ကျော်ဇေယျ
နေပြည်တော်-၂၀၂၀ ဇွန် ၂၄ (မော်ကွန်း)
အများပြည်သူနေ့စဉ်သုံးစွဲနေရတဲ့ အရေးကြီးကုန်စည်တွေကို ဈေးတင်ရောင်းတာမျိုး မတွေ့ရတဲ့အတွက် အရေးယူမှုမရှိသေးဘူးလို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒီနေ့ နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မော်ကွန်းကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာစတွေ့တဲ့ မတ်လ ၂၃ ရက် နောက်ပိုင်းမှာ စားသောက်ကုန်တွေနဲ့ ဆေးဝါးတွေကို ဈေးတင်ရောင်းမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် မတ်လ ၃၀ မှာ ဒီပစ္စည်းတွေကို အရေးကြီးကုန်စည်အဖြစ် ကြေညာခဲ့တဲ့နောက် ပုံမှန်ဈေးကို ပြန်ရောက်ခဲ့တယ်လို့ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောတယ်။
“နေ့စဉ်နေ့တိုင်းပဲ ဒုတိယသမ္မတ(၁)ခေါင်းဆောင်တဲ့ ကိုဗစ်ကော်မတီကို ဈေးနှုန်းစာရင်းတွေ ကျနော်တို့ ပေးပို့ရပါတယ်။ အဲဒီဈေးနှုန်းစာရင်းတွေကိုလည်း စသုံးလုံး(အထူးစုံစမ်းစစ်ဆေးရေးဌာန)ကနေ စိစစ်ပြီးတော့မှ တင်ပြနေပါတယ်။ အဲဒီမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုသတင်းရပြီးဆိုတာနဲ့ စားသုံးသူရေးရာဦးစီးဌာနက အောက်ခြေမှာ လိုက်လံစုံစမ်းပြီးတော့မှ ဒီအမှုတွေကို ဖော်ထုတ်ပြီးတော့ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ ဒီလို တိုင်ကြားလာမှုတွေ ကိုရော၊ ကျနော်တို့ရဲ့ စုံစမ်းမှုများအရရော အဲဒီလောက်ကြီး တက်သွားတဲ့ အခြေအနေမျိုးတွေမရှိတဲ့အတွက် အရေးယူတာမျိုးတော့မရှိသေးပါဘူး ”
စားသုံးသူရေးရာဦးစီးဌာနကိုယ်တိုင်က အရေးကြီးကုန်စည်တွေကို ဈေးနှုန်းအမြင့်သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တစ်ခု ဧပြီလအစပိုင်းမှာ ကုန်သည်တွေကိုပေးပို့ခဲ့တာကို မော်ကွန်းကလက်ခံရရှိထားပြီး ဒီအကြောင်းကို မေးမြန်းတဲ့အခါ ဒုတိယဝန်ကြီးက ထည့်သွင်းမဖြေခဲ့ပါဘူး။
စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ ကျပ်ငွေ ၃၈ ဘီလီယံသုံးကာ ကိုဗစ်ကာလ အရေးပေါ် အရန်ရိက္ခာအဖြစ် ဆန်နဲ့ စားအုန်းဆီကို ဝယ်ယူစုဆောင်းထားတယ်လို့လည်း ဒုတိယဝန်ကြီးက ပြောပါတယ်။
စီးပွား/ကူးသန်း ဒုဝန်ကြီး ဦးအောင်ထူး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားစဉ်
ဓာတ်ပုံ – ကောင်းထက်စံ
#Dailynews

