ရေစကြို – ၂၀၂၁ နိုဝင်ဘာ ၁၈ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့မှာ NLD အမာခံ တက်ကြွလှုပ်ရှားသူတစ်ဦးရဲ့နေအိမ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လေးဦးသေဆုံးကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၁၀:၂၅ ဝန်းကျင်က ရေစကြိုမြို့၊အမှတ် ၁၊ ထင်းတန်းရပ်ကွက်မှာနေထိုင်တဲ့ NLD ပါတီ အမာခံ ကိုအေးလှိုင်နဲ့မမာစီတို့ရဲ့နေအိမ်အတွင်း ရောက်ရှိလာတဲ့အထုပ်တစ်ထုပ်ကိုဖွင့်ဖောက်ရာကနေ ပေါက်ကွဲမှုဖြစ်ပွါးခဲ့ပါတယ်။
အဲဒီ ပေါက်ကွဲမှုကြောင့် အိမ်ရှင် အသက်၅၂ နှစ်အရွယ် ကိုအေးလှိုင်နဲ့ သူ့ဇနီး အသက်၄၅နှစ်အရွယ် မမာစီ၊ ၎င်းတို့ရဲ့သမီးဖြစ်သူ အသက် ၂၀ နှစ်အရွယ် မအေးသင်းနဲ့ အိမ်နီးချင်းဖြစ်သူ အသက် ၄၇ နှစ်အရွယ် ဒေါ်စီတို့ သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
“ဆိုင်ကယ်သမားတစ်ယောက်လာပစ်သွားတာပြောတယ်။ အမျိုးသမီးသုံးဦးကတော့ နေရာမှာတင်ဆုံးတယ်။ အမျိုးသားကတော့ ဆေးရုံရောက်မှဆုံးတယ်ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူ ကိုအေးလှိုင်ဟာ NLD အောင်နိုင်ရေး ကာလတလျှောက်မှာ တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ရေစကြိမြို့နယ်မှာ စစ်တပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေအကြား တင်းမာနေပြီး အခုရက်ပိုင်းအတွင်းမှာပဲ ရေစကြိုရေလယ်ကျွန်းဒေသကို စစ်ကောင်စီက စစ်ကြောင်းထိုးနေလို့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
#Dailynews

