ဂေထော
ရန်ကုန် – ၂၀၂ အောက်တိုဘာ ၁၇ (မော်ကွန်း)
ရခိုင်ပြည်နယ်၌ တိုက်ပွဲမရှိခဲ့သည့် ပေါက်တောမြို့နယ်တစ်ခုလုံးနှင့် အခြားသောမြို့နယ်များရှိ ရပ်ကွက်၊ကျေးရွာအုပ်စုများ၌ ရွေးကောက်ပွဲမပြုလုပ်ခြင်းသည် တရားမျှတမှုမရှိသည့် လုပ်ရပ်ဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီက ဆိုသည်။
ယမန့်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ရခိုင်၊မွန်၊ရှမ်း၊ကရင်၊ကချင်နှင့် ပဲခူးတိုင်းဒေသများ၌ ရွေးကောက်ပွဲမပြုလုပ်နိုင်သည့် နယ်မြေများကို ထုတ်ပြန်ကြေညာခဲ့သည်။
“ဘယ်လိုမှလုပ်လို့မရတဲ့နေရာမှာကန့်သတ်တယ်ဆိုတာ ကျွန်တော်တို့လက်ခံတယ်။ဒါပေမဲ့ တိုက်ပွဲရှိနေတဲ့ ပလက်ဝမြို့နယ်တွေကမတည်ငြိမ်တဲ့နေရာတွေမှာ ရွေးကောက်ပွဲကျင်းပပေးပြီးတော့ ကျည်တစ်ထောင့်မှ တိုက်ပွဲမရှိခဲ့တဲ့ ဘယ်တုန်းကမှလည်း တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ ပေါက်တောမြို့နယ်တစ်ခုလုံးကို ချန်လှပ်ပစ်ခဲ့တာကတော့ တော်တော်ကြီး တရားမျှတမှုမရှိတဲ့လုပ်ရပ်လို့မြင်တယ်”ဟု ရခိုင်အမျိုးသားပါတီ၏ ပါတီနိုင်ငံရေးမူဝါဒဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောသည်။
အချို့သောမြို့နယ်များ၏နယ်မြေအားလုံး၌ တိုက်ပွဲဖြစ်ပွားခြင်းမဟုတ်သည့်အတွက် အေးချမ်းမှုရှိသည့် ရပ်ကွက်၊ကျေးရွာအုပ်စုများကို မကျင်းပဘဲဖယ်ရှားခြင်းသည် ပြည်သူများ၏ မဲပေးပိုင်ခွင့် နစ်နာကြောင်း သူကဆိုသည်။
ရခိုင်ပြည်နယ်ရှိ မြို့နယ်တစ်ခုလုံး၌ ရွေးကောက်ပွဲမကျင်းပမည့် နယ်မြေများမှာ ပေါက်တော၊ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ဘူးသီးတောင်၊မောင်တော၊ကျောက်တော်၊မင်းပြား၊မြေပုံနှင့် မြောက်ဦးမြို့နယ်တို့ဖြစ်သည်။
ကျန်ရှိသည့် ကျောက်ဖြူ၊အမ်း၊စစ်တွေနှင့် တောင်ကုတ်မြို့နယ်များရှိ ရပ်ကွက်၊ကျေးရွာအုပ်စု ၁၅၂ ခုတို့မှာလည်း ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။
ရွေးကောက်ပွဲမကျင်းပဖြစ်သည့် ယင်းမြို့နယ်များသည် ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ၌ ရခိုင်အမျိုးသားပါတီ အများဆုံး ယှဉ်ပြိုင်အနိုင်ရခဲ့သည့် မြို့နယ်များဖြစ်သည်။
မြို့နယ် ၁၇ ခုရှိသည့် ရခိုင်ပြည်နယ်တွင် မြို့နယ် ထက်ဝက်မျှသာ ရွေးကောက်ကျင်းပွဲကျင်းပနိုင်မည်ဖြစ်သည်။
လက်နက်ကိုင်ပဋိပက္ခများကြောင့် အပြစ်မဲ့ပြည်သူများသေဆုံးခြင်း၊ နေအိမ်များမီးရှို့ဖျက်ဆီးခံရခြင်း ၊လုယက်ဖျက်ဆီးခံရခြင်းနှင့်အင်တာနက်ပိတ်ခံရခြင်းများ ကြုံတွေ့ရသည့် ရခိုင်ပြည်နယ်သည် အခြားသောတိုင်းနှင့်ပြည်နယ်ရှိ ပြည်သူများနည်းတူ မဲပေးခွင့်မရရှိသည့်အတွက် ခွဲခြားဆက်ဆံခံရသည်ဟု ဦးထွန်းအောင်ကျော်ကမှတ်ချက်ပြုသည်။
ပုံစာ – အောက်တိုဘာ ဒုတိယအပတ်တွင်းက ဘူးသီးတောင်မြို့နယ်တွင် ပြုလုပ်သည့် ရခိုင်အမျိုးသားပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးလှုပ်ရှားမှုမြင်ကွင်း။
ဓာတ်ပုံ – ရခိုင်အမျိုးသားပါတီ ဗဟိုအောင်နိုင်ရေးကော်မတီ
#Dailynews

