ဂေထော
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၂၄ (မော်ကွန်း)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက မွန်ညီညွတ်ရေးပါတီအပါဝင် တိုင်းရင်းသားပါတီ ၄၈ ခုထံ တရားဝင်ပေးပို့လာသော နောင်အနာဂတ်မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စနှင့်ပတ်သက်၍ အကြောင်းပြန်ရန် မလိုအပ်ကြောင်း မွန်ညီညွတ်ရေးပါတီက ဆိုသည်။
နိုဝင်ဘာ ၂၂ ရက်က ပြုလုပ်သည့် ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးတွင် ယခုလို သဘောထားဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
“နိုင်ငံရေးပါတီအားလုံးကို အသိပေးနှိုးဆော်တဲ့စာပဲလို့ အဲဒီလိုမှတ်ယူတဲ့အတွက် ဒီစာအပေါ်မှာ အကြောင်းပြန်ဖို့မလိုအပ်ဘူး။ သို့သော်လည်းပဲ ဒီစာကိုကျွန်တော်တို့ က ကြိုဆိုအသိမှတ်ပြုတယ်”ဟု ၎င်းပါတီ၏တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) နိုင်လယိတမက မော်ကွန်းသို့ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အရေးနှင့်ပတ်သက်ပြီး ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။
တိုင်းရင်းသားပါတီနှင့် ဒီချုပ်၏ ရည်မှန်းချက်များတူညီသည့်အတွက် အဖွဲ့ချုပ်အနေနှင့် နောင်အနာဂတ်တွင် တိုင်းရင်းသားလူမျိုးစုများ၏ ဆန္ဒများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဖော်ပြသည်။
တိုင်းရင်းသားပါတီများအနေဖြင့်လည်း အဖွဲ့ချုပ်က ဖော်ဆောင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအရေးကို တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ဖော်ပြထားသည်။
ဒီချုပ်၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒေါက်တာမျိုးညွန့်က ကချင်ပြည်နယ်ပြည်သူ့ပါတီတစ်ခုသာ တရားဝင်အကြောင်းပြန်စာပေးပို့လာပြီး မီဒီယာကနေတစ်ဆင့် အကြောင်းပြန်ထားသော ပါတီသုံးခုရှိကြောင်း ဆိုသည်။
“အချို့ကတော့ ဒီကိစ္စမှာ ဘယ်လိုလုပ်မယ်ဆိုတာ သူတို့(တိုင်းရင်းသားပါတီ)စိတ်ထဲမှာ ဆုံးဖြတ်လို့မရသေးတဲ့အတွက် သူတို့မပြန်မိတာပါ။ကျွန်တော်တို့ကလည်း တုံ့ပြန်လာတဲ့အပေါ်မူတည်ပြီးတော့မှ ဆက်ပြီးတော့ ဆွေးနွေးဖို့ကို ကမ်းလှမ်းလိုက်တာပါ”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ လွှတ်တော်များတွင် (တိုင်းရင်သားလူမျိုးအပါဝင်) ကိုယ်စားလှယ် ၃၄ နေရာ အနိုင်ရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ် ၁၁ နေရာ အနိုင်ရရှိခဲ့သည်။
ပုံစာ – အောက်တိုဘာ ၃၁ ရက်က စမ်းချောင်းမြို့နယ်တွင် မွန်ညီညွတ်ရေးပါတီဝန်းရံသူများ စက်ဘီးစီးနင်းကြစဉ်။
ဓာတ်ပုံ – ဂေထော
#Dailynews

