“ ရွေးကောက်ပွဲ ရွှေ့တယ်ဆိုတာလည်း လွယ်လွယ်ကူကူ ကိစ္စမဟုတ်ပါဘူး။ တစ်ပြည်လုံးနဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေ အားလုံး ညှိပြီး လုပ်ရတဲ့ကိစ္စ ဖြစ်ပါတယ်”

“ ရွေးကောက်ပွဲ ရွှေ့တယ်ဆိုတာလည်း လွယ်လွယ်ကူကူ ကိစ္စမဟုတ်ပါဘူး။ တစ်ပြည်လုံးနဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေ အားလုံး ညှိပြီး လုပ်ရတဲ့ကိစ္စ ဖြစ်ပါတယ်”

ဦးသန်းစိုးနိုင်၊ နိုင်ငံရေးလေ့လာသုံးသပ်သူ။

ဆယ်စုနှစ်များစွာ စစ်တပ်အုပ်ချုပ်ခဲ့ရာမှ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကာ ပါတီစုံရွေးကောက်ပွဲများ ကျင်းပ၍ ပြည်သူ့ အုပ်ချုပ်မှုစနစ်ကို နိုင်ငံတွင် ဖော်ဆောင်လာသည်မှာ ဆယ်စုနှစ်တစ်ခုတိုင်ခဲ့ပါပြီ။ အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ် ကျင်းပခဲ့ပြီ ဖြစ်ပါသည်။ ဒုတိယတစ်ကြိမ်၊ ၂၀၁၅ ရွေးကောက်ပွဲတွင် အများပြည်သူ လိုလားသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အနိုင်ရခဲ့၏။ ယခုတစ်ဖန် တတိယတစ်ကြိမ် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့် ကာလသို့ ရောက်ခဲ့ ပြန်ပါပြီ။ သို့ရာတွင် ပြည်သူ့အစိုးရဟု ကြွေးကြော်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လက်ထက်တွင် ကျင်းပမည့် ယခု ရွေးကောက်ပွဲတွင် ညံလာသည့်အသံတစ်ခုရှိပါသည်။

ယင်းမှာ နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲမဲဆွယ်မိန့်ခွန်းများကို ရွေးကောက်ပွဲကော်မရှင်က ဖြတ်တောက်ပိတ်ဆို့နေခြင်း ဖြစ်ပါသည်။ ယင်းလုပ်ရပ်များအပေါ် နိုင်ငံရေးပါတီတစ်ချို့က သပိတ်မှောက်သလို တစ်ချို့က နှုတ်ဆိတ်နေခဲ့ကြပါသည်။ လေ့လာသူတစ်ချို့ကတော့ ယင်းသည် ကော်မရှင်၏ မမျှမတဘတ်လိုက်မှုဟု ကင်ပွန်းတပ်ကြသည်။ ရွေးကောက်ပွဲ ကော်မရှင်က နိုင်ငံရေးပါတီများ၏ မဲဆွယ်မိန့်ခွန်းများကို တည်းဖြတ်ပြင်ဆင်မှုတွေကြောင့် ဒီမိုကရေစီနိုင်ငံရေးစနစ် ၏ အနှစ်သာရနှင့် နိုင်ငံရေးဆိုင်ရာအလားအလာတွေအကြောင်းကို ပါတီနိုင်ငံရေးတွင် မပါဝင်သည့် နိုင်ငံရေးလေ့လာ စောင့်ကြည့်သူတစ်ချို့ကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားသည်များထဲမှ ကောက်နှုတ်ဖော်ပြအပ်ပါသည်။

ဂေထောမေးသည်။

မော်ကွန်း။ ။ အရပ်သားအစိုးရအုပ်ချုပ်တဲ့ ကာလရောက်လာတာတောင်မှ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မိန့်ခွန်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က ဆင်ဆာလုပ်နေတယ်။ ဦးကိုကိုကြီးတို့ရဲ့ ပြည်သူ့ပါတီထုတ်ပြန်ချက်အရဆိုရင် ကော်မရှင်က မူလကန့်သတ်ထားတဲ့အချက်တွေနဲ့ လွတ်ကင်းအောင်ရေးထားတာတောင်မှ ဆင်ဆာထပ်အလုပ်ခံရတဲ့သဘောမျိုး ရှိတာ ပေါ့လေ။ ဒီလိုဖြစ်ရပ်တွေက လွတ်လပ်တဲ့ ရွေးကောက်ပွဲတွေရဲ့ တန်ဖိုးအပေါ် ဘယ်လိုသက်ရောက်မှု ရှိပါသလဲ။

ဦးသန်စိုးနိုင်။ ။ အဲဒါတွေက တစ်စုံတစ်ရာ ဂယက်ရိုက်မှုတော့ ရှိပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စတွေကို ဖြေရှင်းဖို့ ဆိုတာက ‌ရွေးကောက်ပွဲကော်မရှင်ကတော့ သူတို့ပြဌာန်းထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ ကိုက်ညီအောင် စဉ်းစား ဆုံးဖြတ်တာပေါ့လေ။ အဲဒါတွေနဲ့ပတ်သက်လို့ သဘောမတူဘူးဆိုလို့ရှိရင် ဆုံးဖြတ်ပေးနိုင်တဲ့ အဖွဲ့အစည်းလည်း မရှိဘူး။ မကျေနပ်ရင် ရွေးကောက်ပွဲကော်မရှင်ကိုတင်ပြ။ တခြားတင်ပြစရာလည်းမရှိဘူး။ အဲဒီတည်းဖြတ်တာမှန်သလား၊ မှားသလား။ နောက်ပြီးတော့ ဒီဟာတွေက စည်းမျဉ်းနဲ့ကိုက်သလား၊ မကိုက်ဘူးလား။ တရားဥပဒေနဲ့ညီသလား၊ မညီဘူး လားဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံရေးပါတီတွေအနေနဲ့ ပြောဆိုခွင့်မရှိတဲ့အတွက် သူတို့က မကျေမနပ်ဖြစ်ကြတာ။

အမှန်က‌တော့ ဒါတွေက အရင်တုန်းက ရွေးကောက်ပွဲကော်မရှင်က လုပ်ခဲ့သလို‌ပေါ့ဗျာ။ သူတို့အနေနဲ့ ဒီဟာတွေကို လုပ်ချင်တယ်ဆိုရင် သက်ဆိုင်ရာပါတီတွေကိုခေါ်ပြီး ဆွေးနွေးပြီးတော့ သဘောထားနဲ့အမြင်တွေကို တွေ့ဆုံပြီး ညှိနှိုင်း ဖြေရှင်းလိုက်မယ်ဆိုရင် သက်ဆိုင်ရာပါတီတွေက ကျေကျေလည်လည်ရှိမှာပါ။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘဲနဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ သဘောထားနဲ့ ဖြုတ်ချလိုက်တဲ့အခါကျတော့၊ ဒါကတော့ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ဘူးလို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။

အဓိကအားဖြင့် လုပ်နည်းကိုင်နည်းနဲ့ ပတ်သက်လို့ ‌ရွေးကောက်ပွဲကော်မရှင်အနေနဲ့ တော်တော်အားနည်းတယ်လို့ ပြောရမှာဖြစ်တယ်။ လွတ်လပ်တဲ့‌ရွေးကောက်ပွဲ၊ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့ဆိုတဲ့ ကိစ္စက အဲဒါဟာ သိပ်အများကြီး တော့ မထိခိုက်ပါဘူး။

မော်ကွန်း။ ။ တစ်ချို့ဖြတ်တောက်ခံရတဲ့ စကားစုတွေဟာ ၂၀၁၅ ကော်မရှင်ကတောင် ခွင့်ပြုခဲ့တဲ့ အသုံးအနှုန်းတွေလို့ အဖြတ်ခံရတဲ့ ပါတီတစ်ချို့က ပြောကြတယ်။ ကော်မရှင်အနေနဲ့ ဒီလိုအပြုအမူတွေလုပ်တဲ့အပေါ် ဘယ်လိုမြင်သလဲ။

ဦးသန်းစိုးနိုင်။ ။ ၂၀၁၅ ရွေးကောက်ပွဲကော်မရှင်တုန်းကတော့ အဲဒီလိုကိစ္စတွေ ရှိလာရင် သက်ဆိုင်ရာပါတီတွေကို ခေါ်ပြီး ဆွေးနွေးတယ်၊ ညှိနှိုင်းတယ်၊ သဘောထားမေးတယ်။ ပြီးတော့ နှစ်ဖက်ကျေကျေလည်လည်ပေါ့ဗျာ။ သက်ဆိုင်ရာ ပါတီကလည်း ကျေနပ်ပါတယ်။ ကော်မရှင်ကလည်း လက်ခံသွားတယ်။ ပြေလည်သွားတာပေါ့။ အဲဒီလိုလုပ်နည်းမျိုးကို အခုလက်ရှိ ကော်မရှင်က မလုပ်တဲ့အတွက် အခုပြဿနာတွေ ရှုပ်ထွေးလာတာလို့ ကျွန်တော်ပြောချင်တယ်။ အဲဒီလို ဖြေရှင်းလို့ရှိရင် ပြေလည်နိုင်တဲ့ကိစ္စဖြစ်တယ်လို့ ကျွန်တော်‌ပြောချင်တာပါ။

မော်ကွန်း။ ။ အာဏာရပါတီက ဖွဲ့စည်းပေးခဲ့တဲ့ ကော်မရှင်တစ်ရပ်အနေနဲ့ ဒီလိုဆင်ဆာတွေလုပ်နေတာဟာ လွတ်လပ် တရားမျှတမှုရှိရမယ့် ဒီမိုကရေစီရွေးကောက်ပွဲစံနှုန်းတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေသလဲ။

ဦးသန်းစိုးနိုင်။ ။ အဲဒါကလည်း အခုနကလို အာဏာရပါတီကနေ ခန့်အပ်ထားတဲ့ကော်မရှင်ဖြစ်တယ်ဆိုတာကတော့ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားတဲ့ အခွင့်အာဏာအရ လုပ်တာပေါ့ဗျာ။ အဲဒီလို အခွင့်အာဏာအရ လုပ်တာ ဖြစ်တဲ့အတွက် ဒီဟာနဲ့ပတ်သက်လို့ ဒါဟာဒီမိုကရေစီနည်းမကျဘူးလို့ပြောလို့ အဆင်မပြေနိုင်ပါဘူး။ အဲဒါက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုပဲသွားပြီး ရည်ညွန်းရမှာပေါ့။

ဆိုလိုတာကတော့ ဒါကလွတ်လပ်တဲ့ကော်မရှင်၊ ပြည်သူတွေရဲ့ဆန္ဒနဲ့ အရပ်သားတွေ၊ နိုင်ငံရေး၊ တခြားအုပ်ချုပ်ရေးနဲ့ ကင်းရှင်းတယ်၊ဘာညာပေါ့။ အချက်အလက်တွေပါရင်တော့ ဟုတ်တာပေါ့ဗျာ။ အဲဒါတွေမပါတဲ့အခါကျတော့ ဒါက ရွေးကောက်ခံတဲ့ အစိုးရကနေပြီးတော့ ရွေးချယ်လိုက်တာပေါ့လေ။ အဲဒီအပေါ်မှာ ပြုပြင်တဲ့အမြင်နဲ့ဆိုရင် တော့ ‌ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်တဲ့ ဖွဲ့စည်းပုံဥပဒေကပြဌာန်းထားတဲ့ ဥပဒေကိုပြင်ဆင်ဖြည့်ဆည်းဖို့ပဲ လိုအပ် ပါတယ်။ ဒီအချိန်မှာ အစိုးရက ခန့်အပ်ထားတဲ့အတွက် ဒီမိုကရေစီနဲ့ မညီဘူးဆိုတာ ပြောရတာခက်တာပေါ့။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီအရ ပြည့်စုံတဲ့ ဖွဲ့စည်းပုံမှ မဟုတ်ဘဲကိုး။

မော်ကွန်း။ ။ အောက်တိုဘာလကုန်အထိ COVID-19 ဆိုင်ရာ ကန့်သတ်ချက်တွေကို အစိုးရက တိုးမြှင့်လိုက်ပါပြီ။ ဒါအပြင် ရန်ကုန်နဲ့ ရခိုင်ဟာလည်း Stay Home အမိန့်အောက်မှာ ဆက်ရှိနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရွေးကောက်ပွဲကို သတ်မှတ်ကာလအတိုင်းဆက်ကျင်းပဖို့ ကော်မရှင်က ပြင်ဆင်နေတဲ့အပေါ် ဘာများမှတ်ချက်ပြုချင်ပါသလဲ။

ဦးသန်းစိုးနိုင်။ ။ အဲဒါနဲ့ပတ်သက်လို့ အခုက COVID ကာလအတွင်းမှာ ကမ္ဘာမှာလည်း ရွေးကောက်ပွဲလုပ်တဲ့နိုင်ငံ သုံး နိုင်ငံလောက် ရှိပါတယ်။ ရွေးကောက်ပွဲအတွက် COVID က အကန့်အသတ်ဖြစ်တယ်ဆိုတာလည်း အာဏာရပါတီ တစ်ခုတည်းမဟုတ်ဘူး။ ပါတီအားလုံးလည်း အဲဒီလိုမျှပြီး ခံကြတာကိုး။ ဒါပေမဲ့ ရွေးကောက်ပွဲကျင်းပပြီးတော့ ၂၀၂၁ ခုနှစ်အဝင်မှာ အစိုးရအသစ်၊ လွှတ်တော်အသစ်ဖွဲ့စည်းဖို့ လိုအပ်တဲ့အချိန်ကလည်း ရှိသေးတာကိုး။ အဲဒီအခါကျ‌တော့ ဖြစ်နိုင်ရင်တော့ ဒီအစီအစဉ်အတိုင်း ရွေးကောက်ပွဲကျင်းပသင့်တယ်။ သို့သော်ငြားလည်း ရန်ကုန်တိုင်းမှာ အခုလို အရှိန်အဟုန်မြင့်နေတဲ့ COVID ကိစ္စကို အောက်တိုဘာလအတွင်းမှာ မလျှော့နိုင်ဘူး၊ မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ သုံးလတန်၊ နှစ်လတန် ပြောင်းမယ့် အခြေအနေတစ်ခု ရောက်လာနိုင်တယ်။ ရွှေ့ပြောင်းလိမ့်မယ်လို့ ထင်ပါတယ်။ လက်ရှိအခြေအနေအရ ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနကလည်း ရွေးကောက်ပွဲမကျင်းပနဲ့၊ ရွှေ့ပေးသင့်တယ် ဆိုတာ မပြောသေးဘူးလေ။ အဲဒါတွေလာရင်တော့ ရွှေ့ရမှာပေါ့။ ရွှေ့တယ်ဆိုတာကလည်း ကြေညာချက်ထုတ်ပြီး ရက်ပြောင်းလိုက်ရုံပါပဲ။ ကျန်တဲ့အစီစဉ်တွေအားလုံးက ရှိပြီးသားပဲ။ သိပ်မခက်ပါဘူး။

မော်ကွန်း။ ။ ရွေးကောက်ပွဲကို တကယ်လို့ ရွှေ့မယ်ဆိုရင် အချိန်ကာလအနေနဲ့ဆို ဘယ်လောက်အထိ ရွှေ့လို့ရနိုင်မလဲ။

ဦးသန်းစိုးနိုင်။ အချိန်ကာလကတော့ နှစ်လ၊သုံးလ ထက်ပိုပြီး မ‌ရွှေ့သင့်ဘူး။ ဘာလို့လဲဆို ဖေဖော်ဝါရီလမှာ အာဏာ လွှဲပြောင်းတဲ့ကိစ္စ လုပ်ရမှာလေ။ အဲဒီအခါကျတော့ ကျွန်တော်တို့ကျန်တာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ။ သုံးလထဲ ကျန်တာပေါ့။ အဲဒီထက်နောက်ကျလို့ရှိရင်တော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ချိုးဖောက်ရာ ရောက်သွားနိုင်တယ်။ အဲဒီလိုဆို ဒီပြဿနာ အတော်လေးကြီးသွားပြီ။ ဒါကြောင့်မို့ ရွေးကောက်ပွဲ ရွှေ့တယ်ဆိုတာလည်း လွယ်လွယ်ကူကူ ကိစ္စမဟုတ်ပါဘူး။ တစ်ပြည်လုံးနဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေ အားလုံးညှိပြီး လုပ်ရတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့်မို့ COVID ကို ထိန်းချုပ်နိုင်တဲ့ အနေအထားရှိပြီး ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အနေထားရှိရင် ကျင်းပလိမ့်မယ်။ ထိန်းချုပ်နိုင်တဲ့ အနေထားမရှိဘူးဆိုရင် တစ်လ၊ နှစ်လလောက်ပဲ ရွှေ့သင့်တယ်။ အဲဒီထက် ပိုပြီးတော့ မရွှေ့သင့်ဘူးလို့ ကျွန်တော်မြင်ပါတယ်။


#Interview

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."