ရန်ကုန် – ၂၀၂၁ အောက်တိုဘာ ၂၉ (မော်ကွန်း)
ရှမ်း-ကယားပြည်နယ်စပ်က မိုးဗြဲမြို့မှာ ဒီနေ့မနက် ၁၀နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် စည်ကား ၂ ရပ်ကွက်က အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ပေါ်ဦး ၂ ရပ်ကွက်ကအမျိုးသား တစ်ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Mobye Rescue Team မိုးဗြဲလူမှုကယ်ဆယ်ရေးအသင်းက ထုတ်ပြန်ထားပါတယ်။
“ကျွန်နော်တို့နှစ်ယောက်လုံးကိုဆွဲထုတ်ပြီးသွားပြီ၊ တစ်ယောက်ကတော့ဆုံးသွားပြီခင်ဗျ။ အမျိုးသမီးတစ်ယောက်ကဆုံးသွားပြီခင်ဗျ။ တစ်ယောက်ကတော့ဆေးကုသမှုခံယူဆဲပဲဗျ။ ကျွန်နော်တို့လက်ရှိသယ်ထုတ်ပေးတာနှစ်ဦးပဲဗျ။ နှစ်ဦးပဲကြားသေးတယ်။ ကျွန်နော်တို့ဆက်လက်စုံစမ်းနေတုန်းပဲနော်” လို့ မိုးဗြဲလူမှုကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကအတည်ပြုပါတယ်။
လက်ရှိအချိန်မှာတော့ အခြေအနေကပြန်ငြိမ်နေတယ်လို့ သူကဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်ကလည်း စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ငါးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
မိုးဗြဲတိုက်ပွဲအခြေနေတွေနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီဝဘ်ဆိုက်မှာ ဒီကနေ့နေ့လယိအထိ သတင်းထုတ်ပြန်ထားတာမတွေ့ရှိရသေးပါ။
#Dailynews

