ရွာမွန်သာ နွေကန္တာဦး

ရွာမွန်သာ နွေကန္တာဦး

မော်ကွန်းမဂ္ဂဇင်း အမှတ် ၆၈ မှ Remembrance ဖြစ်ပါသည်။

သန်းနိုင်ဦး ရေးသည်။

မိတ္ထီလာလွင်ပြင်ကနေ ရှမ်းကုန်းပြင်မြင့်ကိုတက်ရတိုင်း သာစည်မြို့အလွန်က ရွာမွန်သာဆိုတဲ့ ရွာကလေးကိုဖြတ်ရတယ်။ ရွာမွန်သာရွာဟာ သာစည်မြို့ရဲ့  အရှေ့ဘက်နှစ်မိုင်သာသာလောက်မှာရှိတယ်။ ရွာမွန်သာကိုဖြတ်ရတိုင်း စာချစ်သူအများစုက တက္ကသိုလ်ဘုန်းနိုင်ရဲ့ နွေကန္တာဦးကိုအမှတ်ရကြတယ်။ နွေကန္တာဦးက သာစည်မြို့နယ်ထဲက ရွာမွန်သာရွာလေးမှာ ဒေါက်တာနှင်းငွေ၊ နုနုငယ်၊ ဘခက်၊ ညွန့်မေတို့နဲ့ ဇာတ်အိမ်တည်ခဲ့တာပါ။

ရွာမွန်သာရွာကို စာရေးဆရာမောင်သာချိုက ကမ္ဘောဇရဲ့မုခ်ဦးလို့ အမည်မှည့်ခေါ်ခဲ့တယ်။ စာရေးဆရာရွှေနောင်ရိုးကတော့ လွန်ခဲ့တဲ့နှစ် ၄၀ ကျော်ကသွားခဲ့ဖူးတဲ့ ရွာမွန်သာခရီးကို အက်ဆေးတစ်ပုဒ်ရေးသားခဲ့တယ်။ ရွာမွန်သာရွာကို မြင်းလှည်းစီးသွားခဲ့ရာမှာ အဲဒီခေတ် (လွန်ခဲ့တဲ့နှစ် ၄၀ ကျော်) ကသာစည်- ရွာမွန်သာရွာ အသွားအပြန်ခရီး သုံးကျပ်တန်ကို ငါးကျပ်ပေးပြီး စီးခဲ့ရဖူးကြောင်း သူ့အက်ဆေးမှာ ထည့်သွင်းရေးသားခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် နွေကန္တာဦးဝတ္ထုကြောင့် ရွာမွန်သာရွာလေးက စာဖတ်သူတွေကြားမှာ စွဲစွဲထင်ထင်ရှိလှတယ်။ တက္ကသိုလ်ဘုန်းနိုင်က ဝတ္ထုစာအုပ်ပေါင်းများစွာ ရေးသားခဲ့တယ်။ နွေကန္တာဦးအပါအဝင် မိုးညအိပ်မက်ဖြူ၊ တစ်ပြည်သူမရွှေထား၊ သူငယ်ချင်းလို့ပဲဆက်၍ ခေါ်မည်ခိုင်၊ သူ့ကျွန်မခံပြီစတဲ့ဝတ္ထုတွေက ရုပ်ရှင်ရိုက်ကူးခဲ့တဲ့ဝတ္ထုတွေဖြစ်တယ်။ နွေကန္တာဦးကတော့ ရုပ်ရှင်အဖြစ် နှစ်ကြိမ်ရိုက်ကူးခဲ့ရုံသာမက အဆိုတော်ပေါင်းများစွာက တေးသီချင်းအဖြစ်ပါ သီဆိုခဲ့ပြီး အောင်မြင်တဲ့ သီချင်းတစ်ပုဒ်ဖြစ်ခဲ့တယ်။ ဝတ္ထုအဖြစ် ခုနစ်ကြိမ်မြောက် ရိုက်နှိပ်ခဲ့ရတဲ့အထိ ထင်ရှားတဲ့ဝတ္ထုလည်း ဖြစ်ပါတယ်။

ကမ္ဘာ့စာပေမှာရော မြန်မာ့စာပေမှာပါ အမှန်တကယ်ရှိတဲ့ နေရာတွေကို ဇာတ်အိမ်တည်ပြီး ရေးသားခဲ့တဲ့ဝတ္ထုတွေရှိတယ်။ စုံထောက်ကြီးရှားလော့ဟုမ်းကိုဖန်တီးခဲ့တဲ့ ဆာအာသာကိုဒင်နွိုင်းက သူ့ဝတ္ထုတွေကို လန်ဒန်မှာဇာတ်အိမ်တည်ပြီး ၂၂၁(ခ)၊ ဘက္ကာလမ်းဆိုပြီးဖော်ပြခဲ့တယ်။ စာရေးဆရာသောမက်စ်ဟာဒီကလည်း သူ့ဝတ္ထုတွေထဲမှာ သူ့ဇာတိပက်ဆက်စ်နယ်ကို နောက်ခံထားပြီး ဝတ္ထုတွေရေးလေ့ရှိတယ်။ စာရေးဆရာမင်းသိင်္ခကလည်း သူ့ဝတ္ထုတွေထဲမှာ ဇာတ်ကောင်ရဲ့တည်နေရာကို ထုတ်ဝေသူ ဉာဏ်ဝင်းစာပေရဲ့လိပ်စာ ထည့်ခဲ့တယ်။ တက္ကသိုလ်ဘုန်းနိုင်ကလည်း နွေကန္တာဦးဝတ္ထုကို ဖန်တီးတဲ့အခါ မြေပြင်မှာအမှန်တကယ်ရှိနေတဲ့ သာစည်မြို့နယ်ထဲက ရွာမွန်သာရွာလေးကို ဇာတ်အိမ်တည်ခဲ့တယ်။

တကယ်တော့ဆရာဘုန်းနိုင်က အောက်ပြည်အောက်ရွာ သန်လျင်ဇာတိ၊ သူဇာတ်အိမ်တည်တဲ့နေရာက ရှမ်းရိုးမအနီးမှာရှိတဲ့ အညာလွင်ပြင်၊ ဆရာဘာကြောင့်ရွာမွန်သာကိုရွေးချယ်ခဲ့တာပါလိမ့်။ အညာရွာတွေ အများကြီးရှိတဲ့အထဲက ရွာမွန်သာကို ဇာတ်အိမ်တည်ဖို့ ဘယ်လိုအရာတွေက ဆရာ့ကိုစေ့ဆော်စေခဲ့ပါသလဲ။ ရွာမွန်သာရဲ့ထူးခြားချက်က ဘာတွေဖြစ်မလဲ။ ရွာမွန်သာမှာ ဘာတွေရှိနေသလဲ။ ဆရာဘုန်းနိုင်ရဲ့ နွေကန္တာဦးက ကျွန်တော့်ကိုရွာမွန်သာရောက်အောင် တွန်းပို့နေတယ်။ ရွာမွန်သာမှာ ကျွန်တော်နဲ့ ရင်းနှီးကျွမ်းဝင်သူတစ်ယောက်မှမရှိဘူး။ ရွာမွန်သာကို မသွားမီတစ်ရက်အလိုမှာ စာရေးဆရာ ရွှေနောင်ရိုးဆီ ကျွန်တော်သွားတယ်။ စာရေးဆရာရွှေနောင်ရိုးက ရွာမွန်သာမှာရှိတဲ့ သူ့မိတ်ဆွေကိုဝင်တွေ့ဖို့ပြောတယ်။ စာရေးဆရာရွှေနောင်ရိုးရဲ့ဦးလေး ဦးဖိုးထောင်က သာစည်မှာအခြေချနေထိုင်ပြီး သာစည်မှာပဲခေါင်းချခဲ့တဲ့သူ။ ဦးဖိုးထောင်ရဲ့မိတ်ဆွေက ရွာမွန်သာရွာသားဦးညီမောင်။ မမီမကမ်းမျှော်လင့်ချက်လေးနဲ့ပဲ ဇူလိုင်လဒုတိယပတ်ထဲမှာ သာစည်မြို့နယ်ထဲက ရွာမွန်သာကိုခရီးထွက်ခဲ့ပါတယ်။

mawkun-68-remembrance-jpg

Photo-Than Naing Oo

ရွာမွန်သာဇရပ်က မြင်ရတဲ့ ရာထိပ်မြင်ကွင်း

သာစည်မြို့က မန္တလေးနဲ့ ၉၆ မိုင်ဝေးတဲ့မြေပြန့်ဒေသ။ သာစည်မြို့ပေါ်ရောက်မှ ရွာမွန်သာကို ဘယ်လိုသွားရသလဲလို့ ကွမ်းယာဆိုင်တစ်ဆိုင်မှာ ဝင်ပြီးစနည်းနာရတယ်။ ဒီလမ်း (တောင်ကြီးသွားတဲ့လမ်း)အတိုင်း အရှေ့စူးစူးကို တည့်တည့်သွားရုံပဲ။ နှစ်မိုင်ခွဲလောက်ပဲ ဝေးတယ်လို့ ကွမ်းယာဆိုင်ရှင်ကပြောတယ်။ သာစည်ကထွက်လာတော့ လမ်းဘေးဝဲယာမှာ သက်တမ်းရင့်ကုက္ကိုပင်ကြီးတွေက အုပ်ဆိုင်းနေတယ်။ ရွာမွန်သာကို မကြာမီမှာပဲရောက်ပါတယ်။ ရွာမွန်သာက မိတ္ထီလာ- တောင်ကြီးကားလမ်းနံဘေးမှာ မေးတင်ထားတဲ့အညာရွာလေးပါ။ အရှေ့ဆီမှာ ရှမ်းရိုးမရဲ့ တောင်စွယ်တောင်တန်းတွေကို မြင်နေရတယ်။ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်နဲ့ ကုန်စုံဆိုင်တွေရှိပြီး အတန်အသင့် စည်ကားတဲ့ရွာလေးဖြစ်တယ်။ ကုန်စုံဆိုင်မှာ မိုဘိုင်းလ်ငွေလွှဲဝန်ဆောင်မှု ပြုလုပ်ပေးပါတယ်။ ကန္တာရပင်စိမ်းစိမ်းတွေက နွေကန္တာဦးဝတ္ထုထဲကလို ရွာမွန်သာရွာကိုဝန်းရံထားတယ်။ ရွာမွန်သာရွာရဲ့အရှေ့ဖျားမှာ ချောင်းရိုးလေးရှိပြီး ချောက်ကမ်းပါးက ဝါးတစ်ရိုက်စာနက်တယ်။ ဒါပေမဲ့ အညာမှာ ဒီနှစ်မိုးခေါင်လို့ ချောင်းရိုးထဲမှာရေမရှိဘူး။ နွေကန္တာဦးထဲမှာပါတဲ့ သစ်သားချောင်းကူးတံတားက အခုတော့ သံကူကွန်ကရစ်တံတားဖြစ်နေပါပြီ။

ရွာမွန်သာရွာထိပ်မှာ သစ်သားဇရပ်ကြီးတစ်ဆောင်ရှိတယ်။ သွပ်မိုးပျဉ်ခင်း ၂ ခန်း _ ၃ ခန်းဇရပ်ကြီးပါ။ နှစ်ကာလကြာမြင့်နေပုံရတဲ့ဇရပ်ကြီးက ယိုင်နဲ့နဲ့ဖြစ်နေပေမယ့် တစ်နယ်တစ်ကျေးကလာတဲ့ ခရီးသွားတွေအတွက် နားနားနေနေခရီးတစ်ထောက် နားနိုင်ပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သစ်သားဇရပ်ကြီးမှာ ခဏတဖြုတ်နားခဲ့ပါသေးတယ်။ ရွာမွန်သာအရှေ့ဖျားမှာ ကျေးရွာချင်းဆက်လမ်းရှိပါတယ်။ ရွာမွန်သာ-သမန်းကျား-မြေစို-မုံတေကျေးရွာလေးရွာကို ဆက်သွယ်ထားတဲ့ ဂျင်းကျောက်လမ်းဖြစ်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့အစီအစဉ်နဲ့ ဖောက်လုပ်ထားတာပါ။ ကျေးရွာချင်းဆက်လမ်းက ၂ မိုင် ၃ ဖာလုံ ရှည်လျားပြီး တစ်ရွာနဲ့တစ်ရွာဆက်သွယ်ထားတဲ့ လမ်းဖြစ်လို့ တစ်ဖြောင့်တည်းမဟုတ်ဘဲကွေ့ဝိုက်ဖောက်လုပ်ထားပါတယ်။

ကျေးရွာချင်းဆက်လမ်းအတိုင်း နှစ်ဖာလုံလောက် အရှေ့မြောက်ယွန်းယွန်းကိုဝင်လိုက်ရင် သမန်းကျားရွာကို ရောက်ပါတယ်။ သမန်းကျားရွာဦးဘုန်းတော်ကြီးကျောင်းက ကျေးရွာချင်းဆက်လမ်းနံဘေးမှာရှိပါတယ်။ ဘုန်းတော်ကြီးကျောင်းကို အုတ်တံတိုင်းကာရံထားပြီး အုတ်တံတိုင်းခန်းဖွင့်တိုင်းမှာ အလှူရှင်တွေရဲ့အမည် ကမ္ပည်းရေးထိုးထားပါတယ်။ အုတ်တံတိုင်း အလှူရှင်တွေထဲမှာ သမန်းကျားရွာခံတွေသာမက ရွာမွန်သာရွာသားတွေရဲ့ အလှူတွေကိုပါ ဝမ်းမြောက်ဖွယ်တွေ့ရတယ်။ သမန်းကျားရွာလွန်ရင်တော့ မြေစိုရွာပါ။ မြေစိုရွာကဆက်သွားရင် မုံတောရွာကိုရောက်ပါပြီ။ အဲဒီရွာတွေထဲမှာ ရွာမွန်သာရွာက ကားလမ်းနံဘေးမှာရှိပြီး ကျန်ရွာတွေက အတွင်းဝင်ရတဲ့ရွာတွေဖြစ်တယ်။

ရွာမွန်သာရွာရှေ့မှာ ရွာအမည်ဆိုင်းဘုတ်ကို အုတ်ရိုးစီထားပြီး သံပြာသာဒ်တင်ထားတယ်။ ဆိုင်းဘုတ်နဲ့မလှမ်းမကမ်းမှာ ရွာအတွင်းဝင်တဲ့ မိန်းလမ်းရှိပြီး ရွာဝင်ပေါက်ကို တံခါးတပ်ဆင်ထားပေမယ့် အပိတ်အဖွင့်လုပ်ပုံမရဘူး။ တံခါးရွက်ကြီးတွေက သဲထဲမှာနစ်ဝင်နေတယ်။ ရွာမွန်သာရွာအဝင်လမ်းက ဖြောင့်ဖြူးနေတယ်။ ရွာထဲအနည်းငယ်ဝင်ရုံနဲ့ ကုန်စုံဆိုင်တစ်ဆိုင်ကိုတွေ့ရမှာဖြစ်တယ်။ ကုန်စုံဆိုင်မှာ ရွာမွန်သာမှာ ဦးညီမောင်ရှိ၊ မရှိစုံစမ်းတယ်။ ဘယ်ကဦးညီမောင်လဲလို့ သူတို့ကပြန်မေးတော့ သာစည်ကဦးဖိုးထောင်ရဲ့မိတ်ဆွေ ဦးညီမောင်ပါလို့ ကျွန်တော်ပြန်ဖြေလိုက်တယ်။ ကျွန်တော့်အဖြေစကားကြောင့် ကုန်စုံဆိုင်မှာဈေးဝယ်နေတဲ့ အသက် ၄၀ ကျော်အမျိုးသားက မျက်နှာပြုံးယောင်သန်းသွားပြီး သူလိုက်ပို့ပေးပါ့မယ်လို့ ပြောလာတယ်။ တကယ်တော့ ဦးညီမောင်တို့အိမ်က ကုန်စုံဆိုင်နဲ့ ဓားလွယ်ခုတ်မှာရှိနေတယ်။ ကုန်စုံဆိုင်မှာ ဈေးဝယ်နေတဲ့အမျိုးသားဦးဆောင်ပြီး ဦးညီမောင်တို့ ခြံဝင်းအတွင်းဝင်ခဲ့ကြတယ်။ အိမ်မကြီးကိုအဖီချထားတဲ့ အမိုးအောက်မှာ အိမ်ရှင်ဖြစ်ဟန်တူတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် ထိုင်နေကြတယ်။ ကျွန်တော့်ကိုလိုက်ပို့တဲ့ အမျိုးသားက ဦးညီမောင်အိမ် မေးနေလို့လိုက်ပို့တာလို့ ပြောပြီးပြန်ထွက်သွားပါတယ်။

mawkun-68-remembrance-jpg

Photo-Than Naing Oo

သာစည်-တောင်ကြီး ကားလမ်းနံဘေး မေးတင်ထားတဲ့ ရွာမွန်သာ

ကျွန်တော် ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်စကားဆိုပြီး စာရေးဆရာရွှေနောင်ရိုးရဲ့ဦးလေး ဦးဖိုးထောင်ရဲ့မိတ်ဆွေ ဦးညီမောင်တို့အိမ်ဟုတ်မဟုတ်မေးမိတယ်။ အိမ်ရှင်က ဦးညီမောင်တို့အိမ်ဖြစ်ကြောင်း၊ သူကိုယ်တိုင်လည်း ဦးညီမောင်ရဲ့သားဖြစ်ကြောင်း၊ အဖေဖြစ်သူက လွန်ခဲ့တဲ့နှစ်အနည်းကပဲ ကွယ်လွန်ခဲ့ကြောင်းပြောပါတယ်။ အိမ်ရှင်အမျိုးသားရဲ့အမည်က ကိုလွင်မိုးသိန်းဖြစ်ပါတယ်။ ကျွန်တော်က ရွာမွန်သာရွာလေးကို ရောက်လာရတဲ့ အကြောင်းရင်းနဲ့ တက္ကသိုလ်ဘုန်းနိုင်ရဲ့ နွေကန္တာဦးဝတ္ထုစာအုပ် အဆက်အစပ်ကိုပြောဖြစ်တယ်။ ကံအားလျော်စွာ အိမ်ရှင်ကိုလွင်မိုးသိန်းကိုယ်တိုင်က တက္ကသိုလ်ဘုန်းနိုင်ရဲ့ပရိသတ်ဖြစ်နေတော့ ကျွန်တော်တို့စကားဝိုင်းက အမျှင်မပြတ်တော့ဘူး။ ကျွန်တော့်အတွက်တော့ မျက်စိလည်လေ ဆွမ်းဆန်ရလေကိန်း ဆိုက်တော့တာပါပဲ။

“ဆရာဘုန်းနိုင် နွေကန္တာဦးဝတ္ထုစာအုပ်မရေးခင်က တောင်ကြီးမြို့ကဆင်းအလာမှာ ရွာမွန်သာမှာ တံတားပျက်နေတာနဲ့ ကြုံခဲ့ဖူးတယ်။ (ဆရာက အဲဒီအချိန်က အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ်က မဟာဝိဇ္ဇာ(စိတ်ပညာ)ဘွဲ့ယူပြန်ခါစ၊  တောင်ကြီးကောလိပ်ကျောင်းအုပ်ကြီး (၁၉၆၂-၁၉၇၂) တာဝန်ထမ်းဆောင်နေချိန်ဖြစ်ပါတယ်။) အဲဒီတုန်းက ရွာမွန်သာတံတားက ကွန်ကရစ်တံတားမဟုတ်သေးဘူး။ သစ်သားဘေလီတံတား။ တံတားပျက်နေချိန်မှာ ရွာမွန်သာရွာသားတွေက ခရီးသည်တွေအတွက် ထမင်းထုပ်တွေ၊ ရေဘူးတွေဝေခဲ့ကြဖူးတယ်။ တကယ်တော့ ရွာမွန်သာဆိုတာ အဲဒီအချိန်က အိမ်ခြေ ၁၀ဝ ကျော်သာရှိသေးတဲ့ နွမ်းပါးတဲ့အညာရွာလေး။ လူတွေကနွမ်းပါးကြပေမယ့်  စေတနာမနွမ်းပါဘူးဆိုတာ ဆရာသိသွားခဲ့တယ်။ ဆရာဘုန်းနိုင် ရွာမွန်သာကို နောက်တစ်ခေါက်ထပ်လာတယ်။ ဒီတစ်ခါလာတာက ခရီးသွားဟန်လွှဲမဟုတ်ဘဲ စာအုပ် (နွေကန္တာဦး) ရေးဖို့ကွင်းဆင်းလာတာ။ ဆရာ့စာအုပ်ထဲမှာပါတဲ့ သမန်းကျားရွာ ဘုန်းတော်ကြီးကျောင်းအတွင်းက ကိုးတောင်ပြည့်စေတီဆိုတာ အခုထိရှိသေးတယ်”

mawkun-68-remembrance-jpg

Photo-Than Naing Oo 

ရွာမွန်သာ ရွာလယ်လမ်းတစ်နေရာ

ကျွန်တော်တို့ စကားကောင်းနေတုန်း အိမ်ရှင်မဖြစ်ဟန်တူတဲ့ အမျိုးသမီးက ကျွဲရိုင်းဘူးကိုင်ပြီး ကျွန်တော်တို့ရှိရာ ရောက်လာတယ်။ ကျွန်တော့်ကိုဧည့်ခံဖို့ ရွာမှာဖွင့်ထားတဲ့ ကုန်စုံဆိုင်က ဝယ်လာတာပါ။ ကျွန်တော်က လက်ဖက်ရည်ဆိုင်ထိုင်ခဲ့ပြီမို့ ကျွဲရိုင်းဘူးမသောက်တော့ကြောင်း ငြင်းလိုက်တယ်။ အမျိုးသမီးက အိမ်ထဲကနေ လက်ဖက်ပန်းကန် ယူလာပြန်တယ်။ တက္ကသိုလ်ဘုန်းနိုင်ရဲ့ နွေကန္တာဦးဝတ္ထု ပထမအကြိမ် ပုံနှိပ်ခဲ့စဉ်က ၁၉၆၀ ဝန်းကျင်နှစ်ကာလတွေ။ ဆရာဘုန်းနိုင်ကြုံတွေ့ခဲ့တဲ့ ရွာမွန်သာနဲ့ ကျွန်တော် ကိုယ်တွေ့ကြုံရတဲ့ ရွာမွန်သာရာစုတစ်ဝက်မက ကွာခြားခဲ့ပြီဖြစ်ပေမယ့် ရွာမွန်သာရဲ့စေတနာက အရင်လိုကောင်းနေဆဲ။

ကျွန်တော်တို့ စကားဝိုင်းကို ကိုလွင်မိုးသိန်းရဲ့ အိမ်နီးချင်းအချို့လည်း လာနားထောင်ကြတယ်။ ကျွန်တော်တို့စကားဝိုင်းကို  လာနားထောင်သူတွေထဲမှာ မဇ္ဈိမနွယ်ဖွားတစ်ယောက်လည်းပါတယ်။ ရွာမွန်သာမှာ အိမ်ခြေ ၂၀ဝ ကျော် ရှိပြီး မဇ္ဈိမနွယ်ဖွား တွေက ထက်ဝက်လောက် နေထိုင်ကြတယ်။ ဒါပေမဲ့ ရွာသူရွာသားအားလုံး စည်းစည်းလုံးလုံး နွေးနွေးထွေးထွေးရှိကြပါတယ်။ ရွာလယ်က မူလတန်းကျောင်းလေးမှာ ရွာမွန်သာကကလေးငယ်အားလုံး အတူတကွတက်ကြတယ်။ မိတ္ထီလာပဋိပက္ခဖြစ်ပွားချိန်မှာ ရွာမွန်သာမှာတော့ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ခဲ့ကြပါသတဲ့။

နွေကန္တာဦးဝတ္ထုထဲမှာပါတဲ့ ရွာစွန်ကအိမ်ပျက်ကြီးအကြောင်း ကိုလွင်မိုးသိန်းက ပြောပြပါတယ်။

“ရွာမွန်သာမှာ အိမ်ပျက်ကြီးဆိုတာတော့မရှိဘူး။ ဒါပေမဲ့ချောင်းရိုးဟိုဘက်ကမ်းက ငှက်မင်းကုန်းရွာအစွန်မှာ ကျွန်တော်တို့ ခပ်ငယ်ငယ်ကအထိ အိမ်ပျက်ကြီးရှိခဲ့ဖူးတယ်။ အဲဒီအိမ်ကြီးကို ဆရာက ဇာတ်အိမ်တည်ခဲ့ပုံရတယ်။ အခုတော့အဲဒီနေရာမှာ အိမ်ပျက်ကြီးမရှိတော့ပါဘူး။ အိမ်သစ်တွေဖြစ်ကုန်ပြီ။ ရွာမြောက်ဖျားမှာ ချောင်းရိုးလေးဆိုတာလည်း တကယ်ရှိတယ်။ နုနုငယ်က ဒေါက်တာနှင်းငွေကို မျှော်ရင်း ရဲရဲနီတဲ့ လက်ပံပွင့်တွေ မျှောတယ်ဆိုတာ အဲဒီချောင်းရိုးလေးပေါ့။ ကန္တာရပင်စိမ်းစိမ်းတွေက အခုလည်း ရှိသေးတယ်။ အိမ်တွေနဲ့ ကွယ်နေလို့ ရုတ်တရက်မမြင်ရတာ”

mawkun-68-remembrance-jpg

Photo-Than Naing Oo

ရွာမွန်သာရွာထိပ်က ချောင်းကလေး

ရွာမွန်သာရွာက ရွာတည်ထားပုံ စနစ်တကျရှိတယ်။ ရွာလမ်းတွေက ထောင့်မတ်ကျပြီး လမ်းတွေက ဖြူးဖြောင့်နေတယ်။ ရွာထဲမှာ လျှပ်စစ်မီးတိုင်တွေ စိုက်ထူထားပြီး လျှပ်စစ်မီးရတာသည်ပင် လေးငါးနှစ်ရှိနေပါပြီ။ ကုန်စုံဆိုင်တွေကတော့ ရွာပြင်ဘက်က မိတ္ထီလာ-တောင်ကြီးလမ်းမဘေးတင်မက ရွာလယ်လမ်းမှာပါ ကုန်စုံဆိုင်တွေရှိတယ်။ ရွာအရှေ့ခြမ်းမှာ အုတ်ကာသွပ်မိုးတစ်ထပ် မူလတန်းကျောင်းလေးရှိပြီး ကျောင်းဖွင့်ရက်မို့ ဝါစိမ်းနီအလံက လေမှာတလူလူလွင့်နေတယ်။ ရွာလယ်လမ်းထောင့်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို သပ်သပ်ရပ်ရပ် ဆောက်ထားပါတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးနဲ့ မျက်နှာချင်းဆိုင်မှာ ရွာမွန်သာသမဝါယမ အဆောက်အအုံရှိတယ်။ သမအဆောက်အအုံကို ၁၉၈၇ ခုနှစ်က ဆောက်လုပ်ခဲ့တာဖြစ်ပြီး နံကပ်တစ်ထပ် အဆောက်အအုံဖြစ်ပါတယ်။ အချိန်ရဲ့တိုက်စားမှုကြောင့် သမအဆောက်အအုံရဲ့ နေရာအချို့မှာ အင်္ဂတေတွေကွာနေပါပြီ။ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ဓားလွယ်ခုတ်မှာတော့ ဘော်လီဘောကွင်းရှိပြီး ပိုက်တန်းထားတယ်။ ရွာမွန်သာမှာလက်ဖက်ရည်ဆိုင်ရှိတယ်။ အားကစားလေ့ကျင့်စရာ ဘော်လီဘောကွင်းရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် ခွဲခြားဆက်ဆံမှုအလျဉ်းမရှိ။ လေထိုးကျွတ်ဖာလုပ်သူ၊ ဆံသဆိုင်၊ ဆံပင်ဝယ်တဲ့ ဒိုင်၊ ရှင်ပြုနားသအတွက် ဝတ်စုံငှားတဲ့ဆိုင်၊ ဝါးကပ်လုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းတွေ လုပ်ကိုင်ကြတယ်။

ရွာမွန်သာက လွင်ပြင်ထဲကအညာရွာဖြစ်ပြီး တောင်သူလုပ်ငန်းလုပ်ကိုင်ကြတယ်။ ဒီနှစ်မိုးဦးအဝင်နောက်ကျနေလို့ လယ်ယာစိုက်ပျိုးရေးတွေ မစနိုင်သေးဘဲ မိုးမျှော်နေကြတယ်။ ကိုလွင်မိုးသိန်းကိုယ်တိုင်လည်း တောင်သူတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်တို့စကားကောင်းနေဆဲမှာပဲ ကိုလွင်မိုးသိန်းရဲ့လက်ကိုင်ဖုန်းကို အဝင်ကောလ်တစ်ခုဝင်လာတယ်။ စိုက်ပျိုးရေးဘဏ်က စိုက်ပျိုးစရိတ်ထုတ်ချေးယူဖို့ ဆက်သွယ်တာဖြစ်ပါတယ်။

“ကျွန်တော်တို့ဘက်က နှမ်းကိုအဓိကစိုက်ကြပျိုးကြရတာ။ ဒီနှစ်မိုးမရွာလို့ မစိုက်နိုင်သေးဘူး။ အခုတော့တောင်သူ လုပ်ငန်းမရှိလို့ ငရုတ်အညှာေြွခနေရတယ်။ ကျောက်ဆည်က ငရုတ်တွေကို သာစည်ပွဲရုံတွေကယူပြီးေြွခတာပေါ့။ ပွဲရုံကားကရွာအထိ အိမ်တိုင်ရာရောက်လာပို့တယ်။ တစ်ရက် လေးငါးခြောက်ထောင်တော့ ဝင်ပါတယ်။ ကလေးလူကြီး ငရုတ်အညှာ ေြွခကြတာပါပဲ။ ကျွန်တော်တို့ဆီက ရေတွင်းတွေကလည်း ရေငန် ထွက်တာ များတယ်။ အရင်က သောက်ရေသုံးရေအတွက် မင်းလှကန်ကို မှီခိုခဲ့ကြရတယ်။ အခုတော့ ချောင်းစပ်နားက ရေတွင်းတွေမှာ ရေချိုထွက်နေပါပြီ။

ရွာမွန်သာအရှေ့ဖျားက တံတားအနီးမှာ မြင်းဖြူရှင်နတ်နန်းရှိပြီး အုတ်တိုက်နဲ့ဆောက်လုပ်ထားတယ်။ ရွာအနောက်ဖျားမှာတော့ တစ်ဧကလောက်ရှိတဲ့ မိုးရေစုကန်ကြီးရှိပါတယ်။ ကန်ပေါင်လမ်းအတိုင်း ရွာမွန်သာရွာထဲကို ဝင်လို့လည်းရပါတယ်။ ပွင့်လင်းလွတ်လပ်တဲ့ခေတ်မို့ ရွာမွန်သာမှာ နိုင်ငံရေးပါတီရုံးခွဲတွေလည်း ဖွင့်ထားပြီး ဆိုင်းဘုတ်တွေလည်း စိုက်ထူထားပါတယ်။ ရွာမွန်သာလမ်းမတန်းမှာတော့ တိုက်တာအိမ်ခြေအသစ်တွေ ဆောက်လုပ်နေတာ တွေ့ရပါတယ်။ ရွာမွန်သာရဲ့သင်္ကေတလို့ဆိုနိုင်တဲ့ မြင်းလှည်းတွေက မိတ္ထီလာ-တောင်ကြီးလမ်းမပေါ် တခွပ်ခွပ်သွားနေကြတယ်။ သာစည်-ရွာမွန်သာ မြင်းလှည်းစီးသူတွေ ခုချိန်ထိ ရှိနေဆဲဖြစ်တယ်။ ဆိုင်ကယ်ကယ်ရီတွေ ရှိနေပေမယ့် ရွာမွန်သာကို သွားလာကြတဲ့ ခရီးသွားအချို့က မြင်းလှည်းတွေကို ခုံခုံမင်မင်စီးနေကြဆဲဖြစ်ပါတယ်။

mawkun-68-remembrance-jpg

Photo-Than Naing Oo

ရှမ်းရိုးမတောင်ခြေက အညာရွာ

စာရေးဆရာ မောင်သာရရဲ့ “ဝက်လူးကျေးရွာသွား တောလား” ကြောင့် နွားထိုးကြီးနယ်က ဝက်လူးကိုစာချစ်သူတွေ သိခဲ့ရသလို တက္ကသိုလ်ဘုန်းနိုင်ရဲ့ “နွေကန္တာဦး” ကလည်း ရွာမွန်သာကို စာဖတ်သူတွေရဲ့စိတ်မှာ စွဲထင်စေခဲ့ရပါတယ်။ မိတ်ဆွေတို့ကို တိုက်တွန်းပါရစေ။ နွေကန္တာဦးကို ဖတ်ပြီးတဲ့အခါ သာစည်မြို့နယ်ထဲက ရှမ်းရိုးမတောင်ခြေမှာရှိတဲ့ ရွာမွန်သာကို အရောက်သွားလည်ပါ။ ရွာမွန်သာက မိတ်ဆွေတို့ကို နွေးထွေးစွာကြိုဆိုပါလိမ့်မယ်။


#mawkun #magazine #chronicle #remembrance #no68 #than_naing_oo


 

အမျိုးအစား - အမေ့ခံ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."