ပုံစာ-ဒီကနေ့ သြဂုတ်လ ၂၃ ရက် နံနက်ပိုင်းက
မန္တလေးစက်မှုမှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးနေတဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့လက်အောက်ခံအဖွဲ့
ဓါတ်ပုံ-CJ
မန္တလေး – ၂၀၂၁ ဩဂုတ် ၂၃ (မော်ကွန်း)
မန္တလေးမှာ COVID – 19 ကာကွယ်ရေးအကြောင်းပြပြီး ထုတ်တဲ့ အာဏာသိမ်းစစ်ကောင်စီရဲ့ စာတွေကို သူတို့လက်အောက်ခံအဖွဲ့တွေကိုယ်တိုင် မနာခံဘဲ ပြည်သူတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ မြို့ခံတွေက မော်ကွန်းကိုပြောပါတယ်။
အာဏာသိမ်းစစ်တပ်ထုတ်တဲ့ စာတွေကို သူ့လက်အောက်ခံအဖွဲ့တွေကိုယ်တိုင် နားမလည်တာတွေ ရှိနေတယ်လို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။
COVID – 19 အကြောင်းပြပြီး အသစ်ထပ်ထုတ်တဲ့ ကန့်သတ်ချက်တွေထဲမှာ နေ့ခင်းဘက် အချိန်ကန့်သတ်တာတွေ မပါတော့တာကြောင့် အပြင်ထွက်လာသူတွေကို စစ်ကောင်စီက မြို့တွင်းမှာ လိုက်လံ ဖမ်းဆီးနေတာပါ။
စစ်ကောင်စီက သြဂုတ်လ ၁၃ ရက်နေ့မှာထုတ်တဲ့ ကန့်သတ်ချက်တွေထဲမှာ နေအိမ်ပြင်ပစျေးဝယ်ထွက်ခွင့်ကို နံနက် ၄ နာရီကနေ နံနက် ၉ နာရီအထိနဲ့ ညနေ ၃ နာရီ ၃၀ မိနစ်ကနေ ညနေ ၆ နာရီ ၃၀ မိနစ်အထိ ကန့်သတ်ခဲ့ပြီး စျေးဝယ်ချိန်ပြင်ပဖြစ်တဲ့ နံနက် ၉ နာရီကနေ ညနေ ၃ နာရီ ၃၀ မိနစ်အတွင်း ကျန်းမာရေး၊ နာရေးကိစ္စမှအပ အပြင်ထွက်ခွင့်မပြုကြောင်းနဲ့ ထွက်တဲ့သူတွေကို ထိရောက်စွာ အရေးယူမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ပြည်သူ့ဘတ်ဂျတ်နဲ့ထုတ်ဝေတဲ့ စစ်ကောင်စီဝါဒဖြန့်ချိရေး မန္တလေးနေ့စဥ်သတင်းစာကနေ ဒီကနေ့ ထုတ်ပြန်တဲ့စာမှာတော့ အထက်ပါ ကန့်သတ်ချက်တွေ မပါတော့ဘဲ အဆိုပါအမိန့်ကို ပယ်ဖျက်ကြောင်း အသိပေးခဲ့ပါတယ်။
သို့သော် ဒီကနေ့ နံနက်ပိုင်းမှာတော့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေဟာ မန္တလေးမြို့တွင်း လှည့်လည် စစ်ဆေးဖမ်းဆီးမှုတွေ ပြုလုပ်နေဆဲလို့ မြို့ခံတွေက ပြောပါတယ်။
“စက်မှုထဲတော့ အချုပ်ကားနဲ့ကို ပတ်နေတယ်။ မြို့ထဲမှာလည်း စစ်နေတုန်းပဲ”လို့ မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုမြို့သစ်နေ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ဆိုင်ထိုင်ရောင်းချခွင့်မပြုကြောင်း ကန့်သတ်မှတ်ချက်ကိုလည်း ပယ်ဖျက်ထားတာတွေ့ရပါတယ်။ သို့သော် ဆိုင်တွေကတော့ ဆိုင်ထိုင်ရောင်းတာမျိုး မရှိသေးဘူးလို့ မြို့ခံတွေက ဆိုပါတယ်။
မန္တလေးမှာ မြို့နယ်ကျော်စစ်ဆေးတာတွေ၊ စျေးဝယ်ချိန်တွေကို အာဏာသိမ်းစစ်ကောင်စီက ကပ်ရောဂါအကြောင်းပြပြီး လက်နက်နဲ့ ခြိမ်းခြောက်ကန့်သတ်တာတွေ ပြုလုပ်ခဲ့ပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေကတော့ နေ့စဥ်လမ်းပေါ်ထွက်ကာ ဆန္ဒပြ ဆန့်ကျင်နေကြပါတယ်။
#Dailynews

