စစ်ကိုင်းတိုင်း – ၂၀၂၁ အောက်တိုဘာ ၃၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘို၊ မုံရွာ၊ အရာတော်နဲ့ ဝက်လက်မြို့တွေက ဟိုတယ်နဲ့နေအိမ်တွေကို စစ်ကောင်စီက သိမ်းဆည်းကြောင်း ဗီနိုင်းတွေ လိုက်ချိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊မုံရွာမြို့ စက်မှုဇုန်(၂၉)လမ်းရှိ နေအိမ်နှစ်လုံးကို အောက်တိုဘာ၂၉ရက်နေ့က စစ်ကောင်စီတပ်သားများ လာရောက်ဗီနိုင်းချိတ်ဆွဲသွားကြောင်း ဒေသခံများက ပြောပါတယ်။
ယခုနေအိမ်သည် အကြမ်းဖက်မှုကျူးလွန်နေသူတစ်ဦးအားပုန်းအောင်နေထိုင်ခွင့်ပေးခြင်းနှင့်ယာယီနေထိုင်ခွင့်ပေးခြင်းတို့ကိုဖော်ထုတ်ရရှိသည့်အတွက် နိုင်ငံတော်ဘဏ္ဍာအဖြစ် ဒီကနေ့မှာ သိမ်းလိုက်ပြီဖြစ်ကြောင်း ဗီနိုင်းမှာ ရေးသားထားပါတယ်။
“အရပ်ဝတ်တွေနဲ့လာကပ်သွားတာ။ ရဲတစ်ယောက်တော့ပါတယ်”လို့ မုံရွာဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင်ရွှေဘိုမြို့က ဟိုတယ်တစ်လုံး၊ တည်းခိုခန်းတစ်ခုနဲ့ နေအိမ်တချို့ကိုလည်း PDFတွေနဲ့ပတ်သက်နေလို့ပြည်သူပိုင်သိမ်းဆည်းကြောင်း ရေးသားထားတဲ့ ဗီနိုင်းတွေလာကပ်သွားခဲ့ကြောင်း ရွှေဘိုဒေသခံများက ပြောပါတယ်။
အရာတော်မြို့ပေါ်မှာတော့ အောက်တိုဘာလ ၂၈ ရက်နေ့က သပိတ်ကာလမှာ ပါဝင်ဦးဆောင်ခဲ့သလို အရာတော်မြို့မှာ ပထမဆုံး CDM ပြုလုပ်သူတစ်ဦးလည်းဖြစ်တဲ့ အရာတော်စည်ပင်ဥက္ကဌဟောင်းဦးသန်းရွှေရဲ့ နေအိမ်၊ NLD ပါတီမှ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဝဏ္ဏရဲ့နေအိမ်တွေနဲ့ အရာတော်သပိတ်ခေါင်းဆောင်တစ်ဦးရဲ့နေအိမ်တွေကို ချိပ်ပိတ်သွားခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။
ဝက်လက်နယ်မှာ အောက်တိုဘာလ ၂၇ ရက်နေ့က ဝက်လက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်သိန်း၊အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်း ၊ဟေမာန်သစ်ကိုယ်ပိုင်အထက်တန်းကျောင်း ၊သန်းသန်းဌေးစတိုးဆိုင်နှင့်ဦးညွှန့်ဌေး(ခိုင်သဇင်_စတိုး)နေအိမ်တွေကိုလည်း ချိပ်ပိတ်စာကပ်သွားကာ နေအိမ်အတွင်းက အိမ်အသုံးဆောင် ပစ္စည်းတွေကိုလည်း သိမ်းယူသွားကြောင်း ဒေသခံများက ပြောပါတယ်။
စစ်ကိုင်းတိုင်း မုံရွာ၊ ရွှေဘို၊ အရာတော်၊ ဝက်လက်နယ်တွေမှာ စစ်ကောင်စီတပ်တွေကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ခုခံတော်လှန်တိုက်ခိုက်နေကြပါတယ်။
ဓါတ်ပုံများ-ဒေသခံများ
#Dailynews

