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
“အပေါက်ကြီးကလည်းအကြီးကြီးပဲ။စာသင်ကျောင်းရဲ့အရှေ့ဘက်မှာတစ်လုံးကျတာ။လူတွေကတော့မထိဘူး။အပြင်ဘက်မယ်။အိမ်ကတော့ပေါက်သွားတာ”လို့ ဒေသခံတစ်ဦးကဖြစ်စဉ်ကိုပြောပြပါတယ်။
အဲဒီပစ်ခတ်မှုမှာ ရွာခံတွေအပြင်ရောက်နေကြတာကြောင့် လူထိခိုက်မှုတော့မရှိခဲ့ပါဘူး။
စစ်ကောင်စီတပ်တွေက ဒုန်းတောကျေးရွာအနီးကနေ ထန်းတောကြီးရွာထဲကို လက်နက်ကြီးနဲ့ပစ်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်က စစ်ကောင်စီတပ်တွေဟာ ဒုန်းတောရွာခံ၁၁ဦးကို အစုလိုက်အပြုံလိုက်မီးရှို့သတ်ဖြတ်ခဲ့တာကြောင့်ထန်းတောကြီးရွာအပါအဝင် ဒုန်းတောကျေးရွာအနီးကရွာခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
Photo: Supplied
#Dailynews

