အောင်ထူးနိုင်
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၀ (မော်ကွန်း)
ရွေးကောက်ပွဲကျင်းပပြီး နှစ်ရက်ကြာသည်အထိ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရား၀င်ကြေညာသည်မှာ ၁၀၀ မပြည့်သေးပေ။
ယမန်နေ့ညနေပိုင်းမှစတင်ကာ အနိုင်ရသူ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် Facebook Page မှ စတင်ကြေညာပေးလျက်ရှိရာ
ယနေ့ ညနေ ၄:၀၈ အချိန်အထိ လွှတ်တော်အသီးသီးအတွက် အနိုင်ရရှိသူလွှတ်တော်ကိုယ်စားလှယ် ၉၆ ဦးကိုသာ ကြေညာနိုင်သည်ကိုတွေ့ရသည်။
ပြည်သူ့လွှတ်တော်အတွက် တိုင်းဒေသကြီးခြောက်ခုနှင့် ပြည်နယ်သုံးခုမှ ရွေးကောက်ခံရသည့် ကိုယ်စားလှယ် ၃၃ ဦး၊ အမျိုးသားလွှတ်တော်အတွက် တိုင်းဒေသကြီးနှစ်ခုနှင့် ပြည်နယ်သုံးခုမှ ရွေးကောက်ခံရသည့်ကိုယ်စားလှယ် ၁၃ ဦးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များအတွက် တိုင်းဒေသကြီးခြောက်ခုနှင့် ပြည်နယ်လေးခုမှ ရွေးကောက်ခံကိုယ်စားလှယ် ၅၀ ဦးသာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျင်းပခဲ့သည့် မဲဆန္ဒနယ်မြေများအတွက် ကိုယ်စားလှယ်အမည်စာရင်း ၁,၁၁၇ ဦးအား ကြေညာရမည်ဖြစ်သည်။
ရွှေပြည်သာမြို့နယ်ရှိ သာသာနာ့ဗိမာန်၌ နိုဝင်ဘာ ၈ ရက် ညပိုင်း၌ မဲရေတွက်နေသည်ကို တွေ့ရစဉ်
ဓာတ်ပုံ – အောင်ထူးနိုင်
#Dailynews

