အောင်ပိုင်
ရန်ကုန် – နိုဝင်ဘာ ၉၊ ၂၀၂၀ (မော်ကွန်း)
စစ်တမ်းအရ မဲရုံများ၏ ၂၇ ရာခိုင်နှုန်းသာလျှင် မသန်စွမ်းများမဲပေးသည့်အခါ အဆင်ပြေသည်ဟု မနေ့က ကျင်းပပြီးစီးခဲ့သည့် အထွေထွေရွေးကောက်ပွဲကို နိုင်ငံတစ်ဝန်းတွင် လေ့လာစောင့်ကြည့်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE ) က ဆိုသည်။
ယနေ့ထုတ်ပြန်သည့် PACE အဖွဲ့၏ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကနဦးတွေ့ရှိချက်များ ထုတ်ပြန်ချက်တွင် ,ယင်းသို့ ဖော်ပြပါရှိခဲ့သည်။
“ ဘီးတပ်ကုလားထိုင် (Wheel Chair) နဲ့ လာတဲ့ မဲဆန္ဒရှင်ဟာ အကူအညီမပါဘဲ အလွယ်တကူ သွားလာနိုင်လား။ အဲဒါ အနိမ့်ဆုံးတိုင်းတာချက်ပါပဲ။ နောက်ဆို ကြိုတင်ပြင်ဆင်လို့ ရနိုင်အောင်ပါ” ဟု အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောသည်။
တစ်နိုင်ငံလုံးတွင် မဲရုံပေါင်း ၃၉,၀၀၀ ဝန်းကျင်ရှိပြီး PACE အဖွဲ့သည် မနေ့ကကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲနေ့တွင် မဲရုံပေါင်း ၁,၀၀၀ ခန့်ကို နိုင်ငံတစ်ဝန်းတွင် စောင့်ကြည့်ခဲ့ခြင်းဖြစ်သည်။
မသန်စွမ်းသူများမဲပေးနိုင်ရန် စီစဉ်ထားသည့် စံပြမဲရုံ ၁၆၀ ကျော်ရှိသည်ဟု မြန်မာနိုင်ငံမသန်စွမ်းသူများရှေ့ဆောင်အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဒေါ်ယုယသူက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မသန်စွမ်းမဲပေးခွင့်ရှိသူသည် ကိုးသောင်းနီးပါးရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးခဲ့သည်။
#Dailynews

