စည်သူ
ရန်ကုန် – ၂၀၂၁ ဇန်နဝါရီ ၁၈ (မော်ကွန်း)
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ဦးနိုင်နိုင်ဝင်းကို ရွေးကောက်တင် မြှောက်ခံရသူအဖြစ်မှ ပယ်ဖျက်ပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုင်းကြားခံထားရ တယ်လို့ ကာယကံရှင်က ပြောပါတယ်။
“ ဖေဖော်ဝါရီ ၁ရက်နေ့မှာ ထုချေလွှာတင်ရမှာဖြစ်တယ်။ အဲဒါကတော့ ရှေ့နေနဲ့ တိုင်ပင်နေတယ်။ မပတ်သက်တဲ့အကြောင်းကို မပတ်သတ်ကြောင်းရှင်းရမှာပေါ့။ စိုးရိမ်စိတ်တော့မရှိဘူး။ ကိုယ်လုပ်ခဲ့တာတွေက အားလုံးမှန်မှန်ကန်ကန် လုပ်ခဲ့တာ”လို့ ဦးနိုင်နိုင်ဝင်းက ပြောပါတယ်။
အရပ်သားမဲဆန္ဒရှင်တစ်ဦးက ကိုယ်စားလှယ်အဖြစ်က ရုပ်သိမ်းပေးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတာလို့ သူက ပြောပါတယ်။
တိုင်းကြားခံထားရတဲ့အကြောင်းအရာတွေကတော့ ကြိုတင်မဲကိစ္စ၊ မဲလက်မှတ်ဖြတ်ပိုင်း မှားယွင်းတဲ့ကိစ္စ၊ တပ်မတော်က ထုတ်ပြန်ထားတဲ့ မဲစာရင်း မသမာမှုစိစစ်ချက်တွေအပါအဝင် အချက် ငါးချက်နဲ့ တိုင်းကြားခံထားရတာလို့ သူက ပြောပါတယ်။
တမူးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ အတွင်းရေးမှူး ဦးရဲထက်စိုးက ဦးနိုင်နိုင်ဝင်းကို တိုင်ကြားထားမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စုက တိုက်ရိုက်ကိုင်တွယ်မယ့် ကိစ္စလို့ ရှင်းပြပါတယ်။ သူတို့ ခရိုင်ကော်မရှင်အဖွဲ့ခွဲအနေနဲ့ ရွေးကောက်ပွဲမှာ ဥပဒေနဲ့အညီ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တမူးမဲဆန္ဒနယ်ရှိ မဲဆန္ဒနယ်အားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က အနိုင်ရရှိထားတာဖြစ်ပါတယ်။
ဒါအပြင် တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ အနိုင်ရထား တဲ့ ကိုယ်စားလှယ်တွေကို ဖေဖော်ဝါရီတစ်ရက်နေ့မှာ လွှတ်တော်အစည်းအဝေးတတ်ဖို့ ပြည်ထောင်စုလွှတ်တော်က ခေါ်ယူထားပါတယ်။
#Dailynews

