ကျော်ဇေယျ၊ ဒီဇင်ဘာ-၁၆
မြန်မာနိုင်ငံကို လူသတ်မြေမြုပ်မိုင်းအသုံးပြုသည့် အစိုးရစစ်တပ်ရှိသောတစ်ခုတည်းသောနိုင်ငံအဖြစ် မြေမြုပ်မိုင်းအသုံးပြုမှု ပိတ်ပင်တားမြစ်ခြင်း နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့(ICBL)၏ ၂၀၁၉၊ ကမ္ဘာလုံးဆိုင်ရာ မြေမြုပ်မိုင်းအသုံးပြု စောင့်ကြည့်လေ့လာရေးအစီရင်ခံစာတွင် နှစ်နှစ်ဆက်တိုက်ဖော်ပြသည်။
တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ခဲ့သည့်အချိန်မှစ၍ မြန်မာနိုင်ငံတွင် မြေမြုပ်မိုင်းကြောင့် သေဆုံး၊ ထိခိုက်သည့် ပြည်သူပေါင်း ၁,၀၆၀ ခန့် ရှိသည်ဟု ICBL ၏ ယခုနှစ်အစီရင်ခံစာတွင် ဖော်ပြသည်။ မြေမြုပ်မိုင်း အသုံးပြုသည့် ဧရိယာများသည် ပိုမိုကျယ်ပြန့်လာပြီး ရခိုင်ပြည်နယ်အတွင်း ထိခိုက်၊သေဆုံးမှု တိုးတက်များပြားလာသည် ဟု ICBL ၏ အစီရင်ခံစာတွင် ဖော်ထုတ်ထားသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် မြေမြုပ်မိုင်းအသုံးပြုမှုတားမြစ်ပိတ်ပင်ခြင်းသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းမရှိသေးပေ။ ယင်းအပြင် ငြိမ်းချမ်းရေးဖြစ်စဉ်များဆောင်ရွက်နေသော်လည်း အမျိုးသားအဆင့် လူသားချင်းစာနာသော မိုင်းရှင်းလင်းရေးအစီအစဉ်ကို ယနေ့အထိ မစနိုင်သေးကြောင်း ICBL အစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းဒေသကြီး ၁၄ ခု အနက် ၈ခု ကို မြေမြုပ်မိုင်းအန္တရာယ်ရှိသော ဒေသများအဖြစ် ICBL က သတ်မှတ်ထားသည်။ ၁၉၉၇ ခုနှစ်၊ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိထားသော ICBL အဖွဲ့သည် ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း ၁,၃၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘာလုံးဆိုင်ရာ ကွန်ရက်တစ်ခုလည်း ဖြစ်သည်။
အာရှတိုက်တွင် ဒုတိယ မြေမြုပ်မိုင်းအသုံးပြုမှုအများဆုံး နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံနှင့်သက်ဆိုင်သော အစီရင်ခံစာ၏ အသေးစိတ် ရှင်းလင်းပြောကြားပွဲကို ICBL က လာမည့် ကြာသပတေးနေ့တွင် ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်သည်။
ပုံစာ- ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ မြေမြုပ်မိုင်းကြောင့် ကိုယ်ခန္ဓာထိခိုက်သူများကို အကူအညီပေးသည့် ခြေတု၊လက်တုဆေးရုံ။
ဓါတ်ပုံ- မော်ကွန်း
#mawkun #magazine #chronicle #dailynews

