အောင်ထူးနိုင်
ရန်ကုန်၊ မတ်လ ၁၂ (မော်ကွန်း)

တစ်နှစ်ခွဲကျော် ရပ်နားခဲ့ရတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ဒီနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) မှာ ပြန်လည်ကျင်းပနေပါပြီ။
ဒီအစည်းအဝေးကို UPDJC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး မိန့်ခွန်းပြောကြားရာမှာ အလျှော့အတင်း လုပ်ရဲမှသာ နိုင်ငံရေးစားပွဲဝိုင်းထဲ ဝင်ဖို့သင့်လျော်တယ်လို့ ပြောပါတယ်။
“မူဘောင်ပြင်ဆင်မှုကို အခြေခံပြီး နိုင်ငံရေးဆွေးနွေးပွဲတွေလည်း ဆက်လက်လုပ်ဆောင်သွားဖို့ ရှိနေတာဖြစ်တာကြောင့် နိုင်ငံရေးဆွေးနွေးပွဲတွေက ဆက်တိုက်ဖြစ်ပေါ်လာတော့မှာ ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။
ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ဆောင်ရွက်ရာမှာ မိမိတို့လိုလားချက် ရာနှုန်းပြည့် ရမှ ပူးပေါင်းပါဝင် ဆောင်ရွက်မယ်ဆိုတဲ့ ခံယူချက်မျိုးနဲ့ဆိုရင်တော့ စေ့စပ်ညှိနှိုင်းလို့ ရနိုင်မှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
အစည်းအဝေးသို့ အစိုးရ၊ တပ်မတော်၊ လွှတ်တော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့တို့မှ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး UPDJC ဒုတိယဥက္ကဋ္ဌ နှစ်ဦးဖြစ်တဲ့ ဒေါက်တာဆလိုင်းလျန်မှုန်းနဲ့ ဦးသုဝေတို့က အမှာစကား ပြောကြားခဲ့ပါတယ်။
ဒီ UPDJC အစည်းအဝေးဟာ (၁၈) ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး (၁၇) ကြိမ်မြောက်ကို ၂၀၁၈ ခုနှစ် ဇူလိုင်လထဲမှာ ကျင်းပခဲ့တာပါ။ အဲဒီအစည်းအဝေးကျင်းပပြီးနောက် ၂၀၁၈ ခုနှစ် အောက်တိုဘာလထဲမှာ ကျင်းပတဲ့ NCA သုံးနှစ်ပြည့်အခမ်းအနားပြုလုပ်ရာမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ရပ်တန့်သွားခဲ့တာပါ။
ဒီနေ့ ပြုလုပ်တဲ့ UPDJC အစည်းဝေးမှာ ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)က Covid – 19 ကို ကပ်ရောဂါအဖြစ် ကြေညာလိုက်တာနဲ့ပတ်သက်ပြီး လူစုလူဝေး လုပ်မယ့်ကိစ္စရပ်တွေဆိုရင် အစိုးရက စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်သွားမယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုပါတယ်။
ဒီအစည်းအဝေးမှာ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာမူဘောင်နဲ့ ToR (Terms of Reference), SOP (Standard Operating Procedure) တွေကို တင်ပြခြင်း၊ အတည်ပြုခြင်းတွေ ရယူသွားမယ့်အပြင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေးနဲ့ ကဏ္ဍအလိုက် လုပ်ငန်းကော်မတီ အစည်းအဝေး ကျင်းပရေးတို့ကိုလည်း ဆွေးနွေးသွားမှာဖြစ်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးကို လာမယ့် ဧပြီလ အတွင်း ကျင်းပနိုင်ရေး ဆွေးနွေးကြမယ်လို့ သိရပါတယ်။
Photo NCA-S EAO
#Dailynews

