ပိုက်လိုင်းတည်ဆောက်ပုံနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူးနှင့် အမေးအဖြေ

ပိုက်လိုင်းတည်ဆောက်ပုံနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မြေငလျင်ကော်မတီ အတွင်းရေးမှူးနှင့် အမေးအဖြေ

 SOURCE: Myanmar Geosciences Society                                   စစ်ကိုင်းပြတ်ရွေ့နှင့် ကျောက်ကြမ်းပြတ်ရွေ့တို့ အပေါ် ပိုက်လိုင်းဖြတ်သန်းရာပြမြေပုံ

၂၀၁၆-ဇန်နဝါရီလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၁)မှ အင်တာဗျူးဆောင်းပါး ဖြစ်ပါသည်။

မြန်မာ-တရုတ်ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းတွေဟာ မြန်မာ နိုင်ငံက အင်အားပြင်းငလျင်ဇုန်တွေကို ဖြတ်သန်းတည်ဆောက် ထားတဲ့အခြေအနေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ မြေငလျင် ကော်မတီအတွင်းရေးမှူး ဒေါက်တာမျိုးသန့်ကို မော်ကွန်းက မေးမြန်းထားပြီး အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

မော်ကွန်း။  ။ ဒီ(ရေနံနဲ့သဘာဝဓာတ်ငွေ့)ပိုက်လိုင်းတွေမှာ Supervisory Control and Data Acquisition(SCADA) လို့ခေါ်တဲ့ စနစ်နဲ့ စောင့်ကြည့်တယ်။ ဒီစနစ်က ပိုက်လိုင်းမှာ ဖိအားကျသွားတာနဲ့သိပြီး ပိုက်လိုင်းကို ထိန်းသိမ်းနိုင်တယ်။ တကယ်လို့(ပြဿနာ)ဖြစ်လာမယ်ဆိုရင်တောင်မှ သူတို့ပြောပုံ အရ ပိုက်လိုင်းတစ်ခုလုံးကို ထိခိုက်စရာမရှိဘူး။ အဆို့နှစ်ခုကြား ထဲက အစိတ်အပိုင်းကိုပဲ သက်ရောက်မှုဖြစ်စေမယ့်သဘောပေါ့။ အဲဒီတော့ ဆရာ ထောက်ပြခဲ့တဲ့ Early Warning System (ကြိုတင်သတိပေးစနစ်)က ဒီပိုက်လိုင်းမှာ မတပ်ထားဘူး။ အဲဒီ တော့ ဒီပိုက်လိုင်းတွေရဲ့ Safety နဲ့ ပတ်သက်ရင် ဆရာ ဘယ်လို မြင်သလဲ။

ဒေါက်တာမျိုးသန့်။  ။ သူတို့ကိုယ် (တိုင်) ၌ကိုယ်က ဒါဆိုရင် ဝန်ခံ သလိုတော့ဖြစ်တယ်လေ။  အဆစ်တစ်ခုနဲ့ တစ်ခုကြားပဲ ထိခိုက် မယ်လို့ ဝန်ခံသလိုဖြစ်တာပေါ့။ အဓိကကတော့ Early Warning System ကတော့ (ငလျင်လှုပ်တော့မယ်ဆိုရင်) ကြိုတင်ပြီးတော့ ဓာတ်ငွေ့တွေ၊ ဘာတွေလွှတ်တာကို ရပ်ပစ်လိုက်တာပေါ့။ အဲဒီလို ရပ်ပစ်နိုင်တဲ့အတွက် ရာခိုင်နှုန်းတော်တော်များများကို ဒီစနစ်က Safe ဖြစ်(ဘေးကင်းစေ)တာပေါ့။

ဒါပေမဲ့ အခု သူတို့တပ်ထားတဲ့စနစ်ကတော့ Early Warning System မဟုတ်တဲ့အတွက် (ငလျင်လှုပ်မှာကို ကြို မသိနိုင်တဲ့အတွက်) အချိန်မီရပ်လို့ မရဘူးပေါ့။ ရပ်လို့မရတဲ့အခါ ကျတော့ လွှတ်နေရင်းတန်းလန်းနဲ့ ငလျင်လှုပ်သွားပြီ၊ ပြတ်ရွေ့ရဲ့ တည့်တည့်ပေါ်မှာ ကျနေတဲ့အတွက် ကျိုးထွက်သွားတယ်ဆိုရင် ဒါဟာသေချာပေါက် သက်ရောက်မှုဖြစ်ပြီလေ။ ဆိုလိုတာက (သူ တို့တပ်ထားတဲ့စနစ်နဲ့ Early Warning System)ကွာဟမှုက အဲဒါမျိုးအခြေအနေရှိတာပေါ့။

အမှန်တကယ်လုပ်သင့်တာက ပိုက်လိုင်းက ပြတ်ရွေ့တွေ ကို ဖြတ်တဲ့နေရာတိုင်းမှာ ငလျင်လှုပ်တဲ့အခါ အမြင့်ဆုံးရွေ့သွား နိုင်ခြေတွေကို ဆန်းစစ်ပြီး ငလျင်လှုပ်တဲ့အခါမှာ ရွေ့သွားမယ့် အရွေ့ကို မူတည်ပြီး ပိုက်လိုင်းတွေကို စောင်းသင့်ရင် စောင်းပေါ့၊ စသဖြင့် ဒီဇိုင်းပြန်ဆွဲသင့်တာပေါ့။ ဒါက တစ်ချက်ပေါ့။

နောက်တစ်ချက်က Liquefaction (သဲအရည်လည်ခြင်း)ခေါ်တာပေါ့။ အခု မြှုပ်ထားတဲ့ ပိုက်လိုင်းတွေဟာ Soil (မြေဆီ လွှာ) ၂ဝ မီတာအနက်ရဲ့ အထက်မှာ မြှုပ်ထားတယ်ဆိုရင် ငလျင် လှုပ်တဲ့အခါ  Liquefaction ဖြစ်နိုင်တယ်။ Soil ကလည်း တွဲ ဆက်မှုအားမရှိတဲ့ သဲဆန်တဲ့ဟာဖြစ်တယ်။ နောက်တစ်ခါ (ပိုက် လိုင်းသွယ်တန်းထားတဲ့ နေရာတွေရဲ့ အောက်က) မြေအောက်ရေ ကြောတွေကလည်း တိမ်မယ်ဆိုရင် ငလျင်လှိုင်းလာတဲ့အခါမှာ မြေအောက်ရေတွေက အပေါ်ကိုတက်လာမယ်။ တက်လာတဲ့ မြေအောက်ရေတွေက အပေါ်က တွယ်ဆက်မှုအားနည်းတဲ့ သဲ တွေနဲ့ အရည်ပျော်ဝင်မှု ပုံစံဓာတ်ပြုမယ်။ အဲဒီအခါမှာ ဒီမြေဆီ လွှာရှိတဲ့ နေရာကို ဖြတ်သန်းတည်ဆောက်ထားတဲ့ ပိုက်လိုင်းတွေ ဟာ မြေပြင်ပေါ်ကိုတက်လာမယ်။ တက်လာတဲ့အခါမှာ အပေါ်ကို အစိတ်အပိုင်းကြီးတစ်ခုလုံး တက်လာရင် ကိစ္စမရှိဘူး။

တချို့အပိုင်းက မြေအောက်မှာ ကျန်ခဲ့မယ်။ တချို့အပိုင်း ကတော့ (ငလျင်လှုပ်တဲ့အခါ သဲအရည်လည်တဲ့ ဖြစ်စဉ်ကြောင့်) မြေပေါ်ကို တက်လာခဲ့ရင်တော့ ကျိုးပျက်ဖို့ အခြေအနေများ တယ်။ ပိုက်ရဲ့ကွာလတီကလည်း မကောင်းဘူးဆိုရင်တော့ ဖြစ် လာနိုင်တယ်။ အဲဒါမျိုး (ငလျင်ကြောင့် ပိုက်လိုင်းမှာ) အ္တနရာယ် လည်း ရှိနိုင်တယ်။

မော်ကွန်း။       ။ အဲဒါဆိုရင် ငလျင်ကြောင့် Liquefaction ဖြစ် လာတဲ့အခါ Liquefaction ဖြစ်နိုင်တဲ့ မြေဆီလွှာမှာ မြှုပ်ထားတဲ့ ပိုက်လိုင်းက ကုန်းပေါ်ကို ရောက်လာပြီး မဖြစ်နိုင်တဲ့ မြေဆီလွှာ မှာ မြှုပ်ထားတဲ့ ပိုက်လိုင်းက မြေကြီးထဲမှာပဲ ကျန်ခဲ့တာကြောင့် ပိုက်လိုင်းကို ချိုးလိုက်သလို ဖြစ်စေမယ်လို့ ဆိုလိုတာလား။

ဒေါက်တာမျိုးသန့်။  ။ ဟုတ်တယ်။ ပိုက်လိုင်းသွယ်တန်းတဲ့အခါမှာ Liquefaction ဖြစ်နိုင်ခြေရှိတဲ့ မြေဆီလွှာတွေကို စစ်ဆေးခဲ့ လား။ မစစ်ဆေးခဲ့ဘူးဆိုရင် ငလျင်လှုပ်လာတဲ့အခါမှာ ဒါတွေဟာ ဖြစ်နိုင်ခြေများတယ်။ ဒါပေမဲ့ ပိုက်ရဲ့ အရည်အသွေးအပေါ်မှာ လည်း မူတည်ပါတယ်။ ဒီလို  Liquefaction ဖြစ်နိုင်ခြေတွေကို ဒဏ်ခံနိုင်တဲ့ ပိုက်လုံးဆိုရင်တော့ ကိစ္စမရှိပါဘူး။

မော်ကွန်း။  ။ ကျွန်တော်တို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း ကို  ဆက်သွယ်ပြီး ဒီပိုက်လိုင်းနည်းပညာအကြောင်းကို မေးတော့ ဘာသတင်းအချက်အလက်မှ မရဘူးလို့ အကြောင်းပြန်တယ်။ ဒီလို နိုင်ငံဖြတ်ကျော်စီမံကိန်းမှာ အင်ဂျင်နီယာအသင်းလို အဖွဲ့ အစည်းတောင် သတင်းအချက်အလက်မရဘူးဆိုတာက ဖြစ် သင့်ရဲ့လား။ ဘယ်လို မြင်သလဲ။

ဒေါက်တာမျိုးသန့်။  ။ ကျွန်တော်တို့ဆီမှာ အလေ့အထမရှိတာက ဘာလဲဆိုရင် Quality Control ပေါ့။ ဒီလို ကိစ္စတွေကို Assessment (အကဲဖြတ်မှု) လုပ်နိုင်တဲ့ Quality မရှိတာပဲ။ အခုဟာက နိုင်ငံတော်နဲ့ တစ်ဖက်က ကုမ္ပဏီနဲ့ စာချုပ်လိုက်ပြီဆိုလို့ရှိရင် ပိုက်လိုင်းသွယ်တန်းမယ့် ကုမ္ပဏီကတော့ သူ့ဘာသာ သွယ်တန်း တဲ့ လုပ်ငန်းလုပ်မှာပဲ။ အဲဒီအခါမှာ သူက ဒီဇိုင်းတစ်ခုဆွဲမယ်။ အဲဒီလိုဆွဲတဲ့အခါမှာ မြန်မာနိုင်ငံက ကိုယ်စားပြုတဲ့ အဖွဲ့အစည်း ဟာ ဘယ် အဖွဲ့အစည်းလဲပေါ့။

အခုကတော့ စွမ်းအင်ဝန်ကြီးဌာနပေါ့။ အခု သူတို့ဝန်ကြီး ဌာနနဲ့ တစ်ဖက်ကကုမ္ပဏီနဲ့ နှစ်ဦးသဘောတူ စာချုပ်လိုက်တယ် ပေါ့။ တကယ်တော့ အဲဒီဖြစ်စဉ်မှာ မြန်မာနိုင်ငံက ပညာရှင်တွေနဲ့ ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့အဖွဲ့အစည်းမျိုးက ဒီဖြစ်စဉ်ကို ထပ်မံစစ်ဆေးခွင့်ရရှိရမှာ။ လွတ်လပ်တဲ့ တတိယအဖွဲ့က ပြန်စစ် ဆေးပြီးမှ အားနည်းချက်တွေကို ထောက်ပြရမှာ။ ဒီနေရာတွေက တော့ ဒီလိုမဖြစ်သင့်ဘူး။ ဒီနေရာမှာတော့ ဒီလိုလုပ်သင့်တယ်၊ ပြောင်းလဲတည်ဆောက်သင့်တယ်။ စသဖြင့်ပေါ့။

အဲဒီလို စစ်ဆေးခွင့်က ဘယ်အဖွဲ့အစည်းတွေက စစ်ဆေးရ မလဲပေါ့။ အခု ရေနံနဲ့ သဘာဝဓာတ်ငွေ့ကိစ္စဆိုရင် အင်ဂျင်နီယာ အသင်းနဲ့ တိုက်ရိုက်သက်ဆိုင်တယ်ဆိုရင် အင်ဂျင်နီယာအသင်း က တတိယအဖွဲ့အစည်းအဖြစ် စစ်ဆေးရမှာပေါ့။ အဲဒီစစ်ဆေးခွင့် ရတဲ့အဖွဲ့အစည်းမှာလည်း အင်ဂျင်နီယာတွေ ပါရမယ်။ ဘူမိဗေဒ ပညာရှင်တွေပါရမယ်။ နောက် ငလျင်နဲ့ ပတ်သက်တဲ့ ပညာရှင် တွေလည်း ပါရမယ်ပေါ့။ အဲဒီလိုပညာရှင်အစုံပါတဲ့ Organization အဖွဲ့က ဝင်ရောက်စစ်ဆေးခွင့်ရှိတဲ့ အလေ့အထလေးရှိ မယ်ဆိုရင်တော့ ကောင်းတာပေါ့။ ဒီဇိုင်းဆွဲတဲ့အချိန်မှာရော၊ တည်ဆောက်နေတဲ့ အချိန်မှာရော၊ ပြီးသွားတဲ့အချိန်မှာရော ကြပ်မတ်ပြီးတော့ လုပ်နိုင်တာမျိုးပေါ့။

မော်ကွန်း။  ။ ဆရာဆိုလိုတာက မြန်မာနိုင်ငံက လွတ်လပ်တဲ့ တတိယအဖွဲ့အစည်းရဲ့ ဆန်းစစ်၊ စစ်ဆေးခွင့် အခန်းကဏ္ဍ ဒီပိုက် လိုင်းစီမံကိန်းမှာ ပျောက်နေတယ်လို့ ပြောတာလား။

ဒေါက်တာမျိုးသန့်။  ။ ဟုတ်တယ်။ ဒါကြောင့်မို့ ခင်ဗျားတို့ အင် ဂျင်နီယာအသင်းကို ဆက်သွယ်တော့ သူတို့ ဘာမှ သိထားတာ မရှိဘူးလို့ ဦးဝင်းခိုင် (မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းဥက္ကဋ္ဌ) က အကြောင်းပြန်တာပေါ့။ အစိုးရဘက်ကို ကြည့်ရင်လည်း အခု လို အလေ့အထက မရှိဘူးဖြစ်နေတယ်။ အခု ရေနံနဲ့သဘာဝ ဓာတ်ငွေ့ကဏ္ဍဆိုရင် စွမ်းအင်ဝန်ကြီးဌာနနဲ့ တိုက်ရိုက်သက်ဆိုင် နေတာပေါ့။

မော်ကွန်း။  ။ ဒီလို ဒေသခံ တတိယပညာရှင်အဖွဲ့အစည်းတွေရဲ့ အခုလို စီမံကိန်းတွေမှာ ပါဝင်ခွင့်ရရှိမှု အားနည်းနေတာက အများပြည်သူဆိုင်ရာ ဘေးအ္တနရာယ်လုံခြုံရေးအမြင်နဲ့ ကြည့် ရင် ဘယ်လို အချိုးပြန်ကျတယ်လို့ မြင်ပါသလဲ။

ဒေါက်တာမျိုးသန့်။  ။ တတိယအဖွဲ့အစည်းရဲ့ စစ်ဆေးခွင့်မရရှိခဲ့ ဘူးဆိုရင်တော့ ဒီပိုက်လိုင်းရဲ့ အားနည်းချက်၊ အားသာချက်တွေ ကို မသိရတော့ဘူးပေါ့။ မသိရတဲ့အတွက် ပိုက်လိုင်းဖြတ်သန်း သွားတဲ့ လမ်းတစ်လျှောက်က ပြည်သူလူထုအတွက် ပိုလို့ အ္တနရာယ် ရှိတာပေါ့။ ဘာကြောင့်လဲဆိုရင် ငလျင်လှုပ်ခဲ့ရင် ဘာမဆိုဖြစ်နိုင် တယ်လေ။ ပြောချင်တာက ဒီလိုစီမံကိန်းမျိုးတွေကို ထောက်ပြ ပြောဆိုဝေဖန်နိုင်တဲ့ အခွင့်အရေးမျိုးက ရှိကို ရှိနေရမယ်။

တကယ်လို့ အခုလို ပြန်လှန်ထောက်ပြနိုင်တဲ့ လမ်းကြောင်း၊ ပညာရှင်အစုအဖွဲ့တွေ မရှိဘူးဆိုရင်တော့ ဒါဟာ အန္တရာယ် ဖြစ်နိုင်ခြေက သေချာပေါက်ပဲ။ ဒါဟာ Natural Disaster (သဘာဝဘေးအန္တရာယ်)တစ်ခုဖြစ်လာပြီဆိုရင် သေချာပေါက် ဖြစ်နိုင်ခြေရှိတယ်။

မော်ကွန်း။  ။ ဒီပိုက်လိုင်းမှာ ကျွန်တော်တို့ လေ့လာထား သလောက်ကတော့ နည်းပညာပိုင်းဆိုင်ရာမှာ ကျွန်တော်တို့ ဘက်က ထောက်ပြစစ်ဆေးဝေဖန်နိုင်တဲ့ အဖွဲ့အစည်းမျိုး မရှိဘူး ဖြစ်နေတယ်ဆရာ။

ဒေါက်တာမျိုးသန့်။  ။ ဒါပေမဲ့ EIA (သဘာဝတ်ဝန်းကျင်သက် ရောက်မှုဆန်းစစ်ချက်)လုပ်ငန်းစဉ်မှာကိုက ဒီလို နည်းပညာပိုင်း ဆိုင်ရာ ဆန်းစစ်ချက်တွေပါရတယ်။ Natural Disaster ဆိုတာ လည်း ပါပြီးသားပဲ။ အဲဒါကလည်း ကျွန်တော်တို့ဆီမှာ လိုအပ်နေ သေးတာပေါ့။ EIA လုပ်တယ်ဆိုကတည်းက Social Impact Assessment (လူမှုသက်ရောက်မှုဆန်းစစ်ချက်)တွေ၊ မြေအောက်ရေတည်ရှိမှုအကြောင်းတွေနဲ့တင် မပြီးဘူး။ ဒီလို ပရော ဂျက်တွေမှာ ငလျင်လို သဘာဝဘေးအ္တနရာယ်နဲ့ဆိုင်တဲ့ ကိစ္စ တွေကို EIA မှာထည့်ကို ထည့်သွင်းလုပ်ရမယ်။ ဆိုလိုတာက EIA လုပ်ခဲ့တုန်းက Seismic (ငလျင်)နဲ့ ပတ် သက်တဲ့ Hazard Assessment (ဘေးအန္တရာယ် ဆန်းစစ်ချက်)လုပ်ခဲ့သလားဆို တာကို ကြည့်ရတော့မယ်လေ။

သူတို့ဘက်က ထုတ်ပြန်တဲ့ မြန်မာဘာသာနဲ့ အစီရင်ခံစာ မှာတော့ ဘယ်လိုဖော်ပြသလဲဆိုရင် မြန်မာနိုင်ငံရဲ့ အ္တနရာယ် ရှိတဲ့ ငလျင်ကြောတွေကို ရှောင်ရှားတည်ဆောက်ထားတယ်ဆိုတဲ့ အချက်တစ်ခုတော့ ထည့်သွင်းရေးထားတာ တွေ့တယ်။ မြန်မာ နိုင်ငံမှာ ငလျင်ကြောကို သူတို့ ရှောင်ရှားလို့မရဘူး။ တခြားဟာ တွေ မကြည့်နဲ့ဦး။ စစ်ကိုင်းပြတ်ရွေ့တစ်ခုတည်းကိုပဲ သူတို့ရှောင် လို့ မရဘူး။ ဒီပြတ်ရွေ့က နိုင်ငံတစ်နိုင်ငံလုံးကို ဖြတ်ထားတာလေ။

 

မော်ကွန်း။  ။ ကျွန်တော်မေးချင်တာက သူတို့ရဲ့ အစီရင်ခံစာမှာ ဒီလို ဖော်ပြတာက ဘယ်လို အဓိပ္ပာယ်သက်ရောက်သလဲဆရာ။

ဒေါက်တာမျိုးသန့်။  ။ အခုလို ရှောင်ရှားတည်ဆောက်ထားတယ် လို့ဖော်ပြထားတဲ့ EIA အစီရင်ခံစာကို ကျွန်တော်တို့ဘက်က ပြန်လည်ထောက်ပြဝေဖန်နိုင်တဲ့ အဖွဲ့အစည်း မရှိဘူးဆိုတာကို ပိုမိုသေချာစေတယ်။ ဘယ်အဖွဲ့က သူတိုရဲ့ EIA အစီရင်ခံစာကို စစ်ဆေးသလဲ။ ဒီပရောဂျက် Implementation (အကောင် အထည်ဖော်မှု) မလုပ်ခင်ကတည်းကိုက ဒီအစီရင်ခံစာမှာ ဖော် ပြထားတဲ့ ငလျင်ကြောတွေကို ရှောင်ရှားတယ်ဆိုတာဟာ မဟုတ်ပါဘူးဆိုတာကို ပြန်ပြောနိုင်ရမယ်။

EIA လုပ်ပြီးသွားတယ်ဆိုကတည်းက ဒါတွေကို ပြန်ပြော နိုင်တဲ့အဖွဲ့ ရှိကိုရှိရမယ်။ ဆိုလိုတာက ဒီအစီရင်ခံစာကို ကျွန် တော်တို့ဘက်က စစ်ဆေးတဲ့အဖွဲ့တော့ ရှိခဲ့လိမ့်မယ်။ မစစ်ဆေး ဘဲနဲ့တော့ ဒီဟာကြီးကို ဒီအတိုင်း လက်ခံပေးလိုက်တယ်ဆိုတာ ကတော့ မဖြစ်နိုင်ပါဘူး။ ဒါကို မဆန်းစစ်ဘဲ လက်ခံပေးတယ်ဆို ရင် သက်ဆိုင်ရာဝန်ကြီးဌာနသည် ပိုလို့တောင် အပြစ်ကြီးသွားပြီ။ ဒါကို စစ်ဆေးတဲ့အဖွဲ့တော့ ရှိခဲ့ရလိမ့်မယ်။ မဟုတ်ရင် အမှား အယွင်းကြီးကြီးမားမားကို လုပ်လိုက်တဲ့ သဘောဖြစ်သွားမယ်။        ။

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."