မတ်လထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၁) မှ အမေ့ခံ ဆောင်းပါးဖြစ်ပါသည်။
ညလယ်မိုး ရေးသည်။
(၁)
အာအိုင်တီ…တဲ့။
တစ်ချိန်တုန်းက ကျွန်တော်တို့နိုင်ငံရဲ့ လူတွေ ပါးစပ်ဖျား မှာ ရေပန်းစား နေရာယူဖူးတဲ့ စကားလုံးလေး သုံးလုံးပါ။သူက အာအိုင်တီကျောင်းသားပေါ့။ဒီနှစ် သူ အာအိုင်တီ ဝင်ခွင့်ရတယ်လေ။သူ့အစ်ကိုက အာအိုင်တီကျောင်းဆင်းပေါ့။ဟိုမှာ အာအိုင်တီ ကျောင်းသားတွေ လာနေပြီ စသဖြင့်။ထို အာအိုင်တီခေါ် RIT ဆိုတာ ရန်ကုန်စက်မှုတက္ကသိုလ်ကို ဆိုလိုတယ်ဆိုတာကိုတော့ လူတော်တော်များများ၊
အထူးသဖြင့် လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေကသိကြမှာပါ။ လူငယ်တွေကတော့ သိတဲ့လူလည်း ရှိမယ်၊ ကြားဖူး သလိုလိုလို့ ထင်တဲ့သူလည်း ရှိမှာပေါ့။ Rangoon Institute ကို အတိုကောက် RIT လို့ ခေါ်တာပါ။ အခုတော့ အာအိုင်တီလို့ မခေါ်တော့ဘူး။ ဝိုင်တီယူ (YTU) တဲ့၊ ပီတီယူ (PTU) တဲ့၊ အမ်တီယူ (MTU) တဲ့၊ စက်မှုတက္ကသိုလ်မဟုတ်တော့ဘူး၊ နည်းပညာတက္ကသိုလ် ဖြစ်သွားပြီ။ Institute of Technology လို့ မသုံးနှုန်းတော့ဘဲ Technological University လို့ ပြောင်းခေါ်နေ ကြပြီ။
ရန်ကုန်မှာ ဖွင့်တော့ Yangon Technological University(YTU) ပေါ့။ပြည်မှာ ဖွင့်တော့ Pyay Technological University(PTU) ပေါ့။ မန္တလေးမှာ ဖွင့်တော့ Mandalay Technological University (MTU) ပေါ့။
နည်းပညာတက္ကသိုလ်တွေကလည်း နေရာဒေသအနှံ့မှာ အများကြီးဖြစ်လာပြီ။ ဟိုအရင်တုန်းက တိတိကျကျပြောရရင် တော့ ၁၉၈၈ ခုနှစ်မတိုင်ခင်ကတော့ ရန်ကုန်စက်မှုတက္ကသိုလ်ဆိုတာ ရန်ကုန်တစ်နေရာတည်းမှာပဲ ရှိခဲ့တဲ့ အစဉ်အလာကြီးမားခဲ့ တဲ့ တက္ကသိုလ်ပေါ့။ အာအိုင်တီကျောင်းသား၊ အာအိုင်တီကျောင်း ဆင်းလို့ ပြောလိုက်တာနဲ့ ပြောတဲ့သူကလည်း ဂုဏ်ယူသံလေး စွက်လို့။ ကြားတဲ့သူကလည်း အထင်ကြီးဟန်လေး ပြလို့။
အနှီ အာအိုင်တီကျောင်းတော်၊ ထို ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းတော်မှာ ကျောင်းတော်သားအဖြစ် ဖြတ်သန်းဖူးတဲ့သူ တစ်ယောက်အနေနဲ့ အဲဒီအာအိုင်တီအကြောင်း တစေ့တစောင်း ပြောပြချင်ပါတယ်ဗျာ။
( ၂)
အာအိုင်တီခေါ် ရန်ကုန်စက်မှုတက္ကသိုလ်ဆိုတာကတော့ မြန်မာပြည်မှာ အင်ဂျင်နီယာဘွဲ့ရကျောင်းသားများကို မွေးထုတ် ပေးရာ ပင်မနေရာကြီးတစ်ခုပေါ့။ အင်းစိန်၊ ကြို့ကုန်းမှာရှိတဲ့ တိုင် အမြင့်ကြီး ၁၆ တိုင်နဲ့ ခံ့ညားလှတဲ့ ရန်ကုန်စက်မှုတက္ကသိုလ် အဆောက်အအုံကြီးကို ယခင်ဆိုဗီယက်ပြည်ထောင်စုက ချစ် ကြည်ရေးအထိမ်းအမှတ်နဲ့ တည်ဆောက်ပေးခဲ့တာလို့ သိရပါ တယ်။ ၁၉၅၈ မှာ စတင်တည်ဆောက်ပြီး ၁၉၆၁ မှာ အပြီးသတ်ဖွင့်လှစ်နိုင်ခဲ့တယ်လို့ မှတ်သားဖူးပါတယ်။ ၁၉၆၁ စတင်ဖွင့်လှစ် ချိန်ကတော့ အဲဒီတက္ကသိုလ်ကြီးကို ဘီအိုင်တီ (Burma Institute of Technology)လို့ စခေါ်ခဲ့တာဗျ။ အဲဒီအချိန်တုန်းက ဘီ အိုင်တီအနေနဲ့ ရန်ကုန်တက္ကသိုလ်ရဲ့ လက်အောက်ခံကောလိပ် အနေနဲ့ပဲ ရှိနေသေးတယ်။ ၁၉၆၄ ရောက်တော့မှ Rangoon Institute of Technology လို့ နာမည်ပြောင်းပြီး သီးခြားရပ် တည်တဲ့ တက္ကသိုလ်အဖြစ် ပြောင်းလဲရောက်ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်ပဲ ပြီးခဲ့တဲ့ ၂ဝ၁၄ အတွင်းက RIT/YTU ရဲ့ နှစ်ငါးဆယ် ပြည့်ရွှေရတုပွဲကြီးကို ကျင်းပခဲ့ကြတာပေါ့။
၁၉၈၈ မတိုင်မီကတော့ အာအိုင်တီဆိုတာ မြန်မာနိုင်ငံရဲ့ ဒုတိယအဆင့်အမြင့်ဆုံး တက္ကသိုလ်ဖြစ်ခဲ့ပါတယ်။ ၁ဝ တန်း အောင်တဲ့ ကျောင်းသားတွေ တက္ကသိုလ်ဝင်ခွင့်လျှောက်တဲ့အခါ ဆေးတက္ကသိုလ်က အမှတ်အမြင့်ဆုံး၊ ပြီးရင် ရန်ကုန်စက်မှု တက္ကသိုလ်က ဒုတိယအမှတ်အမြင့်ဆုံးပဲ။ အဲဒီအချိန်တုန်းက ဆေးတက္ကသိုလ်က ဆေး ၁၊ ဆေး ၂ နဲ့ မန္တလေးဆေးတက္ကသိုလ် ဆိုပြီး သုံးခုရှိနေပြီ။ စက်မှုတက္ကသိုလ်ကတော့ ရန်ကုန်စက်မှု တက္ကသိုလ်တစ်ခုတည်းပဲ ရှိပါသေးတယ်။ တစ်နှစ်ကို ဆေး တက္ကသိုလ်သုံးခုပေါင်းက ကျောင်းသား၊ ကျောင်းသူ ၅၅ဝ ဝန်း ကျင် လက်ခံပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်ကတော့ တစ်နှစ် ကို ကျောင်းသား၊ ကျောင်းသူ ၇ဝဝ ဝန်းကျင် လက်ခံသင်ကြားပေး ပါတယ်။ အဲဒီတော့ စက်မှုတက္ကသိုလ်ရောက်တဲ့သူတွေဟာ မြန်မာနိုင်ငံအတွက် အဲဒီနှစ်ရဲ့ အတော်ဆုံးကျောင်းသူ၊ ကျောင်းသား ၁,၂ဝဝ ထဲမှာ ပါတဲ့သူတွေလို့ ယေဘုယျ ကောက်ချက်ချနိုင်တာ ပေါ့။ ရန်ကုန်စက်မှုတက္ကသိုလ်အနေနဲ့လည်း အဲဒီအချိန်အခါတုန်း က အရှေ့တောင်အာရှမှာ ထိပ်တန်းစက်မှုတက္ကသိုလ်အဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ ဟိုတုန်းကတော့ လုပ်ငန်းသဘော သဘာဝအရ စက်မှုတက္ကသိုလ်ဝင်ခွင့်ကို ကျောင်းသူတွေထက် ကျောင်းသားအများစုက ဝင်ခွင့်ရကြပါတယ်။ တစ်နှစ်ကို မိန်း ကလေးက ယောကျ်ားလေးဦးရေရဲ့ ၁၅ ရာခိုင်နှုန်းသာ ခေါ်ယူခဲ့ ပါတယ်။ ဒါကြောင့် ရန်ကုန်စက်မှုတက္ကသိုလ်မှာ ယောကျ်ားလေး အင်အားက မိန်းကလေးအင်အားထက် အများကြီးများပါတယ်။ ဒါဟာလည်း အဲဒီခေတ်၊ အဲဒီအချိန်တုန်းက အခြားတက္ကသိုလ် တွေထက် ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ ထူးခြားမှုတစ်ခုပါပဲ။ တကယ်တော့ အာအိုင်တီခေါ် ရန်ကုန်စက်မှုတက္ကသိုလ်ဆိုတာ အဲဒီခေတ်၊ အဲဒီအခါတုန်းက ထူးခြားတဲ့ အစဉ်အလာ၊ ဝိသေသ တွေ အများကြီးနဲ့ တက္ကသိုလ်တစ်ခုအဖြစ် ထင်ရှားခဲ့ပါတယ်။
( ၃)
အားလုံးသိကြတဲ့အတိုင်း ရန်ကုန်စက်မှုတက္ကသိုလ်ဟာ အင်းစိန်၊ ကြို့ကုန်းမှာ တည်ရှိပါတယ်။ ပင်မအဆောင်ကြီးကတော့ ရုရှားဗိသုကာလက်ရာ တိုင်အမြင့်ကြီး ၁၆ တိုင်နဲ့ ခန့်ညားလှတဲ့ အဆောက်အအုံကြီးပါပဲ။ အဲဒီအဆောက်အအုံကြီးကို Building-1 လို့ ခေါ်ပါတယ်။ အာအိုင်တီကျောင်းဝင်းထဲမှာ Building-1 ကနေ Building-8 အထိ စာသင်ဆောင်ရှစ်ဆောင်ရှိပါ တယ်။ ကျောင်းသားတွေအတွက် လူနေဆောင်အဖြစ် A,B,C,D,E,F ဆိုပြီး အဆောင် ခြောက်ဆောင်ရှိပါတယ်။ ကျောင်းသူ တွေအတွက်တော့ G ဆိုတဲ့ အဆောင်တစ်ဆောင်ပဲ ရှိပါတယ်။ ကျောင်းသူက ၁၅ ရာခိုင်နှုန်းပဲ ရှိတာကိုး။ အဲဒီမိန်းကလေးတွေ အတွက် အဆောင်က G ဆိုတော့ အဲဒီအဆောင်မှာနေတဲ့ ကျောင်းသူတွေကို G Hall မှာနေတဲ့အတွက် ဂျီဟောသူလို့ ခေါ် ကြပါတယ်။ ကျောင်းသူတွေအနေနဲ့ ပဉမနှစ်နဲ့ နောက်ဆုံးနှစ်မှ ဂျီဟောမှာ နေရတာပါ။ ပထမနှစ်ကနေ စတုတ္ထနှစ်အထိက သမိုင်းဝင်းထဲက သဇင်ဆောင်မှာ နေရတာ။ ဒီတော့ အတန်းကြီး ကျောင်းသူတွေနေတဲ့ ဂျီဟောဆောင်ကို အာအိုင်တီကျောင်း သားတွေ နာမည်ပေးထားတာက ဟိုင်းကြီးကျွန်းတဲ့။ ဂျီဟော ရောက်ရင် ဟိုင်းပြီဆိုတဲ့ သဘောပေါ့။ ကြို့ကုန်းမှာရှိတဲ့ အာအိုင် တီကျောင်းဝင်းထဲမှာ စာသင်ဆောင်တွေ၊ ကျောင်းသား၊ ကျောင်းသူတွေနေတဲ့ အဆောင်တွေအပြင် ဆရာ၊ ဆရာမတွေ အတွက် အိမ်ရာတွေ၊ ဝန်ထမ်းအိမ်ရာတွေလည်း ရှိပါတယ်။ ဘောလုံးကွင်း၊ ဘတ်စကတ်ဘောကွင်း၊ တင်းနစ်ကွင်း၊ ဆေးပေး ခန်း၊ စာကြည့်တိုက် စသဖြင့် တခြားလိုအပ်တဲ့ အဆောက်အအုံ တွေ အပြည့်အစုံရှိပါတယ်။
အာအိုင်တီကျောင်းသားတွေအနေနဲ့ ပထမနှစ်ကနေ စတုတ္ထ နှစ်အထိက ကြို့ကုန်းကျောင်းဝင်းထဲက အဆောင်တွေမှာ နေခွင့် မရသေးပါဘူး။ လှိုင်မြို့နယ်မှာ ရှိတဲ့ သမိုင်းဝင်းထဲက ကျောင်း ဆောင်တွေမှာ နေကြရပါတယ်။ အဲဒီသမိုင်းဝင်းအဆောင်တွေ ကနေ ကြို့ကုန်းကို ဘတ်စ်ကားစီးပြီး ကျောင်းသွားတက်ရတာပါ။ ကြို့ကုန်းမှာရှိတဲ့ အာအိုင်တီကျောင်းဝင်းထဲကို ဝင်တဲ့ ဂိတ်ပေါက် နှစ်ခုရှိပါတယ်။ တစ်ခုက ပုံစံဆန်းဆန်း အမိုးခုံးခုံးချွန်ချွန်နဲ့ ဂိတ် ပေါက်ကျယ်ကြီး၊ ကိုယ်ပိုင်ကားနဲ့ လာတဲ့သူတွေက အဲဒီဂိတ်က နေ ဝင်ကြတယ်။ နောက်တစ်ခုက ဘီပီအိုင်လမ်းထိပ်နားက ဘတ်စ်ကားမှတ်တိုင်ဘေးမှာရှိတဲ့ လူတစ်ကိုယ်စာဝင်ပေါက် ကလေး၊ ဘတ်စ်ကားနဲ့ လာတဲ့သူတွေက အဲဒီဂိတ်ပေါက်ကျဉ်း လေးက ဝင်ကြတယ်။ ဂိတ်ပေါက်ကျဉ်းလေးက ဘတ်စ်ကားနဲ့ ကျောင်းတက်တဲ့သူတွေ ဝင်ကြတဲ့ ဂိတ်မို့လို့ ပစ္စည်းမဲ့ဂိတ်လို့ ခေါ် ကြတယ်။ ကိုယ်ပိုင်ကားတွေ ဝင်ကြတဲ့ ဂိတ်ပေါက်ကိုတော့ အဲဒီ အမိုးခုံးချွန်ချွန်က ကာတွန်းဦးအောင်ရှိန်ရဲ့ ကာတွန်းဇာတ် ကောင် ဦးလူပေါရဲ့ ခေါင်းချွန်ချွန်ပုံစံနဲ့ တူလို့ ဦးလူပေါဂိတ်လို့ ခေါ် ကြတယ်။ အာအိုင်တီကျောင်းသားမှန်ရင် ပစ္စည်းမဲ့ဂိတ်လို့ ပြော လိုက်ရင် ဘယ်ဂိတ်ကို ပြောတယ်၊ ဦးလူပေါဂိတ်မှာ စောင့်ဆိုရင် ဘယ်မှာစောင့်ရမယ်ဆိုတာ တန်းခနဲသိကြတယ်။
နောက်ထပ် အာအိုင်တီရဲ့ နာမည်ကျော်အစဉ်အလာနေ ရာတစ်ခုကတော့ သြဘာလမ်းပါပဲ။ သြဘာလမ်းဆိုတာက အဲဒီ လမ်းကို ဖြတ်တဲ့သူကို ကျန်တဲ့ကျောင်းသားတွေက ဝိုင်းပြီး လက် ခုပ်တီးသြဘာပေး လှောင်ပြောင်ကြတဲ့ အစဉ်အလာရှိတဲ့ လမ်းပါ ပဲ။ တိုင်အမြင့်ကြီးတွေနဲ့ ပင်မအဆောင်ကြီးအောက်က ဝင်လိုက် ရင် အဆောင် ၁ ရဲ့ အလယ်မှာ မြက်ခင်းပန်းခြံတစ်ခုရှိတယ်။ အဲ ဒီပန်းခြံအလယ်ကို ဖြတ်ပြီး အဆောင်တစ်နဲ့ အဆောင်နှစ်ကို ဆက်သွယ်ထားတဲ့ လမ်းတစ်လမ်းရှိတယ်။ ဘေးနှစ်ဖက်မှာပုဏ္ဏရိပ်ပင်တွေနဲ့။ လမ်းက အဆောင်တစ်နဲ့ နှစ်ကို ဆက်သွယ် ထားတဲ့ အတိုဆုံးလမ်းဖြစ်ပေမယ့် ဘယ်သူမှ ဖြတ်မလျှောက်ကြ ဘူး။ အထာမသိတဲ့သူတွေ ဖြတ်လျှောက်ပြီဟေ့ဆိုရင်တော့ အဆောင်တစ်ရဲ့ သုံးထပ်စလုံးက ကျောင်းသားတွေထွက်လာပြီး လျှောက်နေတဲ့သူကို လက်ခုပ်တွေ ဝိုင်းတီးလို့ ခြေလှမ်းမှား အောင် လှောင်ပြောင်တော့တာပဲ။ ထင်မထားဘဲ ရုတ်တရက် လူ တွေ ဝိုင်းကြည့်ပြီး လှောင်ပြောင်ခံရတဲ့သူရဲ့ အဖြစ်ကတော့ ဘယ် လောက်ဆိုးလိုက်မလဲ စဉ်းစားသာကြည့်ပေတော့။ တကယ် တော့ ဟိုးအရင်တုန်းက စက်မှုတက္ကသိုလ်ဘွဲ့နှင်းသဘင်ကို အဲဒီ မြက်ခင်းပြင်မှာ ကျင်းပခဲ့ဖူးတယ်။ မြက်ခင်းအလယ်က လမ်းမ ထိပ်မှာ ဘွဲ့နှင်းစင်မြင့် ဆောက်ထားပြီး ပါမောက္ခချုပ်က အဲဒီ လမ်းအတိုင်း စင်မြင့်ကို လျှောက်လာတဲ့အခါ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေက လက်ခုပ်တီးပြီး သြဘာပေးကြိုဆိုကြ တယ်။ အဲဒါကို အစွဲပြုပြီး ဘွဲ့နှင်းသဘင် မရှိတဲ့အချိန်မှာ ဖြတ် လျှောက်တဲ့သူကို ပါမောက္ခချုပ်လို ဝိုင်းသြဘာပေးရာကနေ အစဉ်အလာဖြစ်လာခဲ့တာ။ ဒါလည်း အာအိုင်တီရဲ့ ထူးခြားတဲ့ အစဉ်အလာတစ်ခုပဲ။ နောက်ထပ် ထူးခြားတဲ့ အစဉ်အလာတစ်ခု ကတော့ ကာတွန်းဘောက်စ် (Cartoon Box) ပါပဲ။ တယ်လီ ဖုန်းရုံဟောင်းလေးရဲ့ မှန်မျက်နှာပြင်သုံးဖက်မှာ ကာတွန်းလေး တွေ ကပ်ပြီးပြတာကို Cartoon Box လို့ နာမည်ပေးထားတာပါ။ ကျောင်းမှာ ဖြစ်ပျက်သမျှ ကမောက်ကမကိစ္စတွေကို ကာတွန်း လေးတွေဆွဲပြီး သရော်ကြပါတယ်။ အပတ်စဉ်တနင်္လာနေ့တိုင်း ကာတွန်းအသစ်တွေ တင်ထားလေ့ရှိပါတယ်။ တစ်ပတ်စာကာ တွန်းတွေ မဖတ်လိုက်ရတဲ့ သူအဖို့ကတော့ အာအိုင်တီမှာ တစ် ပတ်စာ ခေတ်နောက်ကျတဲ့သူ ဖြစ်သွားတာပါပဲ။ အဲဒီကာတွန်း ဘောက်စ်ကနေ အောင်မြင့်(ကြံ့ဗဟုံး)၊ အော်ပီကျယ်၊ ဇော်မောင်၊ ဂျိုကာစတဲ့ နိုင်ငံကျော်ကာတွန်းဆရာတွေ မွေးထုတ်ပေးခဲ့ပါ တယ်။
အာအိုင်တီရဲ့ နောက်ထပ်အစဉ်အလာတစ်ခုကတော့ Unseen မေးခွန်းပါပဲ။ အတန်းကြီးလာတဲ့အခါ၊ အထူးသဖြင့် အင်ဂျင်နီယာဆိုင်ရာဘာသာရပ်တွေမှာ စာမေးပွဲစစ်တဲ့အခါ ဆရာတွေက ကျောင်းသားတွေ တစ်ခါမှ မကြုံဖူးတဲ့ Unseen မေးခွန်းမျိုး ထည့်မေးလေ့ရှိပါတယ်။ အလားတူ၊ ပုံစံတူ မေးခွန်း မျိုးတောင် မကြုံဖူးတာမို့ ကျောင်းသားတွေအနေနဲ့ ကိုယ်ပိုင် ဉာဏ်နဲ့ စဉ်းစားပြီး အဖြေထုတ်ကြရပါတယ်။ တကယ့်လက်တွေ့ ဘဝမှာ မမျှော်လင့်နိုင်တဲ့ Unseen မေးခွန်းတွေ အများကြီးကြုံ လာနိုင်တယ်။ ဒါကြောင့် Unseen မေးခွန်းကို ဖြေတယ်ဆိုတာ စာမေးပွဲအတွက်တင် မဟုတ်ဘဲ ဘဝတိုက်ပွဲအတွက် လေ့ကျင့် ပေးတာလို့ ဘယ်သူပြောခဲ့မှန်းမသိတဲ့ စိတ်ဓာတ်အစဉ်အလာက လည်း အာအိုင်တီကျောင်းသားတွေရဲ့ ထူးခြားတဲ့ ဝိသေသတစ်ခု ပါပဲ။
(၄)
အာအိုင်တီကျောင်းသားတွေရဲ့ ထူးခြားတဲ့ နောက်ထပ် အစဉ်အလာတစ်ခုကတော့ မတရားမှုကို ငုံ့မခံတတ်တဲ့၊ အမှန် တရားကို ချစ်မြတ်နိုးတတ်တဲ့ စိတ်ဓာတ်သတ္တိပါပဲ။
၁၉၈၇၊ စက်တင်ဘာမှာ အဲဒီအချိန်က မြန်မာနိုင်ငံကို အုပ် ချုပ်နေတဲ့ မဆလအစိုးရက ၂၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန်ငွေစက္ကူ တွေကို တရားမဝင်ကြောင်း ကြေညာလိုက်ပါတယ်။ အဲဒီအချိန် တုန်းက မြန်မာငွေအနေနဲ့ အခုလောက် ဖောင်းပွမှု မရှိသေးတာ ကြောင့် ၂၅ ကျပ်တန်နဲ့ ၇၅ ကျပ်တန်ဆိုတာ အတော်တန်ဖိုးရှိတဲ့ ငွေပါ။ တကယ်တော့ မဆလအစိုးရရဲ့ အဲဒီလုပ်ရပ်ဟာ အတော် လေး ဆိုးရွားမိုက်ရိုင်းတဲ့ လုပ်ရပ်ပါပဲ။ ပြည်သူတွေအနေနဲ့ သူတို့ ရှာဖွေထားတဲ့ ချွေးနှဲစာငွေတွေက နေရင်းထိုင်ရင်း တရားမဝင် ဖြစ်ပြီး သုံးမရစွဲမရ ဆုံးရှုံးရတဲ့အဖြစ်ဟာ ဘယ်လောက်ဆိုးရွား သွားတယ်ဆိုတာ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ အဲဒီလို ငွေ စက္ကူတွေ တရားမဝင်ကြေညာလိုက်တဲ့ မဆလအစိုးရရဲ့ ဆိုးရွား တဲ့ လုပ်ရပ်ကို ပြည်သူလူထုတစ်ရပ်လုံးက အံ့အားသင့်ဒေါသ ထွက်နေချိန်မှာ အရင်ဆုံး ကန့်ကွက်ဆန္ဒပြခဲ့ကြတာ အာအိုင်တီ ကျောင်းသားတွေပါပဲ။ အာအိုင်တီကျောင်းသားတွေရဲ့ ဆန္ဒပြမှု ကြောင့် အစိုးရက အာအိုင်တီကျောင်းကို ချက်ချင်းပိတ်ပစ်လိုက် ပြီး ကျောင်းသားတွေကို ငွေစက္ကူအသစ်တချို့ ဝေပေးပြီး ချွေး သိပ်လူစုခွဲလို့ အိမ်တွေ ပြန်ပို့ခဲ့ပါတယ်။ အဲဒီလို ချွေးသိပ်ခဲ့ပေမယ့် နောက် ခြောက်လ၊ ခုနစ်လလောက်အကြာမှာတော့ ၁၉၈၈ လူထုအုံကြွမှုကြီးရဲ့ အစဖြစ်တဲ့ ဖုန်းမော်အရေးအခင်းဟာ အာ အိုင်တီကနေ စတင်ခဲ့တာပါပဲ။
ကျောင်းသားတွေအပေါ်မှာ အငြိုးတကြီးနဲ့ အကြမ်းဖက် နှိပ်ကွပ်တဲ့ မဆလအာဏာရှင်အစိုးရကို အာအိုင်တီကျောင်းသား တွေက ရဲရဲဝံ့ဝံ့ ရှုတ်ချဆန္ဒပြခဲ့ကြပါတယ်။ အဲဒီအာအိုင်တီကျောင်း သားတွေရဲ့ ဆန္ဒပြမှုဟာ တခြားတက္ကသိုလ်တွေဆီကိုပါ ကူးစက် သွားပြီး တဖြည်းဖြည်း အရှိန်မြင့်လာရာက ရှစ်လေးလုံးအရေး တော်ပုံကြီး ပေါ်ပေါက်လာရတာပါ။ ရှစ်လေးလုံးအရေးတော်ပုံ ကြောင့် မဆလအစိုးရလည်း ပြုတ်ကျသွားခဲ့ရတာ လူတိုင်းသိပြီး ဖြစ်မှာပါ။
ရှစ်လေးလုံးအရေးတော်ပုံအပြီး တိုင်းပြည်အာဏာကို သိမ်းယူခဲ့တဲ့ စစ်အစိုးရလက်ထက်မှာ ဖြစ်ပေါ်ခဲ့တဲ့ ၁၉၉၆ အရေး အခင်းမှာလည်း အာအိုင်တီကျောင်းသားတွေဟာ ဦးဆောင်မှု အပိုင်းမှာ ပါဝင်ခဲ့ပါတယ်။
အဲဒီ အာအိုင်တီရဲ့ မဟုတ်မခံစိတ်ဓာတ်အစဉ်အလာကို သိတဲ့ စစ်အစိုးရဟာ အာအိုင်တီကျောင်းကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ကြံစည်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလုပ်ရပ်ကတော့ ရန်ကုန်စက်မှုတက္ကသိုလ်ကို ပိတ်ပစ်လိုက်ပြီး နည်းပညာတက္ကသိုလ် များအဖြစ် နယ်မြို့ပေါင်းများစွာမှာ ခွဲပြီး ဖွင့်လှစ်ခဲ့တာပါပဲ။ လူသူ မနီးတဲ့ တောကြီးမျက်မည်း သို့မဟုတ် ကွင်းခေါင်ခေါင်တွေမှာ ကျောင်းသားတွေဟာ တက္ကသိုလ်အဆင့်အတန်းနဲ့ မညီတဲ့ အနေ အထားတွေနဲ့ ကျောင်းတက်ကြရပါတယ်။ အခု နည်းပညာ တက္ကသိုလ်တွေမှာ အရင်ရန်ကုန်စက်မှုတက္ကသိုလ်မှာရှိတဲ့ အဆောက်အအုံနဲ့ အထောက်အကူပြည့်စုံမှုမျိုး မရှိပါဘူး။
သင်ကြားမှုပုံစံနဲ့ နည်းပညာတက္ကသိုလ်ရဲ့ ကျောင်းဝင်ခွင့် အဆင့်အတန်းကလည်း နိမ့်ကျသွားခဲ့တာ တွေ့ရပါတယ်။ နည်း ပညာတက္ကသိုလ်ကျောင်းတွေ အများကြီးခွဲဖွင့်ပြီး ကျောင်းသား တွေ အများကြီးဝင်ခွင့်ပြု၊ အင်ဂျင်နီယာတွေကို ဗုံးပေါလအော မွေးထုတ်နေတဲ့အတွက် နည်းပညာတက္ကသိုလ်ကျောင်းတွေရဲ့ အနေအထားဟာ တစ်ချိန်က အရှေ့တောင်အာရှမှာ ထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်ခဲ့တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ရဲ့ အဆင့် အတန်းမျိုး မရှိတော့ပါဘူး။
ကြို့ကုန်းမှာရှိတဲ့ ရန်ကုန်စက်မှုတက္ကသိုလ်အဆောက်အအုံ ကြီးမှာ အခု ရန်ကုန်နည်းပညာတက္ကသိုလ် (Center of Excellence) အနေနဲ့ ပြန်ပြီး ဖွင့်လှစ်ထားပြီဆိုပေမယ့် ကျောင်းသားဦး ရေထက် ကျောင်းသူဦးရေက ပိုများနေတာကြောင့် အရင်တုန်း က ယောကျ်ားလေးအဆောင်တွေဖြစ်တဲ့ A,B,C အဆောင်တွေ တောင် မိန်းကလေးအဆောင်အဖြစ် ပြောင်းသွားရပါပြီ။
ဟိုတစ်ခေတ်ရဲ့ အာအိုင်တီကျောင်းသားဟောင်းတစ် ယောက်အနေနဲ့ အခုခေတ် နည်းပညာတက္ကသိုလ်တစ်ဖြစ်လဲ စက်မှုတက္ကသိုလ်တွေမှာ အရင်တုန်းက အာအိုင်တီလို့ခေါ်တဲ့ ရန် ကုန်စက်မှုတက္ကသိုလ်ရဲ့ ထူးခြားတဲ့ အစဉ်အလာ၊ ဝိသေသ၊ စိတ် ဓာတ်သတ္တိတွေဟာ တိမ်မြုပ်ကွယ်ပျောက်များသွားပြီလားလို့ ရတက်မအေးဖြစ်မိပါတော့တယ်။ ။

