မြင်းခြံ – ၂၀၂၁ ဇူလိုင် ၉ (မော်ကွန်း)
မန္တလေးတိုင်း မြင်းခြံမြို့မှာ ယမန်နေ့ ဇူလိုင်လ ၈ ရက် ည ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်တွေပစ်ခတ်လို့ ပြည်သူတစ်ယောက် သေဆုံးသွားတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။
သေဆုံးသူဟာ အသက် ၂၆ နှစ်အရွယ် ကိုဖြိုးလှိုင်ဝင်းဆိုသူဖြစ်ပြီး မြင်းခြံမြို့နယ် ဆားခါးရွာမှဖြစ်ကြောင်း၊ မြင်းခြံစက်မှုဇုန်ဘက်မှာပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောပါတယ်။
အခင်းဖြစ်ပွားရာအနီးမှာ စစ်ကောင်စီတပ်များ တပ်စွဲထားပြီး အလောင်းကို စက်မှုခန်းမဟောင်းအနီး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ဒီကနေ့ နံနက်မှသာ အလောင်းကောက်နိုင်ခဲ့ကြောင်း မြင်းခြံဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က အဲဒီဘက်မှာ ဗုံးလန့်ထားတာ။ အဲဒါကြောင့် စစ်တပ်ကအဲဒီဘက်ကို နေ့လယ်ကတည်းက မဲနေတာ။ ညဘက်ကျတော့ အဲကလေးက အပစ်ခံလိုက်ရတာ” လို့ မြင်းခြံဒေသခံတစ်ဦးက ပြောပါတယ်။
မနေ့က မြင်းခြံမှာ စစ်ကောင်စီတပ်တွေဟာ အမှတ်(၁၉)ရပ်ကွက်ထဲမှာဖွင့်ထားတဲ့ Alliance ငွေစုငွေချေးသို့ ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး ဝန်ထမ်း(၁)ဦးဖမ်းဆီးသွားခဲ့ပါတယ်။
ဒါ့အပြင်အမှတ်-၁၈ရပ်ကွက်က နေပြည်တော်ကိတ်မုန့်လုပ်ငန်းကိုလည်း ဝင်ရောက်ရှာဖွေမှုတွေပြုလုပ်ခဲ့ပြီး လုပ်ငန်းရှင်ရဲ့ သားဖြစ်သူကို ဖမ်းဆီးသွားခဲ့ပါတယ်။
မြင်းခြံ-ညောင်ဦးလမ်းဘေး၊ဆိတ်ညံမြစ်ရေတင် အနီးမှာလည်း ရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ မြင်းခြံလူထု လှုပ်ရှားမှုကော်မတီက အသိပေးထားပါတယ်။
#Dailynews

