ဂေထော
ရန်ကုန်၊၂၀၂၀ စက်တင်ဘာ ၁၉ (မော်ကွန်း)
COVID -19 ရောဂါဖြစ်ပွားမှုများပြား၍ Stay at Home အဖြစ်သတ်မှတ်ထားသည့် မြို့နယ်များမှ ရေးမြို့သို့ လာရောက်အလုပ်လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများသည် Quarantine ဝင်ရမည်ဖြစ်ကာ ကုန်ကျစရိတ်အထိုက်အလျောက်ကို လုပ်ငန်းရှင်ဘက်က ကျခံရမည်ဖြစ်သည်ဟု ရေးမြို့နယ်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းက မော်ကွန်းသို့ပြောသည်။
စက်တင်ဘာဒုတိယအပတ်မှစပြီး ဧရာဝတီတိုင်းနှင့်ရန်ကုန်တိုင်းမှအထောက်အထားမဲ့ဝင်ရောက်လာသူ ရွှေ့ပြောင်းလုပ်သား ၆၀ ဝန်းကျင်ရှိခဲ့သည်။
“Stay at Home မြို့နယ်ကနေပြီးတော့ အမှန်မှာ သူကနယ်ကျော်ထွက်ခွာခွင့်မရှိဘူး။သို့သော် အဲလိုမျိုးလာရင်တော့ ကျွန်တော်တို့က Q ဝင်ရမယ်။ Q မဝင်ချင်ဘူးဆိုရင် ကိုယ့်မြို့နယ်ကိုယ်ပြန်ပဲ”ဟု ဦးမျိုးဝင်းက ပြောသည်။
Stay at Home သတ်မှတ်မထားသည့်မြို့နယ်များမှဝင်ရောက်လာကာ အလုပ်ရှင်နှင့်ချိတ်ဆက်ထားသည့် ရွေ့ပြောင်းလုပ်သားများကိုမူ အသေချာစစ်ဆေးမေးမြန်းပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်ဟု သူကရှင်းပြသည်။
ရေးမြို့နယ်၊ရပ်ကွက်လူမှုအဖွဲ့အစည်းမှဦးအောင်နိုင်ဝင်းကလည်း “မမိတာတော့အများကြီးပဲ။အဲဒီထဲမှာလုပ်ငန်းရှင်က တာဝန်ခံပြီးတော့ Q ပို့ထားတဲ့ တစ်ဖွဲ့ရှိတယ်။နောက်ပြီး လုပ်ငန်းရှင်တွေက တာဝန်မခံလို့ ၁၅ ယောက်တစ်ဖွဲ့လုံးကို ကားငှားပြီးသူ့ဒေသကိုပြန်ပို့ပေးတာရှိတယ်”ဟု သူကပြောသည်။
လက်ရှိရာသီသည် ကျားဖောင်လုပ်ငန်းပြန်စနေပြီဖြစ်သည့်အတွက် လုပ်သားလိုအပ်ချက်အရ တစ်နှစ်လျှင် လုပ်သား ၂၀၀၀ ကျော် ခေါ်ယူလျက်ရှိသည်။သို့သော် ယခုနှစ်သည် COVID-19 ရောဂါပြည်တွင်းကူးစက်မှုမြင့်တက်နေခြင်းကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အသွားအလာကန့်သတ်ထားသည့်မြို့နယ်များမှ ဝင်ရောက်လာသည်လုပ်သားများကို တားဆီး၊ကာကွယ်၊ထိန်းချုပ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်နိုင်ဝင်းက ရှင်းပြသည်။
ယနေ့မှစပြီး ရေးမြို့နယ်၊အရပ်ဘက်အဖွဲ့အစည်းများ၏တောင်းဆိုမှုကြောင့် မြို့နယ်စပ်အထွက်ကျော်ရှိ နှစ်ကရင်လမ်းဝတွင် မြို့ထဲသို့ဝင်လာသည့် ခရီးသည်များကို မှတ်တမ်းယူခြင်း၊ကုန်ကားများကို စစ်ဆေးခြင်း၊ကျန်မားရေးအတွက် အပူချိန်တိုင်းခြင်းနှင့် ရန်ကုန်တိုင်းမှဝင်လာသူများကို Quarantine သွင်းမည်ဖြစ်သည်။
အဘော်ကျေးရွာမှကျားဖောင်လုပ်ငန်းပိုင်ရှင် ဦးမြင့်သန်းကလည်း“လုပ်ငန်းရှင်ကလည်း လုပ်ငန်းတွေစီစဥ်ပြီးသားဖြစ်တဲ့အတွက်၊နောက်ဆုတ်လို့လည်းမရတဲ့အတွက် ဒီလုပ်သားတွေအပေါ်မှာ နောက်ထပ်ကျရောက်လာတဲ့ သူတို့ကုန်စရိတ်၊စားစရိတ်ဆိုတာလည်း လုပ်ငန်းရှင်ကပဲ ခံပေးရတယ်။အားလုံးအစစအရာရာပေါ့လေ။လုပ်ငန်းရှင်ကပဲ ခံပေးတယ်”ဟု သူကပြောသည်။
ရေးမြို့နယ်ရှိကျားဖောင်လုပ်ငန်းများသည် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းမှ လုပ်သားများကိုအများဆုံးခေါ်ယူလျက်ရှိပြီး လုပ်ငန်အကြီး၊သေးပေါ်မူတည်ကာ လုပ်သား ၁၀ ဦးမှ ၈၀ အထက်ရှိသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်များအရ COVID-19 ရောဂါအတည်ပြုလူနာ ၄၆၂၁ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ ၁၁၃၀ ဦးနှင့် သေဆုံးသူ ၇၅ ဦးအထိရှိသည်။
ပုံစာ – ရေးမြို့အထွက် နှစ်ကရင်လမ်းဝ၌ အခြားဒေသများမှ ဝင်ရောက်လာသူများကို ယနေ့တွင် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်လျက်ရှိ။
Photo – Aung Naing Win’s Facebook
#Dailynews

