“COVID-19 ဖြစ်နေတာဆိုတော့ နယ်ကျော်သွားဖို့ တော်တော်လေး အခက်အခဲဖြစ်သွားပြီ”

“COVID-19 ဖြစ်နေတာဆိုတော့ နယ်ကျော်သွားဖို့ တော်တော်လေး အခက်အခဲဖြစ်သွားပြီ”

ဦးမော်ထွန်းအောင်သည် မြန်မာ့သယံဇာတတူးဖော်ထုတ်လုပ်မှုဆိုင်ရာ ကိစ္စရပ်များကို လေ့လာနေသူဖြစ်ပြီး လာမည့် ရွေးကောက်ပွဲတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချူပ်ပါတီ(SNLD) ၏ အမျိုးသားလွတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၅) တွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

လက်ရှိကာလသည် COVID-19 ကပ်ရောဂါ ကူးစက်မှုနှုန်း မြင့်မားလျက်ရှိသောကြောင့် ရန်ကုန်တွင် နေထိုင်သူ ဦးမော်ထွန်းအောင်သည် ရှမ်းပြည်နယ်တွင် သွားရောက်မဲဆွယ်စည်းရုံးရန် မည်သည့်အခက်အခဲများကြုံတွေ့နေ သည်ကို မော်ကွန်းမဂ္ဂဇင်းက ၎င်းကို ဆက်သွယ်မေးမြန်းထားပါသည်။

အောင်ထူးနိုင် – ဆက်သွယ်မေးမြန်းသည်။

မော်ကွန်း။ ။ COVID-19 ကြောင့် ခရီးသွားလာခွင့်တွေ ကန့်သတ်ထားတာမို့ မဲဆွယ်စည်းရုံးရေးအတွက် ဘယ်လို စဉ်းစားထားပါသလဲ။

ဦးမော်ထွန်းအောင်။ ။ ကျွန်တော်တစ်ယောက်တည်းတော့မဟုတ်ဘူး၊ တခြားကိုယ်စားလှယ်တွေလည်း ရန်ကုန်မှာ ပိတ်မိတာတွေ ရှိနိုင်တယ်။ အခု COVID-19 ကော်မတီကို ဆက်သွယ်ဖို့တော့ ကြိုးစားနေတယ်။ ဖုန်းဆက် တာ မကိုင်ကြဘူး။ ခရီးသွားဖို့ ထောက်ခံချက်မရဘူးဆိုရင်တော့ နည်းနည်းတော့ခက်မယ်။ ကျွန်တော်ကားနဲ့ ထွက်မယ်ဆိုပြီး ဆုံးဖြတ်ထားပြီးပြီ။ Zero Mile မှာတော့ ပြောပြီးသွားလို့ရမယ်တော့ ထင်တာပဲ။ အခုက ရွေးကောက်ပွဲကလည်း မရွှေ့ဘူးဆိုတဲ့အခါကြတော့ ကျွန်တော်သွားလို့ ဟိုဘက်ရောက်ရင် Quarantine ဝင်ရင် ဝင်ရဦးမှာဆိုတော့ မရောက်ရောက်အောင်တော့ သွားရမှာပေါ့။

မော်ကွန်း။ ။ တခြားရော ဘာအခက်အခဲတွေ ကြုံလာနိုင်မယ် မျှော်မှန်းထားလဲ။

ဦးမော်ထွန်းအောင်။ ။ ကြုံနိုင်တာ မဟုတ်တော့ဘူး။ ကြုံကို ကြုံနေပါပြီ။ COVID-19 ဖြစ်နေတာဆိုတော့ နယ်ကျော်သွားဖို့ တော်တော်လေး အခက်အခဲဖြစ်သွားပြီ။ ကိုယ်တိုင်ကြုံတွေ့နေရတယ်။ နောက်တစ်ခုက အွန်လိုင်းကနေ မဲဆွယ်ပါမယ်လို့ ပြောလို့မရဘူး။ ဖုန်းရှိတောင် ဖုန်းခ၊ ဒေတာခက UEC က ပေးမှာလားပေါ့။ အဲဒါတွေလည်း ရှိသေးတယ်။ တချို့နေရာတွေက အင်တာနက်မရတဲ့နေရာတွေ ရှိဦးမှာလေ။ လက်ရှိအနေအထား ကတော့ တော်တော်လေး အခက်အခဲတွေ့နေတဲ့ အနေအထားပေါ့။

မော်ကွန်း။ ။ ရွေးကောက်ပွဲအောင်မြင်ဖို့ ဒီလိုအခက်အခဲဖြစ်နေတဲ့ ကိုယ်စားလှယ်လောင်းတွေအတွက် UEC က ဘာတွေ ကူညီသင့်တယ်ထင်လဲ။

ဦးမော်ထွန်းအောင်။ ။ သူတို့ဘက်က ကူညီပေးရမှာတွေ အများကြီးရှိတယ်။ ဥပမာ ကျန်းမာရေးက ထုတ် ပြန်ချက်တွေကိုလည်း လိုက်နာရမယ်။ ဒေသအာဏာပိုင်တွေက ထုတ်ပြန်တာလည်း လိုက်နာရမယ်။ အဲဒီအထဲမှာ မှ အခု ကျွန်တော့်လို ကိုယ်စားလောင်းတွေအတွက်ဆိုရင် ဘယ်လို လုပ်ထုံးလုပ်နည်းနဲ့သွားမလဲဆိုတာ သူတို့မှာ မရှိဘူး။ UEC နဲ့ MOHS တိုင်ပင်ထားတာလည်း မရှိဘူး။ နောက်တစ်ခုက နယ်မှာ Campaign လုပ်နေရင်း တစ်ယောက်ယောက်မှာ silent carrier အနေနဲ့ပါတယ်ဆိုရင် ဒီ Campaign က တစ်မြို့နယ်လုံးလျှောက်သွားနေ တာလေ။ ဘယ်လောက်အထိ COVID-19 ကာကွယ်မှုပုံစံနဲ့ သွားတယ်ပဲပြောပြော မကူးစက်နိုင်ဘူးလို့ ပြောနိုင်မလား ပေါ့။ ရှေ့မှာ လူအုပ်ကြီးနဲ့ ပါတီကြီးနှစ်ခုရဲ့ မဲဆွယ်တာကို ကြည့်လိုက်ရင်လည်း လူအုပ်ထိန်းဖို့ဆိုတာ တော်တော် ခက်မယ်။ အဲဒါတွေကို အသေးစိတ်ဘယ်လို လုပ်မလဲဆိုတာ UEC ကျန်းမာရေး ဝန်ကြီးဌာနဲ့ပေါင်းပြီး ထုတ်ပြန် သင့်တယ်။ ဒါမှသာ ကိုယ်စားလှယ်လောင်းတွေလည်း စိတ်ရှင်းရှင်းနဲ့ ကိုယ်က ပိုးဖြန့်ဖြူးသူ မဟုတ်ဘူးဆိုတဲ့ စိတ်မျိုး ဖြစ်မယ်။

မော်ကွန်း။ ။ မဲဆန္ဒနယ်က ပြည်သူတွေအတွက် ဘာတွေ လုပ်ပေးမယ်လို့ စဉ်းစားထားပါသလဲ။

ဦးမော်ထွန်းအောင်။ ။ ကျွန်တော်ပေးနိုင်မယ့် ကတိကဝတ်ကတော့ အားလုံးကို ကိုယ်စားပြုမယ့်သူ ဖြစ်တယ်။ ဥပမာ တချို့တွေက မူဝါဒအပေါ် အခြေခံတဲ့ပါတီနဲ့ ကိုယ့်လူမျိုးအပေါ် အခြေခံတဲ့ပါတီဆိုရင် ကိုယ့်လူ မျိုးအတွက်ပဲ လုပ်ပေးမယ်ဆိုတာမျိုးပေါ့။ ကျွန်တော်အနေနဲ့ အာမခံနိုင်တာက ကိုယ်စားလှယ်အနေနဲ့ ရွေးချယ် ခံရပြီဆိုရင် ကျွန်တော့်ကို မဲပေးတဲ့သူရော၊ မဲမပေးတဲ့သူရော ကျွန်တော်နဲ့ လူမျိုးတူတဲ့သူရော၊ မတူတဲ့ သူရော အားလုံးကို ကိုယ်စားပြုနိုင်မယ့်သူဖြစ်ဖို့ ဆုံးဖြတ်ထားပါတယ်။ အဲဒါနဲ့ပဲ ကျွန်တော် အရင်စရမယ် ထင်တယ်။ ဘာလို့လဲဆိုတော့ တော်တော်များများက လွှတ်တော်ကိုယ်စားလှယ်လို့ ခံယူရင် ကိုယ့်ကို ရွေးကောက်တင် မြောက်တဲ့သူအတွက်ပဲ လုပ်တယ်လို့ ထင်လေ့ရှိကြတယ်။ တကယ်တော့ မဟုတ်ဘူး။ လွှတ်တော်ကိုယ်စားလှယ် ဆိုတာ အားလုံးအတွက် အလုပ်လုပ်ရန်ဆိုတာ အဲဒါကို ကျွန်တော်အနေနဲ့ အရင်လုပ်ပါမယ်။ မူဝါဒပိုင်းဆိုင်ရာနဲ့ လုပ်ဆောင်ရမယ့်ဟာတွေကတော့ အများကြီးရှိတယ်။ သို့သော်လည်း ပြောရမယ်ဆိုရင်တော့ အချိန်ပေးပြီး နားထောင်မယ်။ တကယ့်ဒေသကနေ ခံစားနေရတဲ့ အဖြစ်အပျက်တွေကို ကျွန်တော်နားလည်နိုင်အောင် အရင် လုပ်နေပါတယ်။

မော်ကွန်း။ ။ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီဆိုရင် သဘာဝသယံဇာတနဲ့ ပတ်သက်လို့ ဘာတွေအရင် ဆုံး ပြုပြင်ပြောင်းလဲနိုင်မယ်ထင်လဲ။

ဦးမော်ထွန်းအောင်။ ။ သဘာဝသယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာမှာ ကျွန်တော်ရဲ့ domain knowledge ပေါ့။ ကျွန်တော်အဓိကလေ့လာခဲ့ရတာက မူဝါဒပိုင်းဆိုင်ရာတွေပေါ့။ ဒီဟာပေါ်မှာ အခြေခံပြီး ဘာတွေလုပ်လို့ရနိုင်လဲဆိုတော့ လက်ရှိ Law တွေထဲမှာ ဖက်ဒရယ်ကို ဦးတည်တဲ့ မူဝါဒတွေဖြစ်လာအောင် ကျွန်တော်အစွမ်းကုန် လုပ်မှာပါ။ အဲဒီထဲမှာ သယံဇာတနဲ့ပတ်သက်ပြီး ပိုမိုကောင်းမွန်တဲ့ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်တွေ ပါမယ်။ ပိုမိုကောင်းမွန်တဲ့ မျှတတဲ့ ဖက်ဒရယ်ပုံစံဖြစ်လာအောင် ကျွန်တော့်အနေနဲ့ တိုက်တွန်း လုပ် ဆောင်သွားဖို့ ရှိတယ်။

မော်ကွန်း။ ။ ဘာများ ဖြည့်စွက် ပြောကြားလိုပါသလဲခင်ဗျ။

ဦးမော်ထွန်းအောင်။ ။ COVID-19 ကာလဖြစ်တဲ့အတွက် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ ကျန်းမာရေးက အရေးကြီးဆုံးပဲ။ ဒါကို အတူတူ ကျော်လွှားဖို့လည်း အစိုးရက ပြောပြထားတဲ့အတိုင်း တစ်ညီတစ်ညွှတ်တည်း လုပ်ဖို့ လိုမယ်။ အဲဒါကို ဂရုစိုက်စေချင်တယ်။ ကျွန်တော့်အနေနဲ့ မဲဆွယ်ဖို့ဆိုရင် ပြည်သူတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေမယ့် ကိစ္စရပ်တွေကိုတော့ မလုပ်လိုပါဘူး။ အဲဒါကြောင့် မဲဆန္ဒရှင်တွေနဲ့ တိုက်ရိုက်စကားပြောနိုင် အောင် ကျွန်တော်ကြိုးစားနေပါတယ်။

Photo – Maw Htun Aung (FB)


#Dailynews

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."