စည်သူ
ရန်ကုန် ၂၀၂၀ – စက်တင်ဘာ ၂၆ (မော်ကွန်း)
ရန်ကုန်မှာ COVID-19 ကူးစက်မှုမြင့်တက်နေချိန်တွင် တိုင်းတရားလွှတ်တော်က အမှု ၇၈ မှုကို အွန်လိုင်းအသုံးပြုကာ ပထမဆုံးအကြိမ်အဖြစ် တရားစီရင်ခဲ့တယ်လို့ တိုင်းတရားရေးဦးစီးမှူး ဦးကျော်စွာငြိမ်းက ပြောပါတယ်။
“ဒီလိုအမှတ်ချလိုက်တာဟာ ရုံးမှာလည်း အမှု ကြန့်ကြာမှုတွေ လျော့သွားနိုင်တယ်။ တစ်ချို့လူတွေက ဒီအမှု အမိန့်တွေကို စောင့်နေကြတယ်လေ။ ဒီအမိန့်ပေါ်မူတည်ပြီး သူတို့ရဲ့ အကျိုးစီးပွားတွေ ရှိတယ်။ နိုင်သွားတဲ့လူတွေကလည်း ဒီဂရီရသွားတဲ့လူတွေလည်း လုပ်စရာရှိတာတွေဆက်လုပ်နိုင်မယ်”လို့ သူက ပြောပါတယ်။
ZOOM အက်ပလီကေးရှင်းကို အသုံးပြုတရားစီရင်ခဲ့ခြင်းဖြစ်ပြီး အခမဲ့ယူကာ စမ်းသပ်သုံးစွဲ နေတာကြောင့် အားနည်းချက်တစ်ချို့လည်း ရှိခဲ့တယ်လို့ သူက ပြောပါတယ်။
“ နာရီဝက်လောက်ပဲသုံးပြီး ပြန်ပြန်ပြုတ်ကျတယ်လေ။ ပြန်ပြုတ်ကျတဲ့အခါမှာ ကျွန်တော်တို့က ဝင်တဲ့လူတွေကို password(လျှိုဝှက်နံပတ်)ကိုပြန် ပြန်ပို့ရတာပေါ့။ Zoom အကောင့်ကို တိုင်းဘတ်ဂျက်(ရံပုံငွေ)နဲ့ ဝယ်လိုက်ပြီးတဲ့အခါဆိုရင်တော့၊ အခုတော့ မဟုတ်သေးဘူးပေါ့။ နောက်ပိုင်း ဘတ်ဂျက်ရလို့ ပိုက်ဆံသုံးနိုင်တယ်ဆိုရင် ကိုယ်ပိုင်အကောင့်ရှိရင် ပြန်ပြန် မကျတော့ဘူး”လို့ ဦးကျော်စွာငြိမ်းက ပြောပါတယ်။
ယခုလို အွန်လိုင်းအသုံးပြု တရားစီရင်မှုမျိုးကို တရားသူကြီးတွေအဆင်သင့်ဖြစ်ပြီး နှစ်ဖက် လျှောက်လဲချက်တွေ ကြားနားပြီးတဲ့ အမှုတွေကို အမိန့်ချသွားဖို့ ရှိတယ်လို့လည်း သူက ပြောပါတယ်။
ပုံစာ:ရန်ကုန်တိုင်း တရားလွှတ်တော်ယနေ့ မြင်ကွင်း
#Dailynews

