မော်ကွန်း။ ။ အစီရင်ခံစာကို အဆင့်ခြောက်ဆင့်နဲ့ လုပ်နေတာ အခုတင်သွင်းမယ့်အစီရင်ခံစာက ငါးဆင့်လောက်ပြီးမယ်။ တစ်ဆင့်တော့ကျန်ခဲ့နိုင်တယ်ဆိုတာက ဘယ်ကဏ္ဍက အခု အစီရင်ခံ စာမှာ ကျန်ခဲ့မှာလဲ။ နောက်ဖြစ်နိုင်မယ့် အစီရင်ခံစာကိုပဲ ရေး မယ်ဆိုတာက ဘာကြောင့်လဲဆိုတာ ရှင်းပြပေးပါဦး။
ဦးဇော်ဦး။ ။ သတ္တုတွင်းပဲ ဖြစ်ဖြစ်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပဲဖြစ် ဖြစ်၊ ဒီကဏ္ဍတွေက ‘နေ့မြင်၊ ညပျောက်’ လုပ်လို့မရဘူး။ သူတို့က ရေရှည်လုပ်ရမယ့် လုပ်ငန်းတွေ ဖြစ်တယ်။ ရေရှည်လုပ်ကြဖို့ အတွက် သူတို့ကို ကျွန်တော်တို့ ပညာတွေ ပေးနေတာရှိတယ်။ ရေရှည်လုပ်ကြမှပဲ သူတို့အတွက်လည်းကောင်းမယ်၊ လူထု အတွက်လည်း ကောင်းမယ်။ ရေရှည်အမြင်နဲ့လုပ်ရင် သူတို့သည် ဒေသခံတွေအပေါ်မှာလည်း ပစ်စလက်ခတ်မလုပ်ကြတော့ဘူး။ ဒေသခံတွေရဲ့ အကျိုးစီးပွားကိုလည်း ရှင်းရှင်းပြောရင် မြေသိမ်း ပြီး လျော်ကြေးပေးတာမျိုး မဟုတ်တော့ဘူး။
ဒေသခံတွေရဲ့ လူမှုဘဝပြန်လည်ထူထောင်ရေးအတွက်ပါ စဉ်းစားကြတယ်။ အဲဒါကြောင့် ရေရှည်လုပ်ကြရအောင်ဆိုပြီး EITI အခြေခံအုတ်မြစ်ကို တည်ဆောက်နေတာ။ EITI အခြေခံ အုတ်မြစ်သာရှိတယ်ဆိုရင် ခင်ဗျားအနေနဲ့ ထွက်ပြေးစရာလည်း မလိုဘူး။ နောက်အစိုးရအသစ်တွေတက်လာလည်း ဒီဟာကြီးကို ပြည်သူပိုင်သိမ်းတာတွေ လုပ်လို့မရဘူး။ EITI စံသာရှိနေရင် သူသည်ပင်လျှင် တခြားစံနှုန်းတွေလို အားကောင်းတဲ့ စံနှုန်းဖြစ် နေတယ်။
နိုင်ငံတကာမှာကတော့ အမျိုးမျိုးရှိကြတာပေါ့။ ဥပမာ- အမေရိကဆိုရင် ပါတီစုံနိုင်ငံရေးဆိုတော့ ဥပမာအားဖြင့် ရီပတ် ဘလစ်ကန်ပါတီဆိုရင် ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို အရမ်းအား ပေးတဲ့ ပါတီပေါ့။ အဲဒီပါတီအနိုင်ရရင် အဲဒီကဏ္ဍက အားကောင်း တာပေါ့။ ဒီမိုကရက်ဆိုတာကတော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကို အရမ်းအားပေးတဲ့ ပါတီပေါ့။ ဒီပါတီ တက်လာပြီဆိုရင်တော့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ကဏ္ဍက ကျတာပေါ့။ သို့သော်လည်းပဲ EITI စံနဲ့ အခြေခံအုတ်မြစ်ကတော့ ဘယ်နိုင်ငံရေးပါတီက သူ့ရဲ့ နိုင်ငံရေးမူဝါဒအရ တက်လာခဲ့ပါစေ၊ သူတို့က အားမပေးသော် ငြားလည်း နိုင်ငံတကာစံနှုန်းနဲ့အညီ လုပ်ထားတာဖြစ်တဲ့အတွက် ကြောင့် လုပ်ငန်းတွေက ပျက်သွားစရာ အကြောင်းမရှိဘူး။
Photo- Hlaing Myat Thu
မော်ကွန်း။ ။ ကျွန်တော်တို့ နိုင်ငံက EITI ရဲ့ တင်းပြည့်အဖွဲ့ဝင် ဖြစ်ခဲ့ရင် ဘာအကျိုးကျေးဇူးတွေ ခံစားရမှာလဲ။ ဘယ်လိုလူ တွေက အဓိကခံစားရမှာလဲဆိုတာလေးလည်း ရှင်းပေးပါဦး။
ဦးဇော်ဦး။ ။ နံပါတ်တစ်က ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုပိုင်း ဆိုင်ရာမှာ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေအထဲမှာမှ ပိုပြီး အဆင့်မြင့်တဲ့ ရင်းနှီးမြှုပ်နှံသူတွေက လာပြီး ရင်းနှီးမြှုပ်နှံမယ်။ အရင်တုန်းကတော့ ကျွန်တော်တို့နိုင်ငံမှာက တွေ့ရာ၊ ကြုံရာ ကုမ္ပဏီက နိုင်ငံက သဘာဝအရင်းအမြစ် ပေါတယ်ဆိုရင် လာပြီး ရင်းနှီးမြှုပ်နှံလိုက်ကြတာပဲ။ စံတွေ၊ ဘာတွေကို သူတို့က သိပ်ဂရု မစိုက်ကြဘူး။ ဂရုစိုက်စရာလည်း ကျွန်တော်တို့ဆီမှာ စံနှုန်းဆို တာ မရှိဘူး။ အဲဒီအတွက် ကျွန်တော်တို့က EITI စံတွေ လုပ်တယ်။
ရှင်းရှင်းပြောရရင် သုံးနှစ်လောက် ရှိသမျှအကုန်ထုတ်ပြီး ကိုယ်ဆီက ယူသွားမယ်ဆိုတဲ့ ဟာမျိုးတွေ နောက်ဆိုရင် မရ တော့ဘူး။ အဲဒီလို အကုန်ထုတ်ယူတဲ့ အပြုအမူတွေ လုပ်လာပြီ ဆိုရင် ပတ်ဝန်းကျင်ပျက်စီးတာက ဘယ်လောက်လျော်၊ စာချုပ် တွေက မမှန်ဘူး၊ မမှန်တဲ့အတွက် ဘယ်လောက်လျော် စသဖြင့် ပေါ့။ အဲဒီတော့ ခပ်နိမ့်နိမ့်အလုပ်လုပ်ချင်တဲ့သူတွေက ကျွန်တော် တို့အတွက် အသုံးမကျတော့ဘူး။ ခပ်မြင့်မြင့် လုပ်ချင်တဲ့သူတွေ ကလည်း လာဖို့ရှိပါတယ်။ ဘာကြောင့် လာဖို့ ရှိသလဲဆိုရင် သူတို့ သည် အာမခံချက်ရှိရမယ်။ အစကတည်းက သူတို့တွေက မြင့်မြင့် လာပြီး အဆင့်မြင့်မြင့် အလုပ်လုပ်မယ့် သူတွေကိုး။
ကျွန်တော်တို့အစိုးရကလည်း သူတို့အပေါ်ကို မတရား သဖြင့် အခွင့်အရေးယူလို့ မရတော့ဘူး။ အခွင့်အရေးယူတယ် ဆိုတာက ဘာလဲဆိုတော့ အစိုးရကတော့ ယူတာမဟုတ်ပါဘူး။ သို့သော် တခြား လာဘ်ပေးလာဘ်ယူလုပ်တဲ့ ကိစ္စတွေကိုပြော တာပါ။
ရင်းနှီးမြှုပ်နှံကြတဲ့ အနောက်နိုင်ငံတွေမှာ သူတို့ကို သူတို့ အစိုးရက ထိန်းထားတာတွေရှိတယ်။ ဥပမာအားဖြင့် အမေရိကန် ကုမ္ပဏီတစ်ခုဟာ လာဘ်ပေးလာဘ်ယူမှုကိုလုပ်ရင်၊ ကျွန်တော် တို့နိုင်ငံထဲမှာ လာလုပ်ရင် ကျွန်တော်တို့က အရေးမယူခဲ့ရင် တောင်မှ သူတို့နိုင်ငံက ကော်မတီက စိစစ်လို့ လာဘ်ပေးတယ်ဆို တာ ပေါ်လွင်ခဲ့ရင် ဟိုဘက်က အရေးယူတယ်။
အခုတော့ EITI ရှိပြီဆိုတာနဲ့ သူတို့က လာရင်းနှီးမြှုပ်နှံ မှာပဲ။ နိုင်ငံတကာ ကုမ္ပဏီကြီးတွေက အခုဆိုရင် ကျွန်တော် တို့ဆီကို လာရင်းနှီးမြှုပ်နှံချင်နေကြပြီ။ ဒါကြောင့်မို့ ပြီးခဲ့တဲ့ ကာလက ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် တင်ဒါတွေ ခေါ်တဲ့အခါမှာ မကြုံစဖူး ကုမ္ပဏီပေါင်းတစ်ရာကျော်က လျှောက် ကြတယ်။ အဲဒီအထဲက ကျွန်တော်တို့က ကုမ္ပဏီ ၂ဝ လောက်ကို ရွေးကြတယ်။ ကမ္ဘာကျော်တွေချည်းပဲ။ အဲဒီလို ကုမ္ပဏီတွေက EITI လုပ်လိုက်တာနဲ့ ပိုမို ဆွဲဆောင်မှုရှိသွားပြီ။ EITI မရှိတဲ့ နိုင်ငံထက် ရှိတဲ့ နိုင်ငံက ပိုပြီးတော့ အခွင့်အလမ်း ရှိသွားတာပေါ့။
နံပါတ်နှစ်က EITI အဖွဲ့ဝင်ဖြစ်သွားရင် တချို့ဟာတွေက လုပ်ကိုလုပ်ရတော့မယ်ဆိုတာတွေ ရှိတယ်။ အဲဒီလို လုပ်ကို လုပ် ရမယ့်အပိုင်းတွေမှာ လူထုအတွက် တိုက်ရိုက်အကျိုးဖြစ်ထွန်းတဲ့ ဘယ်လိုဟာတွေပါသလဲဆိုရင် သူတို့အခေါ်ကတော့ Cooperate Social Responsibility (CSR)။
CSR ဆိုတာ ကုမ္ပဏီတွေက ဒီကိုလာရင် ဒေသခံတွေရဲ့ လူမှုဘဝ ပြန်လည်တည်ဆောက်ရေး၊ ဒေသခံတွေအတွက် ဘဝ အာမခံချက်ရှိရေး၊ ဒေသခံတွေအတွက် ဒေသတွင်းမှာ ပြန်လည် ဖွံ့ဖြိုးရေးဆိုတာတွေကို လုပ်ပေးရတဲ့ဟာပေါ့။ အရင်တုန်းက CSR ဆိုတာက ကုမ္ပဏီတွေက ဖြစ်သလိုလုပ်လို့ရတယ်။ ကျွန် တော်တို့ဆီမှာ စံလည်းမရှိဘူးလေ။
EITI မှာ ဘာပါသလဲဆိုရင် CSR အတွက် ကုမ္ပဏီက ပေးရတဲ့ငွေကိုပါ ကြေညာပေးရမယ်။ ကြေညာရင် အရပ်ဘက် အဖွဲ့အစည်းတွေကလည်း ကြည့်လိမ့်မယ်။ ”ဟာ… မင်းရဲ့ ဘဏ္ဍာရေးရှင်းတမ်းမှာ CSR အတွက် ဒေါ်လာ နှစ်သန်းပေးထား တယ် ပြောတယ်။ အဲဒီ ဒေါ်လာနှစ်သန်း ဘယ်ရောက်သွားလဲ”ဆိုတာမျိုးတွေ စောင့်ကြည့်လို့ ရသွားတယ်။
မော်ကွန်း။ ။ အဲဒါဆိုရင် အခု EITI အဖွဲ့ဝင်မဖြစ်သေးတဲ့အတွက် CSR ကိစ္စတွေကို ထောက်ပြလို့ မရသေးတဲ့ သဘောမျိုးဖြစ်နေ တာပေါ့။
ဦးဇော်ဦး။ ။ အခုအစီရင်ခံစာရေးနေတဲ့အချိန်မှာပဲ တစ်ပြိုင်နက် လုပ်နေတာတွေတော့ ရှိပါတယ်။ အစီရင်ခံစာ ထွက်သွားတဲ့ အချိန်မှာတော့ မီဒီယာတွေကပါ သိသွားမယ်။ ဒါတွေ ဖြစ်နေပါ လားပေါ့။ ရည်ညွှန်းစာအုပ်တစ်ခု ရလာမယ်ပေါ့။ ရည်ညွှန်း စာအုပ်ထဲမှာ ပါတာတွေထက်တော့ လက်တွေ့မြေပြင်မှာ လုပ်နေ တာတွေသည် လျှော့လို့မရဘူး။ စံနှုန်းတစ်ခုအဖြစ် အသုံးပြုလို့ ရသွားမယ်။ အခုက ကျွန်တော်တို့ အစီရင်ခံစာရေးနေတာလည်း မပြီးသေးဘူးဆိုတော့ ဘယ်ဟာကို ရည်ညွှန်းကြမလဲ။
မော်ကွန်း။ ။ အရှေ့တောင်အာရှနိုင်ငံထဲမှာဆိုရင် ဖိလစ်ပိုင်တို့၊ မြန်မာတို့က အခုကိုယ်စားလှယ်လောင်းအဆင့်မှာပေါ့။ အမေ ရိကန်လိုနိုင်ငံမျိုးတောင် ကိုယ်စားလှယ်လောင်းပဲ ရှိသေးတာ လည်းတွေ့ရတယ်။ ဥရောပတိုက်က နိုင်ငံအများစုဆိုရင် မပါကြ ဘူး။ တင်းပြည့်အဖွဲ့ဝင်အများစုက အာဖရိကတိုက်က နိုင်ငံတွေ ဖြစ်နေတာ တွေ့ရတယ်။ EITI ဆိုတာကို ဘယ်လိုနိုင်ငံတွေက အဓိက လုပ်ကြတာလဲ။
ဦးဇော်ဦး။ ။ EITI ကို စခဲ့တဲ့သူက ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲကနေစပြီး ထွင်ခဲ့တာ။ ဘယ်လိုထွင်ခဲ့သလဲ ဆိုတော့ သူတို့တိုင်းပြည်က အထူးသဖြင့် အာဖရိကနိုင်ငံတွေကို သွားပြီး အကူအညီတွေ ပေးကြတယ်။ ဒါပေမဲ့ ပြဿနာဖြစ်နေတာက ‘ပေးကားပေး၏၊ မရ’ ဆိုသလိုပေါ့။ တိုင်းပြည်တွေကို ကြည့် လိုက်ရင် သဘာဝအရင်းအမြစ်ပေါတဲ့နိုင်ငံတွေမှာ တွေ့ရတဲ့ သဘာဝသယံဇာတကျိန်စာတွေ သင့်တဲ့ကိစ္စတွေက နိုင်ငံတိုင်း လိုလိုမှာ တွေ့နေရတယ်။ တိုနီဘလဲက စဉ်းစားတယ်။ ဒီလိုတွေ ဖြစ်နေရင် ဒီသယံဇာတကျိန်စာကနေ လွတ်မှာမဟုတ်ဘူး။ အနည်းဆုံးတော့ ဒီနိုင်ငံတွေကလည်း အချုပ်အခြာအာဏာပိုင် နိုင်ငံတွေဖြစ်တဲ့အတွက် သူတို့ဘဝ၊ သူတို့ပြဿ နာကို သူတို့ဘာသာ ရှင်းရမှာပေါ့။ ဒါပေမဲ့ နိုင်ငံတကာအပိုင်းက ပတ်သက်နေတဲ့ အပိုင်းကိုတော့ ကူညီပေးပြီးတော့ အထောက်အကူဖြစ်အောင် လုပ်ပေးစေချင်တယ်ဆိုပြီး စဉ်းစားတယ်။
နိုင်ငံတကာနဲ့ပတ်သက်နေတဲ့ အပိုင်းက ဘာလဲဆိုတော့ နိုင်ငံတကာက သဘာဝအရင်းအမြစ်တွေကို ဝယ်နေကြတယ်။ ဒီ ဝယ်တဲ့ငွေတွေ ဘယ်လိုရှိသလဲ၊ ဘယ်လောက်ရှိသလဲဆိုတဲ့ဟာကို သိအောင်လုပ်ပေးနိုင်ရင်အနည်းဆုံးတော့ အဲဒီနိုင်ငံတွေမှာရှိတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပြည်သူ တွေက ဆက်ပြီးတော့ သူတို့အစိုးရကို ဒီငွေတွေကို အကျိုးရှိရှိသုံး အောင် ဆက်ပြီးတော့ လုပ်သွားကြလိမ့်မယ်။
သို့သော် နိုင်ငံတကာကTransparency (ပွင့်လင်းမြင် သာမှု)ဆိုတဲ့ ကိစ္စကိုတော့ ဖြေရှင်းပေးမယ်။ Accountability (တာဝန်ခံမှု၊ တာဝန်ယူမှု)ဆိုတဲ့ ကိစ္စကိုတော့ နိုင်ငံတွေနဲ့ ပြည်သူ တွေနဲ့ အထက်မှာ ပြောခဲ့တဲ့ သုံးပွင့်ဆိုင်ညွန့်ပေါင်း အဖွဲ့(MSG)လို ဟာတွေက ဆက်လုပ်ပေါ့။ နိုင်ငံတကာစံကတော့ Transparency အပိုင်းကို လုပ်ပေးမယ်။ Accountability ဆိုတဲ့ တာ ဝန်ယူမှု၊ တာဝန်ခံမှုကိစ္စကိုတော့ သူတို့ကလာပြီး အတင်းလုပ် ပေးလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနိုင်ငံတွေက အချုပ် အခြာအာဏာပိုင်နိုင်ငံတွေ ဖြစ်နေတာကြောင့်။
EITI စံနှုန်းနဲ့အညီလုပ်တယ်ဆိုရင် ဒီကုမ္ပဏီတွေကိုလည်း အများအမြင်မှာ ကောင်းတယ်ဆိုတဲ့ အမြင်တွေဖြစ်လာနိုင်တယ် ဆိုပြီး တိုနီဘလဲက ထွင်လိုက်တာ။ ၁၉၉ဝ နှောင်းပိုင်းမှာ သူတို့ တွေ စဉ်းစားကြပြီး ၂ဝဝဝ ပြည့်နှစ်နောက်ပိုင်းမှာ အကောင် အထည်ဖော်လိုက်ကြတာ။ နိုင်ငံတချို့နဲ့ စပြီး စမ်းသပ်လုပ်လိုက် ကြတာ။ အဲဒီတုန်းက အာဖရိကနိုင်ငံတွေထဲမှာဆိုရင် နိုင်ဂျီးရီး ယားလို သဘာဝအရင်းအမြစ်အရမ်းထွက်တဲ့၊ နိုင်ငံက အရမ်း ချမ်းသာတဲ့၊ စစ်တပ်ကလည်း အာဏာသိမ်းထားတဲ့နိုင်ငံပေါ့၊ စစ် အုပ်ချုပ်ရေးလုပ်ထားတဲ့ နိုင်ငံပေါ့၊ အဲဒီလို နိုင်ငံကတောင် စပြီးတော့ လုပ်လာတယ်။ နိုင်ဂျီးရီးယားက EITI စလုပ်တဲ့ နိုင်ငံ တွေထဲမှာ ပါတယ်။
အာဖရိကတိုက်မှာ အဲဒီလိုနိုင်ငံတွေအများကြီးပဲ။ အဲဒီ နိုင်ငံတွေကိုကြည့်လိုက်၊ ဒီမိုကရေစီစံနှုန်းအရဆိုရင် သူတို့ရဲ့နိုင်ငံ ရေးစနစ်က အားရစရာမရှိဘူး။ EITI အဖွဲ့ဝင်နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံထက် လွတ်လပ်မှုနည်းတဲ့ နိုင်ငံတွေ အများကြီးပါနေ တယ်။ သို့သော်လည်းပဲ နိုင်ငံတကာအသိုင်းအဝိုင်းဘက်က ကြည့်လိုက်ရင် နိုင်ငံတကာစံဖြစ်နေမှ ကောင်းတယ်ပေါ့ဗျာ။ ထားပါတော့။ နော်ဝေလိုနိုင်ငံလုပ်ထားတဲ့စံနှုန်းကို နိုင်ငံတကာ စံနှုန်းအဖြစ် သတ်မှတ်ထားရင် တခြားနိုင်ငံတွေက လိုက်လုပ်ရ တာ ခက်တာပေါ့။
ခင်ဗျားမေးတဲ့မေးခွန်းကိုဖြေရရင် ဥရောပနိုင်ငံတွေက ဘာကြောင့် အခုမှ စလုပ်နေကြတာလဲဆိုရင် ရှင်းရှင်းပြောရရင် သူတို့က ပြဿနာဖြစ်နေတဲ့နိုင်ငံတွေ မဟုတ်ကြဘူး။ ပြဿနာ ဖြစ်နေတာက ကျွန်တော်တို့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သဘာဝ အရင်းအမြစ်ရှိတာနဲ့ နော်ဝေလိုနိုင်ငံမှာ အရင်းအမြစ်ရှိတာလို မျိုးက မတူဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာက နိုင်ငံအတွက်အကျိုး မဖြစ်ဘဲ ကျိန်စာဖြစ်နေတယ်။ ကျိန်စာသင့်နေတဲ့ နိုင်ငံတွေကို ကူညီဖို့ EITI ကို ဥရောပနိုင်ငံတွေက ထွင်လိုက်တာ။
ဒါပေမဲ့ နောက်ပိုင်းမှာ လုပ်ရင်းလုပ်ရင်းနဲ့ နိုင်ငံတကာစံ ဖြစ်လာတော့ ဘာတွေပြောလာကြသလဲဆိုရင် ”ဟာ… မင်းတို့ က နိုင်ငံတကာစံလို့လည်း ပြောတယ်၊ နိုင်ငံပေါင်း ၄ဝ လောက် ကလည်း ဝင်နေပြီ၊ မင်းတို့တွေ (ဥရောပနိုင်ငံ) ကျတော့ ဝင်မလာ ဘူး”ဆိုတာတွေ ဖြစ်လာတယ်။ အဲဒီတော့ ဥရောပက တချို့ နိုင်ငံတွေက အမေရိကန်လိုနိုင်ငံကို ဖိအားတွေ ပေးလာတယ်။
အမေရိကန်က ဘာတွေဖြစ်သလဲဆိုရင် အမေရိကန်နိုင်ငံ က ကုမ္ပဏီကြီးတွေကလည်း တခြားနိုင်ငံတွေက ကုမ္ပဏီတွေလို EITI နိုင်ငံမဟုတ်တော့ တချို့နေရာတွေမှာ အမေရိကန်ကုမ္ပဏီ တွေက နိုင်ငံကြီးသားပီသစွာ အလုပ်မလုပ်ကြဘဲနဲ့ ပြီးစလွယ် လုပ်ခဲ့တာတွေလည်း ဖြစ်တယ်။ ဥပမာ-အီရတ်လိုနိုင်ငံမျိုးမှာပေါ့။ နောက်ပိုင်းမှာ အမေရိကန် ရေနံကုမ္ပဏီတွေကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေကလည်း ဝေဖန်လာကြတယ်။ အဲဒီမှာ အမေရိကန်ကလည်း EITI မဝင်လို့ မရတော့တဲ့ အခြေအနေ ဖြစ်လာတယ်။ တိုနီဘလဲက သူ စခဲ့တဲ့ စံနှုန်းက သူ့နိုင်ငံမှာတောင် မလုပ်ထားဘူးဆိုတဲ့ အခြေအနေဖြစ်တော့ အင်္ဂလိပ်ကလည်း ဝင်ဖို့ဆိုပြီး ဖြစ်လာတယ်။ သူတို့တွေက ကျွန်တော်တို့ မြန်မာနိုင်ငံ ထက်တောင်မှ နောက်ကျဝင်လာရတဲ့ အဖြစ်မျိုး ရောက်ကုန်တယ်။
ကောင်းတဲ့တစ်ချက်က ဘာလဲဆိုရင် EITI သည် ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက်ပဲ လုပ်တာမျိုး မဟုတ်တော့ဘူး။ ချမ်းသာတဲ့ နိုင်ငံတွေရော၊ ဆင်းရဲတဲ့နိုင်ငံတွေပါ လုပ်လာတဲ့ စံနှုန်းတစ်ခု ဖြစ်လာပြီဆိုတာပဲ။ ကျွန်တော်တို့အတွက် ကောင်းတာပေါ့။
Photo: Ko Aung မြစ်ဆုံစီမံကိန်းရပ်ဆိုင်းရန် ကန့်ကွက်ဆန္ဒပြနေသူများ
မော်ကွန်း။ ။ ဆရာပြောခဲ့တဲ့အထဲမှာ ကျွန်တော်တို့က EITI အဖွဲ့ဝင်ဖြစ်သွားရင် နိုင်ငံတကာက ပွင့်လင်းမြင်သာတဲ့ လုပ်ငန်း တွေ အများကြီးဝင်လာမယ် ဆိုတာပါတယ်။ အဲဒါဆိုရင် ကျွန် တော်တို့နိုင်ငံမှာ အများစု ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ နိုင်ငံ တစ်ခုဖြစ်တဲ့ တရုတ်ပေါ့။ သူက အခုထိ ကျွန်တော်သိသလောက် EITI ကို မလုပ်သေးဘူး။ ကျွန်တော်တို့ နိုင်ငံက EITI တင်း ပြည့်အဖွဲ့ဝင်ဖြစ်လာရင် ဒီနိုင်ငံမှာ အခု သူလုပ်နေတဲ့ စီမံကိန်း တွေက ဘယ်လိုအခြေအနေ အပြောင်းအလဲဖြစ်လာနိုင်သလဲ။
ဦးဇော်ဦး။ ။ ကျွန်တော်တို့က တင်းပြည့်အဖွဲ့ဝင်ဖြစ်သွားရင် သူ က ကျွန်တော်တို့ရဲ့စံနဲ့မီအောင် လိုက်လုပ်ရမယ်။ သူပြောင်း ရမယ်။ သူက ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံ၊ သူအာဖရိကမှာ၊ ဟိုးအဝေးကြီးမှာ ပြီးစလွယ် လုပ်သလိုမျိုး၊ အဲဒီပုံစံမျိုး ကျွန်တော် တို့ဆီမှာ လာမလုပ်နဲ့။ ပြဿနာတွေရှိနေတယ်။ အိမ်နီးချင်း ကောင်းပီသအောင် လုပ်ရမယ်။
ဒါကြောင့်မို့လို့လည်း လက်ပံတောင်းသည် သူတို့အတွက် အင်မတန်မှ ဆုံးရှုံးမှုတွေများပေမယ့်လည်း ပြင်ပေးတယ်။ အမြတ်ရာခိုင်နှုန်းခွဲတာကအစ အကုန်ပြင်ပေးတယ်။ CSR ဆို လည်း လုပ်ပေးတယ်။ ဘာပဲပြောပြော ဒီဟာကတော့ ကောင်းတဲ့ စံနမူနာပေါ့။ အခု နောက်လုပ်မယ့် တရုတ်ရဲ့ သတ္တုတွင်းကုမ္ပဏီ တစ်ခုဆိုရင်လည်း အခု EITI ညွန့်ပေါင်းအဖွဲ့ထဲမှာ အဖွဲ့ဝင်တစ်ခု အနေနဲ့ ပါဝင်နေတယ်။ ပါနေတဲ့အတွက်ကြောင့် သူတို့သည် ကျွန်တော်တို့ဆီမှာလာလုပ်ရင် ကောင်းကောင်းမွန်မွန်၊မှန်မှန်ကန်ကန်၊ လူကြီးလူကောင်းဆန်ဆန် လုပ်လိမ့်မယ်လို့ ယုံတယ်။
ကြားရတဲ့ဟာတွေကတော့ အများကြီးပါ။ ဥပမာအားဖြင့် EITI ရဲ့ စံတွေထဲမှာမပါပေမယ့် ရေအားလျှပ်စစ်ကဏ္ဍမှာဆိုရင် မြစ်ဆုံလိုဟာမျိုးမှာ ပြန်ပြီးတော့ ဒီလိုမူဘောင်တွေနဲ့အတူ ပြန်ပြီး ချဉ်းကပ်ဖို့ဆိုတဲ့ဟာကိုလည်း အားလုံးက ဝိုင်းပြီးစဉ်းစား ကြတယ်။ ဘာကြောင့်လဲဆိုရင် ဒီစီမံကိန်းကြီးက သမ္မတကြီး ဦးသိန်းစိန်လက်ထက်မှာ ခဏရပ်ထားတဲ့ စီမံကိန်းကြီးပေါ့။ ကောင်းသွားတာက ကျွန်တော်တို့မှာ EITI စံရှိသွားပြီဆိုတော့ ရေအားလျှပ်စစ်သည်ပင်လျှင် သဘာဝအရင်းအမြစ်လို့ ယူဆရ တာဖြစ်တဲ့အတွက်ကြောင့်မို့ တချို့စံတွေဟာ တိုက်ရိုက်အသုံး မပြုနိုင်ရင်တောင်မှ သွယ်ဝိုက်သောအားဖြင့် သူတို့ကို ပြောလို့ ရပြီ။
သူတို့က ပထမစဉ်းစားတာကတော့လွယ်လွယ်လေးပေါ့။ မင်းတို့ဆီက ရေယူမယ်၊ လျှပ်စစ်ယူမယ်။ မင်းတို့ကို ပိုက်ဆံပေး မယ်ဆိုတာပေါ့။ အခုက အဲဒီလို လုပ်လို့မရတော့ဘူး။ ဒေသခံတွေ ရဲ့ အကျိုးစီးပွားက ဘယ်လိုရှိလဲ။ ရေယူလိုက်တဲ့ အတွက်ကြောင့် အဲဒီ ရေအယူခံရတဲ့ မြစ်ရဲ့ အသက်ရှင်ရပ်တည်မှုကရော ဘယ်လို ဖြစ်မလဲ။ ဒေသခံတွေရဲ့ ရေရှည် လူမှုစီးပွားဘဝတင် ထည့်လို့မရ တော့ဘူး။ မြစ်ရဲ့ ရေရှည်လူမှုစီးပွားဘဝကို ခင်ဗျားတို့ ဘယ်လို လုပ်ပေးမလဲ။ EITI အဖွဲ့ဝင်ဖြစ်သွားရင် အဲဒါတွေကိုပါ ကျွန် တော်တို့က ထည့်သွင်းစကားပြောလို့ ရသွားမယ်။
မော်ကွန်း။ ။ EITI အစီရင်ခံစာရဲ့ အဓိကအနှစ်သာရတစ်ခုဖြစ်တဲ့ ဒီလုပ်ငန်းတွေကနေ အစိုးရက အခွန်ဘယ်လောက် ရတယ်၊ ကုမ္ပဏီတွေက ဘယ်လောက်သွင်းနေတယ်ဆိုတဲ့ အခွန်တွေရဲ့ ပွင့်လင်းမြင်သာမှုအပိုင်းပေါ့။ အဲဒီအပိုင်းကို ဖော်ဆောင်ဖို့ အတွက် အခွန်ဥပဒေ ၄၉/ခ လို ဟာတွေက အတားအဆီးဖြစ် နေတယ်။ ဒီပုဒ်မကိုကိုင်ပြီးတော့ထုတ်ဖော်ပြောကြားမှုမလုပ်ကြဘူးဆိုပြီး EITI ရဲ့ သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့မှာပါတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ဆိုကြတယ်။ နောက်တစ်ခု ဆက်စပ်မေးချင် တာက ဒီအစီရင်ခံစာမှာ သတ္တုတွင်းကဏ္ဍကိုလည်း ထည့်သွင်း ထားတယ်ဆိုတော့ ကျွန်တော်တို့နိုင်ငံမှာက တိုင်းရင်းသား လက်နက်ကိုင်တွေ အခြေစိုက်တဲ့ဒေသတွေမှာ သယံဇာတတူး ဖော်မှုလုပ်ငန်းတွေက အများစုရှိနေတာဆိုတော့ အဲဒီလက်နက် ကိုင်တွေနဲ့ရော သုံးပွင့်ဆိုင်ညွန့် ပေါင်းအဖွဲ့က ဘယ်လိုတွေ ညှိကြသလဲဆိုတာပေါ့။
ဦးဇော်ဦး။ ။ ကျွန်တော်တို့ဆီမှာ ကုမ္ပဏီတွေရဲ့အခွန်ကို အခွန် ဌာနက ထုတ်ပြန်ခြင်းမပြုရဘူးပေါ့။ လူတွေရဲ့ Privacy ပေါ့ဗျာ။ ကုမ္ပဏီတစ်ခုနဲ့ တစ်ခုကြားမှာလည်း သူတို့ကအစိုးရကို တာ ဝန်ခံထားပြီးပြီး။ ဒါပေမဲ့ ထုတ်ပြန်ဖို့ဆိုတာတော့ သူတို့ရဲ့ ကုန် ထုတ်လုပ်ငန်း လျှို့ဝှက်ချက်ပေါ့။
အဲဒီဥပဒေနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ရှေ့နေချုပ်ရုံး ကနေပြီးတော့ Interpretation ပြန်ပြီးတော့ တောင်းခံကြည့် တယ်။ ရှေ့နေချုပ်ရုံးက ပြောတာက ဒီဥပဒေအရ ဆိုရင်တော့ အားလုံးကို ထုတ်ပြန်ကြေညာဖို့ဆိုတာတော့ ခက်နေသေးတယ်။ သို့သော် အစိုးရကို ကြေညာဖို့ဆိုရင်တော့ မခက်ဘူး။ အစိုးရက တာဝန်ခံတဲ့ ကျွမ်းကျင်အဖွဲ့က ဝင်စိစစ်တာက လုပ်ပိုင်ခွင့်ရှိပါ တယ်ဆိုပြီးတော့ သဘောထားမှတ်ချက်ရပါတယ်။ အဲဒီအတွက် ကြောင့် အရင်တုန်းက အခွန်ဥပဒေအရဆိုရင် စိစစ်လို့မရတဲ့ အနေအထားမှာရှိတော့ အခက်အခဲဖြစ်ခဲ့တယ်။ အခု အဲဒီဟာကို တော့ ကျွန်တော်တို့ ကျော်လွှားနိုင်ပြီ။
ဒါကြောင့်မို့လို့ အစီရင်ခံစာ ပြီးမယ်ဆိုတာကို ကျွန်တော် ပြောနိုင်တာပါ။ အခု ကုမ္ပဏီတွေကို ကျွန်တော်တို့က ဝင်စစ် ဆေးလို့ ရသွားပြီ။ ဒါပေမဲ့ အသေးစိတ် ပြည်သူကိုချပြမယ့် အစီ ရင်ခံစာမှာ ဒီငွေစာရင်းတွေကို ထည့်ချင်မှ ထည့်မယ်။
နံပါတ်နှစ်က ဥပမာအားဖြင့် ကျောက်စိမ်းပြပွဲကနေ သွား တဲ့ လမ်းကြောင်းကိုတော့ ကျွန်တော်တို့က စိစစ်လို့ရသွားပြီ။ သို့သော် ကချင်မြေမှာ သူဘာသာ မြင်းလေး၊ လားလေးနဲ့ လူတွေ နဲ့ ထမ်းပြီး ထုတ်သွားတဲ့ ဟာကိုကျတော့ သွားစိစစ်ဆေးပါဆိုရင် ကျွန်တော်တို့လည်း စိစစ် လို့မရဘူး။ ဒါကတရားဥပဒေမစိုးမိုးတဲ့ နေရာတွေဖြစ်နေတယ်။ တရားဥပဒေဘောင်ထဲက လုပ်ထား တာလည်း မဟုတ်ဘူး။
အဲဒါကြောင့် ကျွန်တော်တို့က အခု ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လည်း EITI လုပ်ငန်းစဉ်က အရေးကြီးကြောင်းကိုလည်း ငြိမ်း ချမ်းရေးဖော်ဆောင်မှု ကော်မတီတွေကို သွားဆွေးနွေးထားတာ ရှိတယ်။
အခုပဲ နိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာ ချုပ်မူကြမ်း(NCA)ထဲမှာ EITI သဘောတရား ပါသွားပြီဆို တော့ ကျွန်တော်တို့ နိုင်ငံအတွက် အားရစရာကောင်းတဲ့ အဆင့် လို့ ပြောလို့ရတယ်။ အခု လောလောဆယ်မှာတော့ ကော်ပိုရေး ရှင်းတွေရဲ့ အခွန်ဆောင်မှုဝင်ငွေတွေကိုတော့ အစိုးရကို ကြေညာ ပြီးသားဆိုတာ ထပ်ပြောချင်တယ်။
မော်ကွန်း။ ။ ဘာတွေများ ထပ်မံ ဖြည့်ပြောချင်တာရှိပါသလဲ။
ဦးဇော်ဦး။ ။ ကော်ပိုရေးရှင်းတွေနဲ့ ကျွန်တော်တို့ ဆွေးနွေးကြတဲ့ အခါမှာ ကျွန်တော်အကြုံပြုဆွေးနွေးတာလေးရှိတယ်။ ဘာလဲဆို ရင် ကမ္ဘာပေါ်မှာ အခုကာလက အရင်တုန်းကလို ရွှေထီးဆောင်း တဲ့ကာလ မဟုတ်တော့ဘူး။ ရေနံကုမ္ပဏီတွေကိုပဲ ကြည့်ကြည့်၊ သတ္တုတွင်းကုမ္ပဏီတွေကိုပဲ ကြည့်ကြည့်၊ အားလုံးက အရှုံးပေါ် အလုပ်လုပ်နေကြတယ်။ ရေနံဈေးလည်းကျတယ်။ သတ္တုဈေး လည်း ကျနေတယ်။ တရုတ်ကိုအမှီပြုပြီး ဒီဟာတွေက ဈေး အတက်အကျဖြစ်နေတာဆိုတော့ အခု တရုတ်နိုင်ငံရဲ့ စီးပွားရေး ကလည်း မကောင်းဘူး။ အကုန်လုံးက အကျဘက်မှာ ရှိနေတဲ့ ကာလဆိုတော့ ဒီကဏ္ဍကြီးတစ်ခုလုံးမှာ စစ်ချရမယ့်ဟာတွေ အများကြီးရှိနေတယ်။
စစ်ချရလိုက်မယ့်ဟာတွေကြောင့် ခံနိုင်ရည် ဘယ်သူရှိ မလဲ၊ ရှိတဲ့သူတွေ ကျန်ခဲ့မယ့်ကာလ။ ကုမ္ပဏီတွေထဲမှာလည်း ခံနိုင်ရည်ရှိတဲ့ကုမ္ပဏီတွေ ကျန်မယ်။ နိုင်ငံတွေထဲမှာလည်း စံကောင်းကောင်းနဲ့ အလုပ်လုပ်တဲ့ နိုင်ငံတွေ ကျန်မယ်။ အဲဒါတွေ ကို မှီခိုလုပ်ကိုင်နေတဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာလည်း ကောင်းတဲ့ လုပ်ငန်းတွေပဲ ကျန်ခဲ့မယ်ဆိုတာလေး ပြောချင်တယ်။
ကျွန်တော်တို့ EITI လုပ်တယ် ဆိုတာက နိုင်ငံရေးရှုထောင့် က၊ လူမှုရေးရှုထောင့်ကနေ ပရဟိတလုပ်တယ်လို့ မယူဆကြပါနဲ့။ ဒါဟာ စီးပွားရေးအရ တကယ့်ကိုတွက်ချေကိုက်ပြီးတော့ တကယ့်ကို လုပ်သင့်လုပ်ထိုက်တဲ့လုပ်ငန်းတစ်ခုလိုမျိုး ကုမ္ပဏီ တွေရဲ့ Business Model ထဲမှာကို ထည့်သွင်းစဉ်းစားရမယ်။ အပိုဆောင်းပြီးလုပ်တဲ့ လုပ်ငန်းတစ်ခု မဟုတ်ပါဘူး။ စီးပွားရေး တိုင်း၊ စီးပွားရေးတိုင်းမှာ EITI လုပ်ခြင်းဟာ သူတို့တွေရဲ့ စီးပွား ရေးအောင်မြင်ဖို့အတွက် လုပ်တဲ့ မဟာဗျူဟာတစ်ခုလိုပဲ မြင်ပြီး လုပ်ကြပါလို့ ပြောချင်တယ်။ ။ အပိုင်း( ၁ )သို့
အောက်တိုဘာလထုတ်-၂၀၁၅၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂၈)မှ အင်တာဗျူ း ဆောင်းပါး ဖြစ်ပါသည်။
ကျော်ဇေယျ တွေ့ဆုံမေးမြန်းသည်။

