နွားထိုးကြီး – ၂၀၂၁ စက်တင်ဘာ ၂၁ (မော်ကွန်း)
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်မှာ မနေ့ညက အာဏာသိမ်းစစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် မိသားစုဝင်လေးဦး တစ်ပြိုင်တည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
၂၀၂၁ ၊ စက်တင်ဘာ ၂၁ ရက် နံနက် ၁၂နာရီ မိနစ်၂၀အချိန်မှာ စစ်ကောင်စီတပ်တွေဟာ နွားထိုးကြီးမြို့အနောက်ဘက် လျှော်ဖြူကျေးရွာအနီး သေနတ်နဲ့ပစ်ခတ်တာတွေ RPG နဲ့ပစ်ခတ်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။
ဒီလိုပစ်ခတ်လို့ လျှော်ဖြူ(အလယ်) ကျေးရွာရှိ ဆီစက်လုပ်ငန်းလုပ်ကိုင်တဲ့အိမ်ကို လက်နက်ကြီး ထိမှန်ရာ မိသားစုဝင်လေးဦး သေဆုံးပြီး တစ်ဦးအပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ နွားထိုးကြီးလူထုလှုပ်ရှားမှုကော်မတီက သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူလေးဦးဟာ အသက် ၇၀ ကျော် နှစ်ဦး၊ အသက် ၅၀ ကျော်တစ်ဦးနဲ့ ၂၀ ကျော် တစ်ဦးတို့ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဆေးရုံပို့ ထားရတဲ့ ၂နှစ် ကလေးလည်း အသက်အန္တရာယ် စိုးရိမ်ရတယ်ပြောပါတယ်။
“အဲဒီအိမ်တင်မကဘူး နောက်တစ်အိမ်ကလည်း လူတစ်ယောက် ပေါင်ကို ကျည်ထိသွားတယ်။
နောက်ထပ်တခြားအိမ်တွေထိသေးတယ်လို့လည်း ကြားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မူးပြီး အချင်းချင်းစကားများရာကနေ ရွာထဲလှမ်းပစ်တာလို့လည်း ပြောဆိုနေကြပြီး တချို့ကတော့ တော်လှန်ရေးတပ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ရာကနေ ဖြစ်ပွားတာလို့လည်း ဒေသခံတွေက ပြောဆိုနေကြပါတယ်။
သေဆုံးသူတွေရဲ့ အလောင်းတွေကို နံနက်၃နာရီအချိန်မှာ မေတ္တာမွန် နာရေးကူညီမှုအသင်း၏ အကူအညီနဲ့ နွားထိုးကြီးမြို့ရှိ ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့တယ်လို့ နွားထိုးကြီးလူထုလှုပ်ရှားမှုကော်မတီက အသိပေးပါတယ်။
#Dailynews

