မော်ကွန်းမဂ္ဂဇင်း အမှတ်စဉ် ၆၈ မှ သုံးသပ်ချက် ဖြစ်ပါသည်။
ဒေါက်တာစိုးခိုင်ရေးသည်။
မြန်မာနိုင်ငံတွင် နိုင်ငံသားများအားလုံး ဘေးအန္တရာယ်ကင်းရှင်း၍ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာနှင့် စားသောက်ကုန်များကို ဝယ်ယူစားသုံးနိုင်ရေးသည် အမျိုးသားကျန်းမာရေး အဆင့်အတန်းနှင့် ပြည်သူ့ကျန်းမာရေးမြှင့်တင်ခြင်းအတွက် အရေးပါသော လုပ်ငန်းကဏ္ဍများအနက်တစ်ခုဖြစ်ပါသည်။ ၁၉၈၀ မှ ယနေ့ကာလ ဆယ်စုနှစ်လေးခုနီးပါး မြန်မာနိုင်ငံသားများ၏ ကြီးထွားမှု (Growth)၊ ကျန်းမာသန်စွမ်းမှု (Strength) နှင့် အသက်ရှည်အနာမဲ့မှု (Life Span and Health) အခြေအနေသည် လွန်စွာအားနည်းချို့ယွင်းလာသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံသား ၉၀ ရာခိုင်နှုန်းသည် သန့်ရှင်းလတ်ဆတ်မှုမရှိ၊ ဘေးအန္တရာယ်ဖြစ်စေသောရုပ်၊ ဓာတု၊ ဇီဝ အန္တရာယ်သုံးသွယ် Physical, Chemical and Biological (Microbial) Hazards ကျရောက်ကူးစက်နေပြီး အာဟာရတန်ဖိုးနည်းပါးသော အစားအစာများကို စားသုံးနေရသည့်အပြင် တစ်ဦးချင်းအစားအစာစားသုံးမှုပမာဏ(Volume of Food Intake) မှာလည်း တစ်ဦးချင်းအလိုက် လွန်စွာ လျော့နည်း၍ နေ့စဉ်လိုအပ်ချက် (Daily Nutrition Requirement) ပြည့်မီခြင်းမရှိကြောင်း ဝမ်းနည်းစွာတွေ့ရှိနေရပါသည်။
ဤကဲ့သို့ ဖြစ်ရသည့်အကြောင်းရင်းများစွာတွင် ပထမအချက်မှာ အောက်ခြေသာမန် လူတန်းစားများ၏ တစ်ဦးချင်း နေ့စဉ်အနည်းဆုံးဝင်ငွေနှင့် စားသောက်ကုန်ဈေးနှုန်း အချိုးဟန်ချက်မမျှခြင်းကြောင့်ဖြစ်ပါသည်။ ထိုင်းနိုင်ငံတွင် အနိမ့်ဆုံးနေ့တွက်ခ ထိုင်းဘတ် ၃၀ဝ(ကျပ် ၁၅,ဝဝဝ ဝန်းကျင်) ရှိပြီး ဘန်ကောက်မြို့လမ်းမပေါ်မှ ထမင်းနှင့်ဟင်းတစ်ပွဲ၏ ရောင်းချဈေးနှုန်းမှာ ဘတ် ၃၀ ပျမ်းမျှဖြစ်ပါသည်။ သောက်ရေသန့်တစ်လီတာဘူး၏ စူပါမားကက်ဈေး နှုန်းမှာ ၄ ဘတ်ဖြစ်ပါသည်။ နေ့စဉ်အနိမ့်ဆုံးလုပ်ခ၏ ၁၀ ရာခိုင်နှုန်းဖြစ်ပါသည်။ ကိုယ်တိုင်ချက်စားပါက ထို့ထက်သက်သာပါသည်။ မြန်မာနိုင်ငံတွင် အနိမ့်ဆုံးလုပ်ခမှာ ၄,၈၀ဝ ကျပ်ဖြစ်ရာ ရရှိသောနေ့စဉ်ဝင်ငွေနှင့် စားသောက်မှုစရိတ်မှာ ထပ်တူအချိုးနီးပါး ဖြစ်နေပါသည်။ ယင်းအချက်ကို ပထမဆုံးသုံးသပ်ဖြေရှင်းသင့်ပါကြောင်း အကြံပြုအပ်ပါသည်။
ဒုတိယအချက်မှာ စားသောက်ကုန်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှု (Food Manufacturing and service Industries)တွင်တိကျ၍ အရည်အသွေးကောင်းမွန်ပြည့်စုံသော စံချိန်စံညွှန်းသတ်မှတ်ချက် ပြည့်ဝစွာသတ်မှတ်ခြင်း၊ ထိရောက်သောစစ်ဆေးမှု ကြပ်မတ်ကွပ်ကဲမှု၊ စားသောက်ကုန်နည်းပညာနှင့် ဥပဒေ ရေးရနည်းဥပဒေ ပြဋ္ဌာန်းချက်များကို သက်ဆိုင်ရာအစိုးရဌာနမှစဉ်ဆက်မပြတ် ပံ့ပိုးကူညီတွဲခေါ်နိုင်မှုအားနည်းခြင်း၊ အခြားမကုန်ကျစေသင့်သော (Other Transaction Costs) များများ ပြားခြင်း၊ လုပ်ငန်းရှင်များလုပ်သာကိုင်သာသော အခွန်နှုန်းသတ်မှတ်ရန် လိုအပ်နေခြင်းအပြင် အရေးကြီးဆုံးမှာ အရည်အချင်းရှိသောလူ့စွမ်းအားအရင်းအမြစ်များ နည်းပါးပြတ်လပ်လာခြင်းနှင့် သုတေသနနှင့်ဖွံ့ဖြိုးမှုအတွက် နိုင်ငံတော်အစိုးရက အားပေးကူညီပံ့ပိုးမှုမရှိခြင်းကြောင့် စံချိန်စံညွှန်း အတိအကျပြည့်မီသော ထုတ်ကုန်ပစ္စည်းများမထုတ်လုပ်နိုင်၊ မထုတ်လုပ်ကြခြင်းနှင့် ဝန်ဆောင်မှု(Food Service) နှင့် ရောင်းဝယ်မှု (Food Trading and Supply) များကို ဥပဒေဆန့်ကျင်မျက်ကွယ်ပြု ဆောင်ရွက်လာကြခြင်းတို့ဖြစ်ပါသည်။
တတိယအချက်မှာ သက်ဆိုင်ရာဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့် အဂတိကင်းရှင်းစွာ တိတိကျကျ ပြတ်ပြတ်သားသား ဆောင်ရွက်နိုင်မှုအားနည်းခြင်းကြောင့်ဖြစ်ပါသည်။ ၂၀ဝ၈ က တရုတ်နိုင်ငံ၌ ကလေးနိုမှုန့်များတွင်မယ်လမင်း ရောနှောရောင်းချသည့်ပြဿနာဖြစ်ပေါ်ပြီးနောက် အစားအစာမသမာမှုပြုခြင်းအတွက် သေဒဏ်အပြစ်ပေးသည်အထိ ဥပဒေပြဋ္ဌာန်းဆောင်ရွက်ခဲ့သော်လည်း ၂၀၁၂ စစ်တမ်းအရ အစားအစာမသမာမှုပြုလုပ်ခြင်းရာဇဝတ်မှုများ လျော့နည်းသွားခြင်းမရှိဘဲ ၂၀ ရာခိုင်နှုန်း တိုးတက်များပြားလာကြောင်းတွေ့ရှိရပါသည်။ Melamine ပြီးနောက် ကမ္ဘာကျော်သွားသောအစားအစာ မသမာမှုမှာ ရေမြောင်းဆီ (Canal Oil) ဖြစ်ပါသည်။၂၀ဝ၈ Melamine Crisis အချိန်က အဖမ်းခံရသော တရုတ်စားသောက်ကုန်လုပ်ငန်းရှင်တစ်ဦးသည် ၎င်းကိုလက်ထိပ်ခတ်နေသော ရဲများ၏ရှေ့တွင် ဇနီးသည်အား မစိုးရိမ်ပါနဲ့၊ အလွန်ဆုံးထောင်ဒဏ်သုံးနှစ်ပါ၊ ဒီကြားထဲကြည့်လုပ်လို့ရသေးတယ်ဟု ပြောင်ပြောင်တင်းတင်း ပြောခဲ့ကြောင်း တရုတ်သတင်းမီဒီယာများကဖော်ပြခဲ့ပါသည်။
စင်ကာပူနိုင်ငံ Ministry of Health နှင့် Ministry of Environment and Water Resources သည် စင်ကာပူနိုင်ငံရှိ စားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများ (Food Manufacturing) နှင့် စားသောက်ဆိုင်လုပ်ငန်း (Food Catering facturing) ကိုထိန်းချုပ်ကွပ်ကဲ စိစစ်ကြပ်မတ်ပါသည်။ စင်ကာပူ နိုင်ငံရှိ မုန့်ထုတ်လုပ်မှုလုပ်ငန်း (Bakery Business) အားလုံးသည် ၂၀၁၃ ဇန်နဝါရီ ၁ ရက်မှစ၍ မိမိတို့၏ မုန့်ဖုတ်လုပ်ငန်းတွင် အသုံးပြုနေသောဟင်းရွက်ဆီ (Margarine) များတွင် မကျန်းမာသောအဆီ (Transfat) နှစ်ရာခိုင်နှုန်းထက် ပိုမိုမပါဝင်စေရဟု ၂၀၁၂ ဩဂုတ်တွင် အမိန့်ထုတ်ပြန်ကြေညာလိုက်ပါသည်။ သည်နောက် စင်ကာပူတစ်နိုင်ငံလုံးရှိ မုန့်ဖုတ်လုပ်ငန်းအားလုံး မည်သည့်လုပ်ငန်းကို ရှောင်တခင် ဝင်ရောက်စစ်ဆေးသည်ဖြစ်စေ မကျန်းမာသောအဆီ နှစ်ရာခိုင်နှုန်းအောက်သာပါဝင်ကြောင်းတွေ့ရှိရသည်။ မြန်မာနိုင်ငံ၏ စားသောက်ကုန်လုပ်ငန်းအားလုံး ထိုကဲ့သို့ ဥပဒေလိုက်နာမှုဖြစ်စေရန် သက်ဆိုင်ရာဝန် ကြီးဌာနများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။
စံချိန်အရည်အသွေးမီ စားသောက်ကုန်လုပ်ငန်းများ ထုတ်လုပ်ရန်သည် ဥပဒေပြဋ္ဌာန်းခြင်းနှင့် စဉ်ဆက်မပြတ် အဂတိကင်းရှင်းသော စစ်ဆေးကြပ်မတ်မှုအပြင် နည်းပညာနှင့်လူသားအရင်းအမြစ် ပြည့်စုံလုံလောက်ရန် ပံ့ပိုးကူညီမှုနှင့်သုတေသနနှင့်ဖွံ့ဖြိုးမှုလုပ်ငန်းစဉ်များအား ပြည်တွင်းပြည်ပ တက္ကသိုလ်များ၊ နည်းပညာအဖွဲ့အစည်းများနှင့် ဆက်သွယ်ပူးတွဲဆောင်ရွက်ခွင့်ရရန် နိုင်ငံတော်အစိုးရကမြန်မာစားသောက်ကုန်လုပ်ငန်းရှင်များအား အားပေးကူညီထောက်ပံ့သင့်ပါသည်။ စစ်ဆေးကြပ်မတ်မှုအောင်မြင်၍ စံချိန်စံညွှန်းမီမလုပ်ဆောင်နိုင်သောလုပ်ငန်းရှင်များအား ဆက်လက်လုပ်ကိုင်ခွင့်ပိတ်သိမ်းခြင်းအပြင် လုပ်ငန်းအားလုံးကမ္ဘာ့အသိအမှတ်ပြု စံညွှန်းနည်းစနစ်များဖြစ် သော (Hazard Analysis Critical Control Points-HACCP) ၊ (Sanitation Standard Operation Procedure-SSOP) နှင့် (Good Manufacturing Practice-GMP) Certificate အသိအမှတ်ပြုလက်မှတ်များ မရှိလျှင်ထုတ်လုပ်မှုလိုင်စင်ချမပေးခြင်းဖြင့် အရေးယူဆောင်ရွက်သင့်ပါသည်။
အမေရိကန်ပြည်ထောင်စု (Center of Disease Control-CDC) ရောဂါထိန်းချုပ်ရေးဗဟိုဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်ပြည်ထောင်စုတွင် နှစ်စဉ်လူခြောက်ဦးတွင်တစ်ဦး သို့မဟုတ် လူပေါင်း ၄၈ သန်းသည်အစားအစာမှ ရောဂါရအဆိပ်သင့်ခြင်းဖြစ်လျက်ရှိပြီး လူ ၃,ဝဝဝ သေဆုံးလျက်ရှိပါသည်။ အစားအစာမှရောဂါဖြစ်ခြင်း (Food Borne Illness)ကို နှစ်စဉ် ၁၀ ရာခိုင်နှုန်းထိန်းချုပ်နိုင်လျှင် လူ ငါးသန်းရောဂါကင်းဝေးစေနိုင်ပြီး E-coli ဝ၁၅၇ ဘက်တီးရီးယားရောဂါပိုးကူးစက်ခြင်း တစ်မျိုးတည်းကိုကာကွယ်နိုင်လျှင်ပင် လူ ခုနစ် သန်းကိုကယ်တင်နိုင်ကြောင်း ထုတ်ပြန်ထားသည်။
အစားအစာမှ ရောဂါကူးစက်ခြင်းအများဆုံး အစားအစာခုနစ်မျိုးမှာ-
အစားအစာ ရောဂါပိုး
၁။ ကြက်သား Compylobacter
Poultry
၂။ အမဲသား E-coli ဝ၁၅၇
Ground Beef
ဟင်းရွက်စိမ်း
Leafy Greens
မကျိုချက်သော နွားနို့
Raw Milk
၃။ အသား Deli Meat LIsteria
ပိုးမသတ်သော ဒိန်ခဲ
Unpasteurized soft cheese
၄။ ဥ Eggs Salmonella
ကြက်သား
Poultry
အသား Meat
၅။ ခရု Vibrio
Raw oysters
၆။ ဆင်းဒဝစ်ပေါင်မုန့် Norovirus
Sandwiches
ဟင်းရွက်သုပ်
Salads
၇။ အသားများ Toxo Plasma
Meat
ဖြစ်ကြောင်းတွေ့ရှိရသည်။
ဤကဲ့သို့ဖြစ်ရခြင်း အကြောင်းရင်းများမှာ-
(၁) အစားအစာထုတ်လုပ်မှု (Production) နှင့် ဝန်ဆောင်မှု (Supply) ပုံစံ ပြောင်းလဲခြင်း
(၂) ပတ်ဝန်းကျင်ပြောင်းလဲမှုကြောင့် အစားအစာများကူးစက်ရောဂါဖြစ်ခြင်း (Food Contamination due to change in the enviroments)
(၃) နိုင်ငံအနှံ့ ရောဂါပိုးကူးစက်ပျံ့နှံ့နေခြင်း
(၄) ရောဂါပိုးအမျိုးအစားအသစ်များ ဖြစ်ပေါ်လာပြီး ဆေးဝါး ယဉ်ပါးမှု ဖြစ်လာခြင်း (New and Emerging Germs, Toxins and Antibiotic Resistance)
(၅) အစားအစာထုပ်ပိုးမှုမှ ရောဂါကူးစက်ခြင်းနှင့် ဓာတုပစ္စည်းအန္တရာယ်ဖြစ်ပေါ်လာခြင်းတို့ကြောင့်ဖြစ်ပါသည်။
နှစ်စဉ် လူခြောက်ဦးတွင်တစ်ဦး အစားအစာမှရောဂါဖြစ်ပေါ်ခံစားရခြင်းတွင် E-coli ဝ၁၅၇ ကြောင့်ဖြစ်ပွားခြင်းမှာ ၅၀ ရာခိုင်နှုန်း (၂၄ သန်း) ရှိပြီး Salmonella ဘက်တီရီးယားများကြောင့် ဖြစ်ပေါ်ခံစားရသော အစာအဆိပ်သင့်ခြင်းကြောင့် ဆေးကုသရသော ကုန်ကျစရိတ်သည် နှစ်စဉ်ဒေါ်လာ ၃၅၆ သန်းရှိကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ထားသည်။
စံချိန်စံညွှန်းမီထုတ်လုပ်ခြင်း
ြမန်မာ့စားသောက်ကုန်လုပ်ငန်းတွင် HACCP စနစ်သတ်မှတ်ချက်အရ From Farm to Folk သို့မဟုတ် Farm to Table စိုက်ပျိုး/ မွေးမြူ/ဖမ်းဆီးရရှိအဆင့်မှ အဆင်သင့်စားသောက်သည့် စားပွဲပေါ်အရောက်ထိ အဆင့်များရှိရာ အဆင့်တိုင်းတွင် စနစ်ကျ၍ သတ်မှတ်စံညွှန်းစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်စေသင့်ပါသည်။
သတ်မှတ်ချက်နှင့် ညွှန်ကြားချက်အတိုင်း ထုတ်လုပ်မှုဖြစ်၊ မဖြစ်ကို သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်း သို့မဟုတ် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ တိကျမှန်ကန်ပြတ်သားစွာ အဂတိကင်းကင်း စစ်ဆေးကြပ်မတ် လမ်းညွှန်ကူညီသွားရန် လွှတ်တော်မှဥပဒေတစ်ရပ်ပြဋ္ဌာန်းရန် ဆွေးနွေးဆုံးဖြတ်သင့်ပြီး ထိုကဲ့သို့ လိုက်နာဆောင်ရွက်မှုရှိ၊ မရှိကိုလည်း ပြန်လည်စစ်ဆေးကြပ်မတ်မှု (Counter Inspection and Monitoring) ပြုသည့် ကော်မတီတစ်ရပ် ဖွဲ့စည်းတာဝန်ပေးသင့်ပါသည်။ သို့မှသာ အများပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်း၊ အာဟာရပြည့်ဝပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအစာများကို စိုးရိမ်ကင်းစွာ စားသုံးနိုင်ပြီး နိုင်ငံသားများ၏ ကျန်းမာသန်စွမ်းမှုနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု ပြည့်စုံကောင်းမွန်လာပြီး လူနေမှုနှင့်နေထိုင်မှု၊ တွေးခေါ်စဉ်းစားမှုလည်း ရင့်သန်တိုးတက်လာပြီး Healthy Living and Social Environment တည်ဆောက် ရရှိလာမည်ဖြစ်ပါသည်။
ထိုမှတစ်ဆင့်ပြည်သူများ၏ ကျန်းမာရေး၊ ပညာ ရေး၊ လူမှုအသိ၊ အားကစားဖွံ့ဖြိုးတိုးတက်အောင်မြင်မှု အဆင့်အတန်း မြင့်မားလာခြင်းကြောင့် နိုင်ငံနှင့်လူမျိုးတို့၏ ဂုဏ်သိက္ခာလည်း နိုင်ငံတကာ၏ လေးစားအသိအမှတ်ပြုခြင်းကိုခံရမည်ဖြစ်ပါသည်။ အရေးကြီးသောအချက်မှာ အစားအစာမသမာပြုမှုအတွက် တိကျပြတ်သားသော ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းခြင်းနှင့် တစ်ချိန်တည်း မှန်ကန်၍ကိုယ်ကျိုးရှာမှု၊ အဂတိလိုက်စားမှုကင်းသော စစ်ဆေးကြပ်မတ် အရေးယူဆောင်ရွက်မှုလည်းရှိစေရန်လည်းကောင်း၊ အဆင့်တိုင်းရှိ ပါဝင်ပတ်သက်သူ လုပ်ငန်းရှင်များနှင့် စားသုံးသူများအတွက်လည်း နိုင်ငံတော်အစိုးရမှ ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ထုတ်လုပ်မှုစရိတ် သက်သာစေမည့် မလိုလားအပ်သော အခြားကုန်ကျစရိတ်များ နည်းပါးသက်သာစေရန်၊ လုပ်ငန်းဆောင်ရွက်မှု အဆင့်တိုင်းတွင် သက်ဆိုင်သော အစိုးရဌာနများ၏ ကြိုးနီစနစ်များနှင့် ဗျူရိုကရက်ဆန်သော လုပ်ဆောင်မှုများအား ဖယ်ရှား၍လည်းကောင်း၊ တိုင်ကြားလာပါက စစ်ဆေးအရေးယူ၍လည်းကောင်း၊ လုပ်ငန်းရှင်များအား အထောက်အကူပြုရန်နှင့် ဈေးကွက်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးရန် ဖြစ်ပါသည်။
၂၀ဝ၀ ပြည့်နှစ်က ထိုင်း-မြန်မာလုပ်ငန်းရှင်များတွေ့ဆုံပွဲသို့တာ့ခ် (TAK) ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ထိုင်း- မြန်မာလုပ်ငန်းရှင်များအသင်း၏စီစဉ်မှုဖြင့် တက်ရောက်ခဲ့ရင်း အစီအစဉ်ပါလေ့လာရေးခရီးစဉ်တွင် ထိုင်းလုပ်ငန်းရှင်တစ်ဦး၏ ဟင်းသီးဟင်းရွက်စည်သွတ်၍ ဂျပန်ဈေးကွက်သို့ တင်ပို့သော စက်ရုံသို့ သွားရောက်လေ့လာခွင့်ရခဲ့ပါသည်။ Maesot မြို့၏ အရှေ့မြောက်ဘက် ခုနစ်မိုင်ဝေးကွာသော စက်မှုဇုန်၏ အရပ်တွင်တည်ရှိပါသည်။ မော်တော်ကားလမ်းမှာ ခြောက်လမ်းသွား ကတ္တရာချောလမ်းဖြစ်ပြီး လျှပ်စစ်မီး ၂၄ နာရီရရှိပါသည်။ မြေနေရာကို TAK ခရိုင်အုပ်ချုပ်ရေးမှူးမှ ရွေးချယ်ချမှတ်လုပ်ကိုင်ခွင့်ပြုပေးပြီး ငွေကြေးအရင်းအနှီးကို Thai Farmer’s Bank (ယခု Kasikorn Bank)က နှစ်ရှည်ချေးငွေထုတ်ချေးပေးကာ နည်းပညာကို Ching Mai University နှင့် Australia Institute of food Technology ကကူညီပံ့ပိုးပို့ချသင်ကြားပေးပြီး စစ်ဆေးအကြံပြုပေးပါသည်။ Thailand Trade Ministry ၏ဆက်သွယ်ဆောင်ရွက်မှုနှင့် ဂျပန်ကုမ္ပဏီ၏ စိတ် တိုင်းကျ စိစစ်မေးမြန်း ကွင်းဆင်းလေ့လာမှုဖြင့် ၎င်းစက်ရုံမှထွက်ရှိသော ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစည်သွတ်ဘူးများကို ဂျပန်ကုမ္ပဏီသို့ ပေးသွင်းရောင်းချရန် ငါးနှစ်စာချုပ်ချုပ် ဆို၍ Maesot Thai Farmer’s Bank တွင် ဂျပန်ကုမ္ပဏီက Irrivocable Letter of Credit L/c အာမခံ ဖွင့်လှစ်ပေးသောကြောင့် ဘဏ်ချေးငွေ၊ ဈေးကွက်၊ နည်းပညာလုံးဝအခက် အခဲမရှိ အခြေအနေရောက်သွားပါသည်။ ဂျပန်ကုမ္ပဏီမှ Quality Control Technician နှစ်ဦး ထားရှိပြီးစံသတ် မှတ်ချက်အတိုင်း ထုတ်လုပ်သွားစေရန် အနီးကပ်ကြီးကြပ် အကြံပြုသင်ကြားပို့ချပေးပါသည်။ ၎င်းင်းစက်ရုံတွင် အုပ်ချုပ်ရေး၊ ငွေစာရင်းဌာနနှင့် စက်ရုံမန်နေဂျာ၊ အလုပ်ကြပ်ငါးဦးမှအပ လုပ်သားဝန်ထမ်း ၁၆၀ ဦးရှိရာ အားလုံးကရင်လူမျိုးများဖြစ်ကြပြီး ထိုင်းဘာသာစကား ပြောတတ်ကြကြောင်း၊ စက်ရုံမှစားသောက်နေထိုင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးကြောင်းတွေ့ရပါသည်။ မြန်မာနိုင်ငံတိုင်းဒေသကြီးများနှင့် ပြည်နယ်များမှတောင်သူလယ်သမားများ၊ ကိုင်းလုပ်သူများအတွက် အလားတူ အစီအစဉ်မျိုး ဖြစ်ပေါ်စေရန် လွှတ်တော်မှအဆိုပြု ဆွေးနွေးဆုံးဖြတ်ပြီးအစိုးရသို့ တိုက်တွန်းရုံမကဘဲ ဖြစ်မြောက်ရေးကော်မတီတစ်ရပ် ဖွဲ့စည်းလုပ်ဆောင်သင့်ပါသည်။အရေးယူကြပ်မတ် စိစစ်တားဆီးခြင်း မည်သည့်နိုင်ငံတွင်မဆို အမြတ်အစွန်းကြီးမားစွာ ရရှိရန် နှင့် အခွန်အခများ ရှောင်လွှဲရန်အတွက် ရောနှောအရည်အသွေး ညံ့ဖျင်းအန္တရာယ်ရှိသော Adulterated and Hazardous Foods များကို မသမာမှုဖြင့် ထုတ်လုပ်ရောင်းချခြင်း၊ အခြားနိုင်ငံ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်ကုန်သွယ်ရေး စခန်းမှ ရက်စွဲလွန်၊ လတ်ဆတ်မှုမရှိ၊ ပျက်စီးစွန့်ပစ်နှင့် တစ်နည်းနည်းဖြင့် Physical Hazard, Chemical Hazrd, Bio-logical Hazard တစ်မျိုးသော သို့မဟုတ် တစ်မျိုးထက်ပိုသော ကူးစက်ခံအစားအစာများကို Zero Cost သုညစရိတ်ဖြင့် စုဆောင်းတင်သွင်းရောင်းချခြင်းများပြုလုပ်သူ၊ ဥပဒေချိုးဖောက်၍ ကိုယ်ကျိုးသာကြည့်သူ ပြည်တွင်း/ပြည်ပ လုပ်ငန်းရှင်စီးပွားရေးသမားများ အမြဲပင်ရှိနေပါသည်။ ဤကဲ့သို့သော ဥပဒေကျူးလွန်မှုနှင့် အများပြည်သူများ၏ ကျန်းမာရေးအန္တရာယ်ကို ဖြစ်စေမှုများအား တားဆီးအရေးယူရန်အတွက် လွှတ်တော်မှ အရေးကြီးအဆိုဖြင့် ဆွေးနွေးဆုံးဖြတ်၍ အစိုးရအဖွဲ့သို့ တိုက်တွန်းခြင်း၊ ကော်မတီတစ်ရပ်ဖွဲ့စည်း၍ စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ရန်လိုအပ်ပါသည်။ လွှတ်တော်ကော်မတီမှ ချမှတ်ပေးရန် သင့်လျော်သော ကြပ်မတ်အရေးယူကြိုးပမ်းမှုတချို့ကို အောက်ပါအတိုင်းအကြံပြုတင်ပြလိုပါသည်။
(၁) ထုတ်လုပ်မှုလုပ်ငန်းတိုင်းကို နိုင်ငံတကာအသိအမှတ်ပြု ISO Certificate, HACCP System Acreditation GMP Certificate နှင့် SSOP နှင့်QMS (Quality Management System) အသိအမှတ်ပြုလက်မှတ်များ မရရှိပါက လုပ်ငန်းလုပ်ကိုင် မှု ခွင့်ပြုချက်ပေးရန်နှင့် ခွင့်ပြုချက်မရှိဘဲ လုပ်ကိုင်နေ ကြောင်း တွေ့ရှိရပါက ကြီးလေးသော ပြစ်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတာဝန်ရှိ အစိုးရနှင့် အဖွဲ့အစည်းများက အဂတိကင်းရှင်းစွာ ဆောင်ရွက်ရန် စောင့်ကြည့်စိစစ်ခြင်း။
(၂) စားသောက်ဆိုင်၊ စားသောက်ဆိုင်တန်းနှင့် Food Center အားလုံး Sanitation and Hygienic Operation System သင်တန်းများ ပို့ချပေးရန်နှင့် သင်တန်းဆင်းလက်မှတ်ရရှိပြီးမှသာ ဆိုင်ခန်းဖွင့်လှစ် ရောင်းချခွင့်ပြုရန်၊ ရှောင်တခင်စစ်ဆေးမှု အစီအစဉ် Inspection Calendar ဖြင့် စဉ်ဆက်မပြတ် စစ်ဆေးကြပ်မတ်ရန် သက်ဆိုင်ရာ အစိုးရဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း သို့မဟုတ် နည်းဥပဒေ ပြဋ္ဌာန်းခြင်း။ (ဥပမာအားဖြင့် စင်ကာပူနိုင်ငံ တွင်းရှိ Hawker Center နှင့် Food Courts အားလုံးသည် Ministry of Environment and Water Resources ၏ နာရီ ၂၀ သင်တန်း တက်ရောက်ရပြီး စာမေးပွဲဖြေဆို အောင်မြင်မှသာ ဆိုင်ခန်းဖွင့်လှစ်ရောင်းချခွင့်ရှိပါသည်။ အမြဲတမ်းအချိန်မရွေး စစ်ဆေးမှုလည်း ခံယူရပါသည်။ စင်ကာပူနိုင်ငံအစိုးရဌာနဝန်ထမ်းများသည် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမသမာမှုအလွန်ကင်း ရှင်းသည်ဟု နိုင်ငံတကာမှ အသိအမှတ်ပြုပေးပါသည်။
(၃) အရေးယူမှုအား အများပြည်သူ အပြည့်အစုံ သိရှိစေရန် အသေးစိတ် ထုတ်ဖော်ကြေညာသွားခြင်းနှင့် ဈေးကွက်မှ ပြန်လည်သိမ်းဆည်းခြင်း (Public Alert and Recalls) ဆောင်ရွက်သင့်ပါသည်။
မြန်မာနိုင်ငံ အစားအစာနှင့် ဆေးဝါးကွပ်ကဲ ကြီးကြပ်ရေး ဦးစီးဌာန (FDA Myanmar) မှ လည်းကောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်စည်ပင်သာယာရေးကော်မတီမှ လည်းကောင်း၊ ကုန်သွယ်ရေးòန်ကြားမှုဦးစီးဌာနမှ လည်း ကောင်း၊ Adulterated and Hazardous စစ်ဆေးတွေ့ရှိ ဖမ်းဆီးရမိတိုင်း ၎င်းနှင့်ပတ်သက်သော သတင်းအချက်အလက် အပြည့်အစုံကို ပြည်သူများသို့ ထုတ်ပြန်နိုင်ရန် လွှတ်တော်ကော်မတီမှ စောင့်ကြပ်ကြီးကြပ်ပေးရန် လိုအပ်ပါမည်ဟု အကြံပြုလိုပါသည်။ ကုန်ပစ္စည်း၊ အမှတ်တံဆိပ်၊ ထုတ်လုပ်သော ကုမ္ပဏီ၊ စစ်ဆေးတွေ့ရှိချက်နှင့် ဖြစ်စေနိုင်သော ဘေးအန္တရာယ်၊ ဈေးကွက်မှ ပြန်လည်သိမ်းဆည်းနေမှု အခြေအနေနှင့် အရေးယူ ပြစ်ဒဏ်ပေးမှု နောက်ဆုံးအဆင့်ဖြစ်ပေါ်မှုတို့ကို မီဒီယာများမှ အချိန်နှင့် တစ်ပြိုင်တည်းထုတ်ပြန် အသိပေးပြီး Inquiry Center များထားရှိ ဖြေကြားပေးခြင်းကို ဆောင်ရွက်ပေးသင့် ပါသည်။
၎င်းမသမာမှုဖြင့် ထုတ်လုပ်ရောင်းချတင်သွင်းသော အန္တရာယ်ရှိ အစားအစာ ထုတ်ကုန်အားလုံး၏ နောက်ဆုံး ဆုံရာ အချက်အချာဗဟိုသည် လက်လီရောင်းချမှုဈေးကွက်များဖြစ် သော ဈေးဝယ်စင်တာနှင့် ကုန်စုံဆိုင်များ၊ ဈေးများနှင့် အိမ်ဆိုင် များတွင် ရောက်ရှိ ရောင်းချရမည် ဖြစ်သောကြောင့် ၎င်းလက်လီ ဈေးကွက်နေရာအားလုံးကို အစီအစဉ်စနစ်တကျဖြင့် စစ်ဆေး ကြပ်မတ် အရေးယူရန်အပြင် လက်ကားဈေးကွက် ဖြန့်ချိရေးလုပ် ငန်းများနှင့် ၎င်းတို့၏ ဆက်စပ်သိုလှောင်ရုံများကိုလည်း အစီအစဉ်ချမှတ် စစ်ဆေးသွားရန် လွှတ်တော်ကော်မတီမှ ကြီးကြပ် ဆောင်ရွက်သင့်ပါကြောင်း အကြံပြုအပ်ပါသည်။ ဤကဲ့သို့ ဆောင်ရွက်လိုက်ပါလျှင် ပြည်တွင်းမှ ထုတ်လုပ်သည်ဖြစ်စေ၊ ပြည်ပမှ မှောင်ခိုတင်သွင်းလာသည်ဖြစ်စေ ရောင်းချရန် ဈေး ကွက် ကျဉ်းမြောင်းပျောက်ဆုံးသွားပြီး လျော့နည်းရပ်တန့်သွား မည် ဖြစ်ပါသည်။
အစားအစာမှ တစ်ဆင့် ကူးစက်မှုဖြစ်ကြောင်း Food Contamination နှင့် အစာအဆိပ်သင့်ခြင်း (Food Poisoning) ၊ အစားအစာဘေးအန္တရာယ်မှ ဖြစ်ပေါ်လာနိုင်သော ရောဂါဘယများ (Foodborne Illness) များနှင့် ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များ၊ အသိပေး အစီအစဉ်များ၊ တစ် ကိုယ်ရေသန့်ရှင်းမှု (Personal Hygiene Awarness) နှင့် Hand Wash Method (WHO notified) ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ပညာပေးဖြန့်ဝေသော လက်ဆေးသန့်စင်နည်းစနစ်များ စသည့် သိသင့်သော ပညာပေးအချက်အလက်များကို မီဒီယာအားလုံးမှ ဖြန့်ဝေပုံနှိပ်လွှင့်ထုတ် အသိပေးခြင်းကို ဆောင်ရွက် သင့်ပါသည်။
အရေးကြီးလိုအပ်သော အစီအစဉ်တစ်ရပ်မှာ မသမာ သော အစားအစာများ တွေ့ရှိခြင်း၊ ဝယ်ယူ စားသုံးမိခြင်း၊ ထိုမှ တစ်ဆင့် အစာအဆိပ်သင့်မှု ဖြစ်ပေါ်ခြင်းများအတွက် ပြည်သူ များမှ တိုင်ကြားလာမှုကို တိုင်ကြားသူမှ မိမိတိုင်ကြားချက်အား တာဝန်ယူနိုင်ပါက လွှတ်တော်ကော်မတီတစ်ရပ် ဖွဲ့စည်း၍ စုံစမ်း စစ်ဆေးကြားနာ အရေးယူမှု ပြုလုပ်ပေးရန် ဖြစ်ပါသည်။ သို့ ဖြစ်၍ ပြည်သူ့လွှတ်တော်မှ ၎င်းကော်မတီတစ်ရပ်ကို လွှတ် တော်ကိုယ်စားလှယ်များ၊ အကြံပေးပညာရှင်အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ ပါဝင်စေ၍ ဖွဲ့စည်း ဆောင်ရွက်သင့်ပါကြောင်း အရေးကြီးအဆို တင်သွင်းဆွေးနွေးနိုင်ပါရန် အကြံပြု တိုက်တွန်းတင်ပြအပ် ပါသည်။
မြန်မာနိုင်ငံမှ အစားအစာများ၏ အာဟာရတန်ဖိုးကြွယ်ဝမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှု သုံးသပ်ချက်နှင့် ဘေးအန္တရာယ်ရှိ အစားအစာများမှ ရောဂါရရှိခြင်းကြောင့် နှစ်စဉ်ကုန်ကျသောကုသမှုစရိတ်နှင့် အခြားဆက်စပ် လူမှုရေးကုန်ကျစရိတ်များ တွက်ချက်မှတ်တမ်းပြုစုရန်၊ မြန်မာ့စားသောက်ကုန်လုပ်ငန်း ဖွံ့ ဖြိုးတိုးတက်၍ Asian Free Trade Agreement-AFTA နှင့် FDI နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စားသောက်ကုန်လုပ်ငန်းများအား ယှဉ်ပြိုင်နိုင်ရန်၊ နိုင်ငံတကာ စားသောက်ကုန်ဈေးကွက်သို့ ထိုး ဖောက်ဈေးကွက်ရယူနိုင်ခြင်းဖြင့် နိုင်ငံတော်၏ GDP တန်ဖိုး မြင့်တက်စေရန်အတွက် ပြည်သူ့လွှတ်တော်မှ လိုအပ်သော ဥပဒေ၊ နည်းဥပဒေများ ဆွေးနွေးဆုံးဖြတ်ခြင်း၊ နည်းပညာ၊ ငွေ ကြေးအရင်းအနှီးနှင့် သုတေသနနှင့် ဖွံ့ဖြိုးမှု လေ့လာသုတေသန ပြုလုပ်ငန်းများ ထူထောင်ပေးရန် နိုင်ငံတော်အစိုးရအား တိုက် တွန်းခြင်း၊ ပြည်သူတို့၏ အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မသမာမှုပြု ထုတ်လုပ်တင်သွင်း ဖြန့်ချိရောင်းချနေမှုများ အား စစ်ဆေးအရေးယူကြပ်မတ်ရန်၊ အစားအစာကြောင့် ဖြစ် ပေါ်လာသော အန္တရာယ်ဖြစ် ပါဝင်မှုပစ္စည်းများ စစ်ဆေးတွေ့ရှိမှု (Food Hazards) နှင့် အစာအဆိပ်သင့်မှုများ (Food Poisoning and Foodborne Illness) တိုင်ကြားလာမှု၊ တွေ့ ရှိကြားသိရမှုအပေါ် လွှတ်တော်စုံစမ်းစစ်ဆေးရေးနှင့် ကြားနာမှု ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက် အရေးယူပေးနိုင်ပါရန် အလေးအနက် အကြံပြုတင်ပြအပ်ပါသည်။ ဤကဲ့သို့ ဖွဲ့စည်းစစ် ဆေးကြားနာခြင်းဖြင့် တာဝန်မကျေ အဂတိလိုက်စားသော ဌာန ဆိုင်ရာနှင့် ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများအား အများပြည်သူ များမှ ကြောက်ရွံ့ မုန်းတီး မဆက်ဆံလိုခြင်း စည်းခြားနေမှု (Public Barrier) များကို ဖယ်ရှား၍ ပြည်သူ့အသံ၊ ပြည်သူ့ဆန္ဒ၊ ပြည်သူတို့၏ လိုအပ်ချက်ကို လွှတ်တော်မှ ဆောင်ရွက်အကျိုးပြု ခြင်း ဖြစ်စေပါကြောင်း အကြံပြုတင်ပြအပ်ပါသည်။
#mawkun #magazine #chronicle #anlysis #68