ရွှေဘို – ၂၀၂၁ ဇူလိုင် ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ် ကွန်ဆိပ်ရွာမှာ ပြည်သူတစ်ဦးကို စစ်အုပ်စုလက်အောက်ခံတပ်တွေက ပစ်သတ်လိုက်တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။
စစ်အုပ်စုတပ်တွေဟာ ကွန်ဆိပ်ရွာကို ဇူလိုင်လ ၂၁ ရက် ညနေ ၆ နာရီလောက်ကစပြီး ဝင်ရောက်ခဲ့ကြောင်း၊ သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်ခဲ့ပြီး ရွာသားတချို့ ကြောက်လန့်၍ ထွက်ပြေးရာမှ ပစ်ခတ်ခံခဲ့ရပြီး အမျိုးသားကြီးတစ်ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။
စစ်အုပ်စုဝင်ရောက်လာချိန် ရွာခံရွာသားနှစ်ဦး ပြေးကြရင်း ထိပ်တိုက်တွေ့သွားခြင်းဖြစ်ကြောင်း၊ ရွာသားတစ်ဦးမှာ လက်မြောက်ပြီးဝပ်နေသည့်အတွက် ပစ်ခတ်ခြင်းမခံရဘဲ နောက်တစ်ဦးမှာ ကြောက်လန့်၍
ပြေးရာ ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း၊ အပစ်ခံရသူမှာ ကွန်ဆိပ်ရွာခံ ဦးသိန်းတင့်ခေါ် ဦးဂျစ်လိပ်ဖြစ်ကြောင်း ရွှေဘို သတင်းမှန်ပြန်ကြားရေး စာမျက်နှာက သတင်းထုတ်ပြန်ပါတယ်။
“လမ်းပြေးနေရာကနေ သေနတ်နဲ့ပစ်သတ်ပြီး ကားနဲ့တိုက်ခဲ့တာပါ။ အကိုတယောက်လဲဖမ်းထားပြီး ဖုန်းလဲစစ်ပြီး ဖုန်းထဲမှာ ဘာမှမတွေ့လို့ပြန်လွှတ်ပေးလိုက်တာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွာသူရွာသားတွေဟာ ကြောက်လန့်နေတာကြောင့် ထွက်မကြည့်ရဲကြဘဲ ဒီကနေ့ ဇူလိုင်လ ၂၂ ရက်နေ့ မနက်ပိုင်းမှာ သေဆုံးသူရဲ့ရုပ်အလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောပါတယ်။
စစ်အုပ်စုတပ်တွေဟာ ဇူလိုင်လ ၁၈ ရက် နံနက် ၁ နာရီလောက်ကလည်း ရွှေဘိုမြို့နယ် ဆိပ်ခွန်ကျေးရွာမှာ ဝင်ရောက်ပစ်ခတ်မှု့ကြောင့် လူငယ်လေးဦး သေဆုံးခဲ့ရပါတယ်။
#Dailynews

