စည်သူ
ရန်ကုန် – အောက်တိုဘာ ၁၅(မော်ကွန်း)
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့မှာ COVID-19 ပိုးတွေ့လူနာ ယနေ့ ပထမဆုံးတွေ့ရှိခဲ့တယ်လို့ တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်နိုင်ဝင်းက မော်ကွန်းကိုပြောပါတယ်။
” သူက အနံ့မရလို့ ဆေးရုံ ကိုလာပြတယ်။အ ဲ့ဒီအချိန်မှာ ဆရာဝန်ကြီးက Test Kit စစ်လိုက်တဲ့ အချိန်မှာ Positiveပြတာပေါ့။ အခု မိသားစုဝင်တွေရော Quarantine ထည့်နေပြီး သူနဲ့ ထိတွေ့တဲ့လူတွေကိုလည်း ဆရာဝန်ကြီးက အုပ်ချုပ်ရေးပိုင်းနဲ့ချိတ်ပြီး တိုက်ရိုက်လိုက်နေပါတယ်”လို့ သူက ပြောပါတယ်။
COVID-19 ကူးစက်ခံရသူဖြစ်တဲ့ အမျိုးသားဟာ အိန္ဒိယနိုင်ငံက ကုန်ပစ္စည်းတွေကိုဝယ်ယူပြီး တမူးမြို့မှာ အရောင်းအဝယ်ပြုလုပ်နေသူ ဖြစ်ပါတယ်။
COVID-19 ကူးစက်ခံရတဲ့ ၂၃ နှစ်အရွယ် အမျိုးသားက “ကျွန်တော်က ဟိုဘက်ခြမ်းကို မရောက်ဘူး၊ နယ်စပ်ကိုသွားပြီး ပိုက်ဆံလက်လွှဲတာပါ။ ကိုယ်က ပစ္စည်းယူထားတယ်ဆိုတော့ ပိုက်ဆံပေးရမယ်ဆိုတော့ သွားပေးတာပေါ့နော်။ Maskတပ်တယ်၊ လက်သန့်ဆေးရည်လည်းသုံးတယ်၊ အခုကျန်းမာရေး အခြေအနေကတော့ ကောင်းပါတယ်”လို့ မော်ကွန်းကို ပြောပါတယ်။
အိန္ဒိယနိူင်ငံမှာ COVID-19 ကူးစက်မှုမြင့်မားနေတာကြောင့် မြန်မာ-အိန္ဒိယနယ်စပ် တမူး-မိုးရေး ဝင်ထွက်ဂိတ်ကို အစိုးရက ဧပြီ ၁၄ ရက်ကတည်းကပိတ်ထားပေမဲ့ ခိုးဝင်သွားလာနေသူတွေရှိတယ်လို့ ဦးနိုင်နိုင်ဝင်းက ပြောပါတယ်။
“အဓိကတော့ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင် လုံးဝမသွားစေချင်ဘူး။ ဒါပေမဲ့ ဒီဒေသမှာက စီးပွားရေးပတ်သက်ပြီး အဆင်မပြေကြတော့ ဒီလိုပဲ အိန္ဒိယနိုင်ငံနဲ့ လုပ်စားရတဲ့သူဆိုတော့ ရောဂါကိုကြောက်တာတော့ မှန်တယ်။ တစ်ဖက်ကလည်း စားဝတ်နေရေးရှိတော့ ခိုးသွားကြတာရှိတယ်”လို့ သူကပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ COVID -19 ရောဂါအတည်ပြုလူနာ ၃၁,၃၂၅ ဦး၊ သေဆုံးသူ ၇၃၂ ဦးနှင့်ပြန်လည်သက်သာလာသူ ၁၃,၈၆၆ ဦးရှိပြီး ဖြစ်ပါတယ်။
ပုံစာ- အိန္ဒိယ-မြန်မာ နယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ မုဒ်ဦးဆိုင်းဘုတ်
Photo:Arun
#Dailynews

