စည်သူ
ရန်ကုန် -၂၀၂၀ အောက်တိုဘာ ၂ ( မော်ကွန်း)
ပြည်ပနိုင်ငံအသီးသီးနဲ့ ပင်လင်ပြင်မှာ စာချုပ်သက်တမ်းကုန်ဆုံးပြီး ပိတ်မိနေကြတဲ့ မြန်မာသင်္ဘောသား ၅,၀၀၀ ကျော်ရှိတဲ့ထဲက ၃၄၀ ကျော်ဟာ အစိုးရရဲ့ စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်နဲ့ အောက်တိုဘာလအတွင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိမှာဖြစ်တယ်လို့ Sea Rangers အလုပ်အမှုဆောင်အဖွဲ့ဝင် ကပ္ပတိန် ဦးစိန်တန်အောင်က မော်ကွန်းကို ပြောပါတယ်။
စင်ကာပူမှာ ပိတ်မိနေတဲ့ သင်္ဘောသား ၉၀ကျော်ကို အောက်တိုဘာ ၈ရက်နဲ့ ကိုရီးယားမှာပိတ်မိနေကြတဲ့ သင်္ဘောသား ၂၅၀ကျော်ကို အောက်တိုဘာ ၁၂ရက်နဲ့ ၂၄ ရက်တို့မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) ကယ်ဆယ်ရေးလေယာဉ်နဲ့ ခေါ်ယူမှာ ဖြစ်ပါတယ်။
“ ကိုရီးယားမှာဆို ၈ လပိုင်းကတည်းက ပိတ်မိနေတဲ့လူတွေရှိတယ်။ အခုချိန်ထိလည်း စာရင်းထဲ မပါသေးဘူး။ အလကားသက်သက် နိုင်ငံခြားမှာ စရိတ်တွေကုန်တယ်။ ကိုယ်ရှာထားတာတွေ သူများနိုင်ငံတွေရဲ့ ဟိုတယ်တွေမှာ ပိုက်ဆံပေးနေရပြီး အကျိုးမရှိတဲ့ အလာဟသ ကုန်ဆုံးမှုတွေဖြစ်ပြီးတော့ မိသားစုတွေမှာ လည်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိတယ်။ ဒီဘက်မှာလည်း သူတို့ မိသားစုဝင်တွေကို မျှော်နေကြတာတွေရှိတယ်လို့” ပိတ်မိနေတဲ့သင်္ဘောသားတွေရဲ့ အခက်အခဲကို ဦးစိန်တန်အောင်ကမော်ကွန်းကို ပြောပါတယ်။
နိုင်ငံခြားမှာ ပိတ်မိနေကြတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်နဲ့ ခေါ်ယူနေတဲ့အထဲမှာ သင်္ဘောသားအချိုးအစားရတဲ့ ရာခိုင်နှုန်းက နည်းတဲ့အတွက် သီးသန့်စင်းလုံးငှားလေယာဉ်နဲ့ နောက်ထပ်ခေါ်ယူပေးဖို့ အစိုးရကို Sea Rangers အဖွဲ့က တင်ပြထားပါတယ်။
အစိုးရအနေနဲ့လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ Sea Rangers အဖွဲ့က ပြန်ရောက်လာမယ့် သင်္ဘောသားတွေကို Quarantine ထားရှိမဲ့ နေရာတွေကို စီစဉ်ထားတယ်လို့ သူက ပြောပါတယ်။
နိုင်ငံတကာလေကြောင်းလိုင်းတွေ ပိတ်ထားတဲ့ အချိန်မှာ အစိုးရအကူအညီနဲ့ ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားဦးရေ ၁၇,၀၀၀နီးပါး ခေါ်ဆောင်ပြီးပြီးလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၅ရက်က သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာလ ၁၀ရက်နေ့က ကိုရီးယားကနေ အစိုးရကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လာခဲ့ကြသည့် မြန်မာသဘော်သားများ
Photo : Myanmar Embassy,Seoul
#Dailynews

