မန္တလေး – ၂၀၂၁ နိုဝင်ဘာ ၂၃ (မော်ကွန်း)
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို မြင်းခြံနဲ့နွားထိုးကြီးနယ်တွေက PDF တွေ ဝင်တိုက်ခဲ့လို့ စစ်ကောင်စီဘက်က သေဆုံးတာတွေရှိကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၁၀း၅၀ ဝန်းကျင်က မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ကျေးရွာက စာသင်ကျောင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်း ZERO ပြောက်ကျားတပ်ဖွဲ့၊ 27 Revolution Forces၊ NATOGYI Regional PDF၊ Na To Gyi People Defense Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
လက်နက်ကြီး၊လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သားရှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း Zero ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
“RPG နဲ့လည်းထုတယ်လို့ပြောတယ်။ အရာရှိအဆင့်တစ်ယောက်ပါတယ်လည်းကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲဖြစ်တဲ့ ကွမ်းစိုက်ရွာမှာ ဇွန်လ ၁၅ ရက်နေ့က စစ်ကောင်စီသတင်းပေး ကြံ့ခိုင်ရေးပါတီဝင်ဟောင်း ဦးမြင့်ကျော်ဆိုသူ ဓားထိုးခံရတဲ့အတွက် စစ်တပ်က လာရောက်စစ်ဆေးစဥ် ရွာသား ၃၈ ဦးအား ဖမ်းဆီးသွားခဲ့ပြီး စစ်ကြောရေးတွင် ရွာသား ၂ ဦး သေဆုံးသွားခဲ့ပါတယ်။
အဲဒီနောက် အာဏာသိမ်းစစ်ကောင်စီတပ်က ကျေးရွာမှာ လာရောက်တပ်စွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
#Dailynews

