ရေဂင်
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၂၀ (မော်ကွန်း)
အဝေးပြေးယာဥ်လိုင်းများအား မည်သည့်အချိန်ကမှ ပိတ်ပင်တားဆီးခြင်း တစ်စုံတစ်ရာမရှိခဲ့သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်များနှင့်ကိုက်ညီပါက သွားလာနိုင်မည်ဖြစ်ကြောင်း YRTA အတွင်းရေးမှူး ဦးလှအောင်က ပြောသည်။
COVID ပထမလှိုင်းတုန်းကလည်း အဝေးပြေးယာဥ်လိုင်းများအပေါ် ပိတ်ပင်ခြင်း၊ ကန့်သတ်ခြင်းမပြုလုပ်ခဲ့ကြောင်း၊ လက်ရှိတွင်လည်း အချို့ယာဥ်လိုင်းအချို့မှာ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးသည့်လုပ်ငန်းအဖြစ် ဆက်လက်လည်ပတ်နေကြောင်း ဦးလှအောင်ကပြောသည်။
“သက်ဆိုင်ရာ ကျန်းမာရေးဌာနကထုတ်ပြန်တဲ့ စည်းကမ်းတွေအတိုင်းသွားမယ်ဆိုရင် သွားလို့ရပါတယ်။ အခု အဝေးပြေးယာဥ်လိုင်းတွေ ပိတ်ထားရတာကလည်း ခရီးသည် မရလို့ပဲ ဖြစ်ပါလိမ့်မယ်” ဟု ဦးလှအောင်က ပြောသည်။
ရန်ကုန်မှ မန္တလေးသို့ ကိုယ်ပိုင်ယာဥ်ဖြင့် ခရီးသည် ပို့ဆောင်ပေးနေသည့် ကိုပြည့်စုံက လက်ရှိတွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများနှင့် ရာထူးအရွှေ့အပြောင်းရှိသည့် အစိုးရဝန်ထမ်းအချို့သာ နယ်ဝေးခရီးသွားလာမှုရှိကြောင်း၊ ထိုသို့ ခရီးသွားသူ အရေအတွက်မှာလည်း အလွန်းနည်းပါးသည့်အတွက် အဝေးပြေးယာဥ်လိုင်းများ တွက်ခြေကိုက်မည်မဟုတ်ကြောင်း ပြောသည်။
“ရန်ကုန်ကနေ လူရပေမယ့် ရန်ကုန်ပြန်လာရင် လူမရတာတွေလည်းရှိတယ်” ဟု ကိုပြည့်စုံက ပြောသည်။
လတ်တလောတွင် ရန်ကုန်မန္တလေး ခရီးစဥ်တစ်ခုအတွက် လူတစ်ဦးလျှင် အနိမ့်ဆုံး ၄၀,၀၀၀ ကျပ်မှ ၆၀,၀၀၀ ကျပ်အထိ ကုန်ကျမည်ဖြစ်ပြီး လမ်းခရီးတွင် စစ်ဆေးရေးဂိတ်များ၌ ကျန်းမာရေး ထောက်ခံချက်များကြောင့် အငြင်းပွားဖွယ် တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ခရီးသည်၏တာဝန်သာဖြစ်ကြောင်းကိုလည်း ကိုပြည့်စုံက ရှင်းပြသည်။
ပြီးခဲ့သည့်ဧပြီလအတွင်းကလည်း အဝေးပြေးယာဥ်လိုင်းများ ပြေးဆွဲမှုလုံးဝရပ်နားထားခဲ့ရပြီးနောက် ခရီးသည်ထိုင်ခုံနှစ်ခုလျှင် တစ်ဦးနှုန်းဖြင့် ပြန်လည်ပြေးဆွဲခဲ့ကြရသည်။ စက်တင်ဘာမှစတင်၍ ခရီးသည်ယာဥ်ပြေးဆွဲမှုများ ပြန်လည်ရပ်တန့်သွားခဲ့ရပြီး အချို့ခရီးသည်တင် အဝေပြေး ယာဥ်လိုင်းများမှာ ကုန်စည်သယ်သူပို့ဆောင်သည့် လုပ်ငန်းများ ပြောင်းလဲလုပ်ကိုင်နေရသည်။
ပုံစာ။ ။ covid ဒုတိယလိုင်းမဝင်မီ အောင်မင်္ဂလာ အဝေးပြေးဝင်း
ပုံ ။ ။ရေဂင်
#Dailynews

