အောင်ပိုင်
ရန်ကုန် – ၂၀၂၀ အောက်တိုဘာ ၈ (မော်ကွန်း)
ယခုနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာနကို အသုံးစရိတ် ကျပ်ဘီလီယံ ၃,၄၀၀ ကျော် ခွင့်ပြု ထားသည်ဟု ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေ အချက်အလက်များတွင် ဖော်ပြသည်။
ယင်းပမာဏသည် COVID-19 ကပ်ရောဂါဘေးတိုက်ဖျက်နေသည့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနထက် ကာကွယ်ရေးဝန်ကြီးဌာနက ကျပ်ဘီလီယံ ၂,၀၀၀ ပိုမိုရရှိခဲ့ခြင်းလည်း ဖြစ်သည်။
ယခုလ ၁ ရက်တွင် စတင်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးဝန်ကြီးဌာန အသုံးစရိတ်သည် ကျပ်ဘီလီယံ ၃,၄၀၀ ကျော် (၃,၄၁၄,၁၅၆.၁၉၇ သန်း ) ဖြစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကျပ်ဘီလီယံ ၁,၄၀၀ ကျော် (ကျပ် ၁,၄၂၈, ၅၁၇.၁၂၇ သန်း)ရရှိသည်ဟု ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေတွင် ဖော်ပြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက “တပ်မတော်သားတွေရဲ့ လစာတိုးတာ၊ နေ့တွက်စရိတ်တိုးတာတွေကြောင့် ကာကွယ်ရေးက ပိုများသွားတာလည်း ဖြစ်ပါတယ်” ဟု အသုံးစရိတ်ခွင့်ပြုမှုအပေါ်ရှင်းပြသည်။
ယခုနှစ်အတွက် ဝန်ကြီးဌာနအားလုံး၏ အသုံးစရိတ်ကို ကျပ်ဘီလီယံ ၁၇,၀၀၀ ကျော် ခွင့်ပြုထားပြီး ကာကွယ်ရေးဝန်ကြီးဌာနက စုစုပေါင်းအသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်းကို ရရှိခဲ့ခြင်းဖြစ်သည်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက စုစုပေါင်းအသုံးစရိတ်၏ ရှစ်ရာခိုင်နှုန်းကို ရရှိခဲ့သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လက်ထောက်အမြဲတမ်းအတွင်းဝန် ဒေါက်တာသန့်စင်ထူးက COVID-19 အတွက် အသုံးစရိတ်သည် ပြည်ထောင်စုက ဝန်ကြီးဌာနကို သတ်မှတ်ပေးလိုက်သည့် ဘတ်ဂျက်အပြင် ပြည်တွင်း၊ ပြည်ပ အကူအညီငွေနှင့်အလှူငွေများ၊ ဝန်ကြီးဌာနအသီးသီးမှ ပြန်အပ်ငွေများနှင့်ပါ လည်ပတ်နေသည်ဟု ရှင်းပြသည်။
“ဒီနှစ်ဘတ်ဂျက်ငွေကို ခွဲတမ်းလုပ်နေတယ်။ အများဆုံးကို COVID အတွက် အသုံးပြုရလိမ့်မယ် ထင်ပါတယ်” ဟု ၎င်းက ပြောသည်။
ပြည်သူ့ဘဏ္ဍာသုံးစွဲမှု ပွင့်လင်းမြင်သာရေး ဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့ CAfT၏ ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းက ယခုအချိန်သည် ကာကွယ်ရေးအသုံးစရိတ်ထက် ကိုဗစ်ကပ်ရောဂါနှင့်အတူ နောက် ဆက်တွဲဖြစ်ပေါ်လာမည့် ိုးကျိုးများလျှော့ချရန် အသုံးစရိတ်ပိုမိုလိုအပ်သည်ဟု အကြံပြုသည်။
“ခုဒီဘတ်ဂျတ်ခွဲတမ်းကို ကြည့်ခြင်းအားဖြင့် အာဏာရှိသူတွေက ဘယ်ကဏ္ဍကို အလေးသာနေလည်း ဆိုတာ မြင်ရပါတယ်။ ခုချိန်ထိလည်း ရခိုင်ဒေသ၊ တိုင်းရင်းသားဒေသတွေမှာ အပြစ်မဲ့ပြည်သူတွေက စစ်ဘေးကြောင့် သေကျေပျက်စီးနေကြတုန်းပဲ” ဟု ၎င်းက ပြောသည်။
ယခုနှစ်သည် လက်ရှိအစိုးရ၏ ငါးနှစ်သက်တမ်းအုပ်ချုပ်မှု နောက်ဆုံးနှစ်ဖြစ်ပြီး လာမည့် နိုဝင်ဘာလ ၈ ရက်တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းက ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အခြေစိုက် အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အား တွေ့ရစဉ်။
ဓါတ်ပုံ – ကောင်းထက်စံ
#Dailynews

