ရန်ကုန် – ၂၀၂၁ ဖေဖော်ဝါရီ ၅ (မော်ကွန်း)
လူထုလှုပ်ရှားမှုများ ပုံသဏ္ဍာန်မျိုးစုံပေါ်လာရန်ရှိသည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ထုတ်ပြန်ချက်ထုတ်၍ အသိပေးသည်။
ယင်းထုတ်ပြန်ချက်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် သပိတ်မှောက်ဆန္ဒပြသည့် နည်းလမ်းပေါင်းစုံ လိုအပ်ပြီး နည်းလမ်းများ တစ်ခုနှင့်တစ်ခု ဟန်ချက်ညီရန် ပူးပေါင်းချိတ်ဆက်လှုပ်ရှားကြရမည်ဟု ဖော်ပြသည်။
ထို့အပြင် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားပေါင်းစုံ ဆန္ဒပြပွဲများလည်း ပေါ်ပေါက်လာလိမ့်မည်ဖြစ်ပြီး ဆန္ဒပြပွဲများနှင့် သပိတ်ပေါင်းစုံပေါင်းစပ်၍ အခြားသော လူထုလှုပ်ရှားမှုများလည်း ပုံသဏ္ဍာန်အမျိုးစုံ ပေါ်လာရန် ရှိသည်ဟု ဖော်ပြသည်။ လက်ရှိဆန္ဒပြသပိတ်မှောက်နေသည့် နည်းလမ်းများသည်လည်း ထိရောက်သည်ဟု ထုတ်ပြန်သည်။
၈၈ ကျောင်းသားခေါင်းဆောင်ဟောင်းနှင့် လက်ရှိ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက လည်း “ မတရားမှုများလာတာနဲ့အမျှ လူထုတိုက်ပွဲက မြင့်လာမှာပဲ။ တစ်ဖက်ကလည်း အင်အားသုံးဖြေရှင်းတဲ့နည်းလမ်းကိုပဲ ဆက်သွားနေမယ်ဆိုရင်တော့ တိုင်းပြည် အနာဂတ်အတွက် မကောင်းနိုင်ဘူးလို့မြင်တယ်” ဟုပြောသည်။
ယခုခေတ်တွင် ဆိုရှယ်မီဒီယာကို ပိတ်ဆို့မည်ဆိုပါက လူထုကနည်းပညာဖြင့် ကျော်လွှားနိုင်မည်ဟု ၎င်းကပြောသည်။
“ ဆိုရှယ်မီဒီယာကို ပိတ်လိုက်တဲ့အတွက်ကြောင့် လူတွေရဲ့ထွက်ပေါက်က လမ်းပေါ်ရောက်လာနိုင်တယ်” ဟု ဦးကိုကိုကြီးက ပြောသည်။
လက်ရှိအခြေအနေကို အဆုံးအဖြတ်ပေးနိုင်မည့်ပုဂ္ဂိုလ်များအကြား တွေ့ဆုံဆွေးနွေးနိုင်ရန်၊ ကမ္ဘာကို ဖိအားပေးတိုက်တွန်းနိုင်သည့် အဖွဲ့အစည်းများ၊ နိုင်ငံများနှင့် လူပုဂ္ဂိုလ်များကလည်း ကူညီပေးရန် လိုအပ်သည်ဟု ဦးကိုကိုကြီးက ပြောသည်။
တပ်မတော်က ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အခြားအစိုးရဝန်ထမ်းအချို့က ဖဲကြိုးနီလှုပ်ရှားမှုဖြင့် ဆန္ဒဖော်ထုတ်ခြင်း၊ ပြည်သူများက သံပုံးတီး၍ ဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်နေသည့်အပြင် ပြည်ပရောက် မြန်မာနိုင်ငံသားများကလည်း အာဏာသိမ်းခြင်းအား ကန့်ကွက်ကြောင်း လမ်းပေါ်ထွက်၍ ဆန္ဒဖော်ထုတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။
#Dailynews

