စစ်ကိုင်းတိုင်း – ၂၀၂၁ အောက်တိုဘာ ၁၁ (မော်ကွန်း)
စစ်ကိုင်းတိုင်းထဲက ချောင်းဦးနဲ့ ရွှေဘိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ နံနက် ၄:၂၀ နာရီလောက်က ချောင်းဦး-ရေစကြိုလမ်းမကြီး၊ မှန်ချိုကျေးရွာအကျော်မှာ မုံရွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေစီးနင်းလာတဲ့ယာဉ်တန်းကို ချောင်းဦး PDFက မိုင်းခွဲတိုက်ခိုက်ခဲ့ရာ (၂)စီးထိမှန်ပြီး အထိအခိုက် အကျအဆုံးများခဲ့တယ်လို့ ချောင်းဦး PDF က ထုတ်ပြန်ပါတယ်။
“ကားတွေက ပခုက္ကူဘက်သွားတာ။ တိုက်ခံရပြီးတော့ ရမ်းပစ်တာတွေရှိတယ်။ မုံရွာဘက်ကနေလည်း နောက်ထပ်စစ်ကားတွေ ဆင်းလာတယ်”လို့ ချောင်းဦးဒေသခံတစ်ဦးက ပြောပါတယ်။
အလားတူ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာကျေးရွာအနီးမှာလည်း မနေ့ညနေပိုင်းက စစ်ကားတစ်စီးနဲ့ လမ်းပြစစ်သားဆိုင်ကယ်တွေကို မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ကျဆုံးထိခိုက်မှုအခြေအနေတွေတော့ မသိရသေးဘူးလို့ ရွှေဘိုမိုးကြိုးမုန်တိုင်းအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်ဖို့ပြင်ဆင်နေချိန်မှာပဲ စစ်ကောင်စီတပ်တွေ မကြာခဏမိုင်းထိပြီး သေဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

