သဇင်လတ်
ရန်ကုန် – စက်တင်ဘာ ၂၃၊ ၂၀၂၀ (မော်ကွန်း)
COVID-19 တိုက်ဖျက်ရေးကာလတွင် တိုးချဲ့ဖွင့်လှစ်ထားသည့် ရန်ကုန်မြို့၏ ဖျားနာကုအခမဲ့ဆေးခန်းများ (Fever Clinic)တွင် ဆရာဝန်၊ ဝန်ထမ်းနှင့် ဆေးပစ္စည်းဆိုင်ရာ မလုံလောက်မှုများနှင့် ကြုံနေရကြောင်း တိုင်းဒေသကြီးရှိ Fever Clinic များ၏ တာဝန်ခံဒေါက်တာကျော်မင်းထွန်းကပြောသည်။
“အကာအကွယ်ပစ္စည်းတွေဆိုရင် PPEဝတ်စုံတွေ KN 95 ၊ Face shield တို့လက်အိတ် တို့ပေါ့ အဲ့တာတွေလို
နေတယ်။ နောက်တစ်ခုကဆေးဝါးတွေ ပိုးသတ်ဆေးတို့ ပါရာစီတမော၊ ဓာတ်ဆားတွေပေါ့။ လူနာတွေကအရမ်းများလာတဲ့အခါကျတော့သူတို့ကိုပေးရတဲ့ ဆေးတွေအရမ်းလိုတယ်” ဟုဒေါက်တာကျော်မင်းထွန်းကဆိုသည်။
ပထမတစ်ကြိမ်COVID – 19ဖြစ်ပွားစဉ်က တစ်ရက်လျင်လူနာ ၃၀ ဦးခန့်သာလာရောက်ပြသမှုရှိခဲ့သော်လည်း ယခုရက်ပိုင်းတွင်တစ်ရက်လျင် ၅၀ဦးမှ ၁၀၀ဦးခန့်ရှိနေပြီး ယမန်နေ့က သာကေတရှိ Fever Clinic တွင်လာရောက်ပြသသူအများဆုံးဖြစ်ခဲ့ကာ အယောက် ၁၂၀ ရှိခဲ့သည်ဟု၎င်းကဆိုသည်။
ထိုသို့လူနာတိုးလာမှုများကြောင့် Fever Clinic များတွင်တာဝန်ထမ်းဆောင်ရန် ဆရာဝန်များနှင့်သူနာပြုအကူဝန်ထမ်း (Volunteer) လိုအပ်ချက်များလည်းရှိနေကြာင်း ဒေါက်တာကျော်မင်းထွန်းကဆိုသည်။
ဖျားနာကုအခမဲ့ဆေးခန်း (Fever Clinic)များသည်အလှူရှင်များ၏ အကူအညီဖြင့်ရပ်တည်နေရပြီး ရန်ကုန်တိုင်းတွင် Fever Clinic ဆေးခန်းစုစုပေါင်း ၂၁ ခုရှိကာ ဆရာဝန် ၇၀ကျော် နှင့် သူနာပြုအကူဝန်ထမ်း ၆၀ခန့်ဖြင့်လည်ပတ်နေခြင်းဖြစ်သည်။
ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ လက်ရှိမြန်မာနိုင်ငံတွင် COVID -19ရောဂါ အတည်ပြုလူနာ ၆,၉၅၉ ဦးရှိနေပြီး သေဆုံးသူ ၁၂၉ ဦးနှင့် ပြန်လည်သက်သာလာသူ ၁,၉၅၁ဦး ရှိနေပြီဖြစ်သည်။
Photo: Community Fever Clinic Yangon Network
#Dailynews

