ရေဂင်
ရန်ကုန် – ၂၀၂၀ ဒီဇင်ဘာ ၂၄ (မော်ကွန်း)
တားမြစ်ချက်များကို ချိုးဖောက်၍ KTV ဖွင့်လှစ်ခဲ့မှုကြောင့် လူပေါင်းရာချီ ပိုးကူးစက်ခံခဲ့ရသည့် သဃ်န်းကျွန်းမြို့နယ်ရှိ Music Zone KTV မြေနေရာကို နိုင်ငံပိုင်အဖြစ် ပြန်သိမ်းမည်ဖြစ်သော်လည်း ထိုနေရာကို အများပြည်သူအကျိုးပြုလုပ်ငန်းများဖော်ဆောင်နိုင်ရန် ဆက်လက် ကြိုးပမ်းရဦးမည်ဟု ယင်းမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလှဝင်းက ပြောသည်။
အဆိုပါ မြေနေရာနှင့်ပတ်သက်၍ အစိုးရအနေဖြင့် ပြည်သူပိုင်သိမ်းရန် အစီအစဥ်ရှိ၊ မရှိ မေးခွန်းအား ဒီဇင်ဘာ ၁ ရက်က စာပို့ မေးမြန်းခဲ့ရာ ဆောက်လုပ်ရေးဝန်ကြီးဌာနကနိုင်ငံတော်ပိုင်အဖြစ် ပြန်လည်သိမ်းယူမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည် ဦးရွှေလှဝင်းက ရှင်းပြသည်။
“နိုင်ငံတော်က ပိုင်တဲ့မြေကို နိုင်ငံတော်က ပြန်ယူလိုက်တဲ့ သဘောပါပဲ။ ရှေ့ဆက်ပြီး ဒီမြေကို ပြည်သူ့အကျိုးပြု လုပ်ငန်းတွေလုပ်တဲ့ နေရာတစ်ခုဖြစ်လာဖို့ ကြိုးစားဦးမှာပါ” ဟု၎င်းက ပြောသည်။
အဆိုပါ Music Zone မြေနေရာမှာ ယခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖဖြိုးရေးအသင်းအား ပရဟိတလုပ်ငန်းများနှင့် လူမှုအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်ရန် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ယာယီငှါးရမ်းခဲ့ပြီးနောက်ပိုင်းတွင် စီးပွါးရေးလုပ်ငန်းရှင်များအား အဆင့်ဆင့်ငှါးရမ်းခဲ့ခြင်းဖြစ်ကာ နိုင်ငံတော်ထံ အခွန်ဆောင်ခဲ့ခြင်းလည်းမရှိကြောင်း သူကရှင်းပြသည်။
Music Zone မြေနေရာ ပတ်သက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းအတွင်းရေးမှူး ဒေါက်တာကျော်စိုးအား မေးမြန်းခဲ့ရာတွင်တော့ မည်သည့် သဘောထားမှတ်ချက်မျှ ပေးစရာမရှိကြောင်း ပြောသည်။
Music Zone KTV တွင် လူပေါင်း ၁၀၀ နီးပါး COVID– 19 ကူးစပ်ခံရပြီးနောက် ပိုင်ရှင် ဦးဇော်မင်းနှင့် ဆိုင်မန်နေဂျာတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) ဖြင့် တရားစွဲဆိုခဲ့ကာ အမှုစစ်ဆေးဆဲဖြစ်သည်။
ပုံစာ ။ ။ သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းပေါ်ရှိ Music Zone Restaurant & KTV အဆောက်အဦးကို တွေ့ရစဥ်
Photo – မော်ကွန်း
#Dailynews

