ဓါတ်ပုံ- Nay P Latt FB
ရန်ကုန်- ၂၀၂၁ ဇူလိုင် ၂၀ (မော်ကွန်း)
အင်းစိန်အကျဉ်းထောင်မှာ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံခဲ့ရပြီး ရန်ကုန်ပြည်သူဆေးရုံကြီးမှာ ကုသနေစဉ် ကွယ်လွန်ခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ( NLD) ဗဟိုအလုပ်အမှုဆောင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းရဲ့ နာရေးကို ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်က ထိန်ပင်သုဿန်မှာ ပြုလုပ်သွားမယ်လို့ သူ့ ရဲ့ရှေ့နေက မော်ကွန်းကို ပြောပါတယ်။
“ စျာပနကို ရန်ကုန်ဆေးရုံကြီး module မှာ ထားထားတယ်။ အခုဒီနေ့တောင် မမှီဘူး ပြောတယ်။ ထိန်ပင်မှာပြုလုပ်မှာပါ” လို့ ရှေ့နေဖြစ်သူက ဒီနေ့လည်မှာ ပြောပါတယ်။
ကွယ်လွန်ချိန်မှာ အသက် (၇၉) နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဦးဉာဏ်ဝင်းဟာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးကတည်းက အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားခဲ့ရတာပါ။
သူ့ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ အာဏာသိမ်းစစ်ကောင်စီက တရားစွဲ ဖမ်းဆီးထားတာလည်း ဖြစ်ပါတယ်။
ဒီနောက် ထောင်တွင်းမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရပြီး ဇူလိုင် ၁၁ ရက်မှာ အင်းစိန်ထောင်ဆေးရုံကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို လွှဲပြောင်း ကုသခဲ့ပေမယ့် ဒီနေ့ မနက် ၉ နာရီကျော်မှာ ကွယ်လွန်ခဲ့တာလည်း ဖြစ်ပါတယ်။
သူဟာ ၁၉၈၈ ခုနှစ်၊ အာဏာရှင်ဦးနေဝင်းအစိုးရကို ဖြုတ်ချခဲ့တဲ့ လူထုအရေးတော်ပုံကြီးပြီးနောက် ၁၉၈၉ မှာ စတင်တည်ထောင်ခဲ့တဲ့ NLD ပါတီရဲ့ သန္ဓေပါတီဝင်တစ်ဦးဖြစ်ပြီး ၁၉၉၀ ရွေးကောက်ပွဲမှာလည်း အနိုင်ရခဲ့တဲ့ ကိုယ်စားလှယ်တစ်ဦးဖြစ်သလို နအဖ၊ နဝတ စစ်အစိုးရခေတ်မှာ နိုင်ငံရေးအကျဉ်းသားတစ်ဦးလည်း ဖြစ်ခဲ့သူလို့ သူ့ရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်တွေက ပြောပါတယ်။
#Dailynews

