ပြည်မှာမိုး အပိုင်း(၂)

ပြည်မှာမိုး အပိုင်း(၂)

 

ကျွန်တော်တို့က ဦးသူရိန်ထွန်း လမ်းညွှန်ဖြင့် ဘောဘောကြီးဘုရားဆီ ခရီးဆက်ခဲ့ပါသည်။ လမ်းမှာ နန်းတော်ရာ မြို့ရိုး တစ်စိတ်တစ်ပိုင်းကို မြင်တွေ့ခဲ့ရ သည်။ ပြတိုက်ထဲမှ မှတ်တမ်းများအရ သည်မြို့ဟောင်းနေရာကို နိုင်ငံခြားသား များက စပြီး စိတ်ဝင်စားကာ အပတ် တကုတ် ရှာဖွေဖော်ထုတ်ခဲ့တာ ဖြစ်ပါ သည်။ နောက်တော့ ရှေးဟောင်းသုတေ သနဦးစီးဌာနက ဆက်လက်ရှာဖွေတူး ဖော်နေသည်ဟု ဆိုပါသည်။ သို့သော် သည်လို ရှာဖွေတူးဖော်မှုများအတွက် ဘတ်ဂျက်မည်ရွေ့မည်မျှ ချထားပေးပြီး မည်ရွေ့မည်မျှ ထိထိရောက်ရောက်တူး ဖော်ထိန်းသိမ်းနေသည်ကိုမူ ကျွန်တော် မသိပါ။

          ကျွန်တော်မြင်မိသလောက်ပြောရ လျှင်တော့ ယခုအချိန်က သည်ရှေး ဟောင်းနယ်မြေကို ထိန်းသိမ်းစောင့် ရှောက်ဖို့ရာ အရေးကြီးဆုံးဖြစ်နေပါ သည်။ ကုလသမဂ္ဂလက်အောက်ခံ ယူ နက်စကိုအဖွဲ့ကြီးကသာ သရေခေတ္တရာ ရှေးဟောင်းနယ်မြေကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်နေရာတစ်ခုအဖြစ် သတ်မှတ် လိုက်လျှင် သည်ရှေးဟောင်းယဉ်ကျေးမှု နယ်မြေကို ထိန်းသိမ်းစောင့်ရှောက်ရာ တွင် တစ်အားဖြစ်လာပေမည်။

          ဘောဘောကြီးဘုရားက ပြတိုက်မှ အတန်ငယ်လှမ်းပါသည်။ လမ်းကတော့ မြေနီလမ်းမို့ ကားမောင်းသွားရတာ အဆင်ပြေပါသည်။ ဘုရားက ရှေးဟောင်း အုတ်စီစေတီကြီးပါ။ ရှေးလက်ရာက ပေါ် လွင်နေသည်မို့ နိုင်ငံခြားသားများ မနော ခွေ့နိုင်ပါသည်။ မှတ်တမ်းအဆို ဘော ဘောကြီးဘုရားသည် သရေခေတ္တရာရှိ ရှေးအကျဆုံးစေတီများထဲက တစ်ဆူဖြစ် ပြီး ခရစ်တော်ပေါ်ပြီး နှစ်ပေါင်းလေးရာမှ ကိုးရာအတွင်း တည်ထားကိုးကွယ်ခဲ့လေ သည်။ ဒွတ္တဘောင်မင်းကြီး တည်ထားကိုး ကွယ်ခဲ့သော စေတီကိုးဆူအနက် တစ်ဆူ ဖြစ်သည်ဟူ၍လည်း မှတ်တမ်းတင်ထား ပါသည်။

          ကျွန်တော်က ဘုရားသမိုင်းကို ဖတ် ရင်း ယင်းနှင့် ယှဉ်လျက်ရှိနေသော ဆိုင်း ဘုတ်ကို ဆက်ကြည့်လိုက်မိသည်။ ရှေး ဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လိုက်နာရမည့် စည်းကမ်းချက်ကိုးချက်ကို ဖော်ပြထားပါသည်။ အဓိကအချက်များ ကတော့ နယ်မြေအတွင်း မြို့ရွာရပ်ကွက် မတိုးချဲ့ရ။ သစ်ပင်မခုတ်ရ၊ စားသောက် ဆိုင် မဖွင့်ရ စသည်တို့ဖြစ်ပါသည်။ ရှေး ဟောင်းယဉ်ကျေးမှုနယ်မြေကို ထိန်းသိမ်း ရာ၌ ထိုအချက်အားလုံးပင် အရေးကြီး သည်ဟု ထင်ပါသည်။

          ပြတိုက်နှင့် ဘောဘောကြီးကြား လမ်းတစ်လျှောက်ကလည်း တကယ်ပင် သာယာပါသည်။ လူနေတဲငယ်များကို ဟို မှာတစ်လုံး၊ သည်မှာတစ်လုံး ခပ်ကျဲကျဲ တွေ့ရပါသည်။ သူတို့က သီးခြားကမ္ဘာငယ်  တစ်ခုထဲမှာ ရှိနေကြသည့်နှယ်။ သူတို့မှာ လျှပ်စစ်မီးမရှိပါ။ ရုပ်သံစက်များလည်း ရှိ ဟန်မတူပါ။ ဖြတ်သွားဖြတ်လာ ဆိုင်ကယ် စီးသွားသူ တချို့တွင်မူ ခါးမှာ ရောင်စုံမို ဘိုင်းလ်ဖုန်းကလေးများ ချိတ်ထားတာ တွေ့ရပါသည်။

          ဦးသူရိန်ထွန်းအဆိုအရ မှော်ဇာရွာ နှင့် အနီးတစ်ဝိုက်ရွာများသည် လယ်လုပ် ကြသည်။ ရာသီသီးနှံများအဖြစ် နှမ်း၊ ပြောင်းနှင့် ဘူးများ စိုက်ပျိုးကြသည်။ သူ ပြောသည့်အတိုင်းပင် ဘောဘောကြီးသို့ သွားရာ လမ်းမှာ လမ်းတားတစ်ဖက်တစ် ချက်စီတွင် စိမ်းမြနေသော နှမ်းနှင့် ပြောင်းခင်းများ၊ ဖွံ့ထွားသော ဘူးသီးတွေ တွဲလွဲခိုနေသည့် ဘူးစင်များကို တွေ့ရပါ သည်။

          ကားပေါ်မှ မြင်ရသော မြင်ကွင်း တွင် တဲငယ်များက တိတ်ဆိတ်ငြိမ်သက်။ နွားများက အစာကို တမြုံ့မြုံ့စားလျက်။ ငှက်တော်နှင့် ဆက်ရက်များက ပျံသန်း မြူးထူးတေးသီကျူးလျက်။ လန်ဒန်မြို့ ကြီး၏ အင်္ဂတေတောအုပ်ကြီးထဲကနေ ပြန်လာသော ကိုချိုကတော့ မြန်မာ့ကျေး လက်ဘဝထဲမှာ ဈာန်ဝင်နေတော့၏။

          သူက ရာဇဝင်လာ ပန်ထွာဘုရင်မ ၏  သချုႋင်းနေရာကို သွားကြည့်ချင်သေး သည်။ သို့သော် မိုးတွင်းမို့ ကားသွားလို့ အဆင်မပြေတော့ကြောင်း ကိုဝဏ္ဏက ပြောပါသည်။ ကျွန်တော်ကတော့ နိုင်ဝင်း ဆွေရေးသားခဲ့သည့် ‘မဟူရာမေတ္တာ’ ဝတ္ထုရှည်ကြီးကို သတိတရရှိနေပါသည်။ ငယ်စဉ်တုန်းက တသသနှင့် ဖတ်ခဲ့ရသော ရာဇဝင်နောက်ခံ ဝတ္ထုကြီးတစ်ပုဒ်ပါ။

          ဗိဿ      နိုးပည့်ရှင် ပန်ထွာဘုရင်မပိုင် နက်ကို သရေခေတ္တရာ ဒွတ္တဘောင်မင်းက သူ့သြဇာခံအဖြစ် သွတ်သွင်းချင်သည်။ သို့ သော်  ဗိဿ      နိုးနိုင်ငံငယ်က သူ့သြဇာကို မခံယူ။ သရေခေတ္တရာ ရဲမက်အပေါင်းတို့ ဗိဿနိုးသို့ စစ်ချီတိုက်ခိုက်လေတော့ ဘုရင်မက အတုလစည်တော်ကြီးကို တီး ခတ်ကာ ရမယ်ချောင်းကို ရုတ်ခြည်းရေ ကြီးစေတော့သည်။ သရေခေတ္တရာစစ် သည်အပေါင်းလည်း ရေလုံးများနောက် မျောပါကုန်ပြီး အဆုံးအရှုံးများစွာဖြင့် ဆုတ်ပြေးရလေတော့၏။

          နောက်တော့ ရန်သူက ဥပါယ်တံ မျဉ်နှင့် ကြံလေသည်။ အယုဒ္ဓယရဟန်းတု ကို ဗိဿ      နိုးသို့ စေလွှတ်၍ ဘုရင်မကို အယုံသွင်းသည်။ ဘုရင်မ၏ အမှုတော်ကို သက်စွန့်ကြိုးပမ်းခဲ့သူများက ရဟန်းတုကို မယုံဖို့ ဖျောင်းဖျသော်ငြား ဘုရင်မကား ရန်သူကိုမှ ကိုးကွယ်မိလေပြီ။ သူ၏ လူယုံ များကိုပင် ဖမ်းဆီးအကျဉ်းချခဲ့လေသည်။

          ရဟန်းတုအကြံပေးသည့်အတိုင်း စည်တော်ကို ပြင်ကြက်သည်။ ရန်သူကား  အကြံအောင်ပြီမို့ အလုံးအရင်းနှင့် ချီလာ တော့သည်။ ဘုရင်မက စည်တော်တီးကာ ရမယ်ချောင်းရေကြီးအောင် ကြံဆောင် သော်လည်း ချောင်းက သူ့နဂိုအတိုင်း အိပ်ပျော်လျက်သာ။ ပန်ထွာဘုရင်မသည် ရန်သူကို ကိုးကွယ်မိ၍ နန်းသုဉ်းကာ ပြည် ပါပျက်ခဲ့ရလေသည်။

          ”ဒွတ္တဘောင်က ဘုရင်မကို သိမ်း ပိုက်လိုက်တယ်လို့ ဆိုကြတာပေါ့။ ဒါပေမဲ့ သူတို့က မတည့်တော့ ရှင်ဘုရင့်နန်းတော် နဲ့ ဝေးရာမှာပဲ ထားပေးရတယ်။ အဲဒီမှာပဲ စံပြီး အဲဒီမှာပဲ သင်္ဂြိုဟ်ခဲ့တယ်တဲ့”ဟု ဦးသူရိန်ထွန်းက ပြောပြပါသည်။

          ဟုတ်ပါရဲ့။ ဘောဘောကြီးသည်ပင် နန်းတော်နေရာနှင့် အတော်လှမ်းနေပြီ။ သည်ကမှတစ်ဆင့် ဘဲဘဲလေး၊ ထိုကတစ် ဆင့် ဆက်သွားမှ ဘုရင်မ၏ သချုႋင်းဂူ တော်သို့ ရောက်မည်။ ဝတ္ထုကမူ စိတ်ကူး ယဉ်ဖြစ်ပေလိမ့်မည်။ သို့သော် ဗိဿ      နိုးဘုရင်မကို ဖမ်းဆီးခဲ့တာတော့ အမှန် တကယ်ဖြစ်နိုင်ပါသည်။

Photo: MTH

(၄)

          ”အဓမ္မလုပ်အားပေး ခိုင်းစေခံရမှု၊ ကလေးစစ်သားဖြစ်ရမှု၊ တရားဥပဒေနှင့် ဆန့်ကျင်စွာ မြေယာသိမ်းခံရမှု၊ တရား ရေးကဏ္ဍ၌ ဥပဒေအရမဟုတ်ဘဲ မှား ယွင်းစွာ နစ်နာရမှု၊ အလုပ်သမားအခွင့် အရေးဆုံးရှုံးရမှု၊ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများအား ဥပဒေဘောင် အတွင်းမှ သက်သာမှုရအောင် ကုစားပေး သည်”

          အထက်ပါစာသားများသည်ကား တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေး (L.L.B)၏ လိပ်စာကတ်ကျောဘက်မှာ ဖော်ပြထားတာပါ။ သည်စာသားကို ဖတ် ရင်း သြော်…တို့နိုင်ငံမှာ တရားလက်လွတ် ပြုကျင့်မှုတွေက မယုံနိုင်လောက်အောင် များခဲ့တာပါကလားဟူ၍ တွေးလိုက်မိပါ သည်။ ဒါကြောင့်ပဲထင့်၊ နိုင်ငံရေးခေါင်း ဆောင်များက တရားဥပဒေစိုးမိုးရေးကိစ္စ ကို အာပေါက်အောင် ပြောနေကြရတာ ဖြစ်မည်။

          အဲသည့်နေ့မနက်က ပြည်မြို့ဈေး ဘက်ကို ကျွန်တော်တို့ ထွက်လာခဲ့ကြ သည်။ကိုဝဏ္ဏက သုခစာပေနှင့် ကိုအောင် နိုင်စာအုပ်ဆိုင်များဆီ လိုက်ပို့ပေးပါ သည်။ ရန်ကုန်မှာက နေ့စဉ်သတင်းစာ များ ခေတ်စားနေတာမို့ သည်မှာလည်း သတင်းစာများ ဘယ်လောက်စွံကြောင်း ကို လေ့လာကြည့်ဖို့ပါ။ ကိုအောင်နိုင်စာ အုပ်ဆိုင်မှာ Daily Eleven သတင်းစာ ကိုပဲ တွေ့ခဲ့ရပါသည်။ တခြား စာစောင်၊ ဂျာနယ်များလည်း များများစားစား မတွေ့မိပါ။

          သို့သော် Bago Weekly စာစောင် ကို ဒေသန္တရအပတ်စဉ်သတင်းစာစောင် အဖြစ် တွေ့ရ၍ ဝယ်ယူခဲ့ပါသည်။ စာစောင်က အပတ်စဉ်ကြာသပတေးနေ့ တိုင်း ထုတ်ဝေပါသည်။ ပဲခူးတိုင်းဒေသ ကြီးအတွင်း သတင်းများ၊ ဆောင်းပါးများ ကို အတော်ကြီး ဝေဝေဆာဆာ ဖော်ပြ ထားလေသည်။ ကျွန်တော်ဝယ်ခဲ့တာက ဇူလိုင် ၂၅ ရက်ထုတ် စာစောင်ပါ။

          မျက်နှာဖုံးမှာ ‘ပဲခူးမြို့ ၆.၈.၈၈ ဒီမို ကရေစီလှုပ်ရှားမှု ငွေရတု အခမ်းအနား ကျင်းပမည်’၊ ‘ကုလားချောင်းကြီးတိုက် နယ်ဆေးရုံ လူနာများအတွက် အ္တနရာယ် ရှိနိုင်ဟု ဆို Pg 2 ‘၊ ‘တောင်ငူမြို့တွင် ပန်း ရောင်စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်း ဆီးရမိ Pg 13’၊ ‘အုပ်ချုပ်ရေးမှူးအား ဓားဖြင့် ခုတ်သတ်ထွက်ပြေး Pg 23 ‘နှင့်  ‘ပဲခူးတွင် ဆန္ဒပြမှုကို ဦးဆောင်သူနှစ်ဦးကို အမှုဖွင့်’ ခေါင်းစီးများကို ဖော်ပြထားပါ သည်။ နယ်တွင် သည်လို ဒေသန္တရသတင်း စာများ တကယ်ပင်လိုအပ်ပါသည်။ ဒေသ တွင်းပြည်သူများအတွက် အမှန်တကယ် အရေးကြီးသော၊ သိရန်လိုအပ်သော သတင်းများကို သည်လိုဒေသန္တရသတင်း စာများက ပို၍ ဖြည့်ဆည်းပေးနိုင်ပါသည်။ နိုင်ငံလုံးလွှမ်းခြုံအကြောင်းအရာများနှင့်  ကျယ်ပြန့်သော နိုင်ငံတကာသတင်းများ အတွက်မူ တစ်နိုင်ငံလုံးအနှံ့ ဖြန့်ချိသော သတင်းစာကြီးများကို အားကိုးရပါသည်။

          ကမ်းနားရှိ လက်ဖက်ရည်ဆိုင်တစ် ဆိုင်ကို ရောက်တော့ လက်ပွေ့ရောင်းသူ လူငယ်တစ်ယောက်ထံမှာ နေ့စဉ်ထုတ် သတင်းစာများကို တွေ့လိုက်ရပါသည်။ သူက သတင်းစာများကို ရန်ကုန်ဈေး အတိုင်း တစ်စောင်နှစ်ရာကျပ်နှုန်းဖြင့် ‘ရန်ကုန်တိုင်းမ်’တစ်စောင်ကို ရောင်းပေး ပါသည်။ ဘယ်က ယူရောင်းတာလဲဟု မေးကြည့်တော့ ရန်ကုန်မှ တိုက်ရိုက်မှာ ရောင်းတာဟု ဖြေပါသည်။

          ကျွန်တော်တို့က ပြည်ဒေသခံများ နှင့် တွေ့ကာ ဒေသတွင်း အခြေအနေများ ကို စပ်စုချင်သည်။ သည့်အတွက် ဒေသခံ သတင်းထောက်များ၏ ဆုံရပ်အကြောင်း ကို သုခစာပေမှာ စုံစမ်းကြည့်သည်။ သူတို့ က ယင်းသို့ သတ်သတ်မှတ်မှတ် ဆုံရပ်မျိုး မရှိကြောင်း ပြောပြပါသည်။

          သို့သော် ဇွဲမလျှော့သော ကျွန် တော်တို့ ဂျာနယ်လစ်နှစ်ယောက်ကို သူ တို့က ရှေ့နေကြီး ဦးမြင့်အေးအိမ်သွားရန် နတ်လမ်းညွှန်လိုက်ကြသည်။ ဦးမြင့်အေး က ဒေသတွင်း လူ့အခွင့်အရေးပြ ဿ နာ များကို ကြိုးစားဖြေရှင်းပေးနေသူတစ်ဦး ပါ။ ကျွန်တော်တို့ကတော့ အချိုရှာ သကာ တွေ့ပြီဆိုပြီး ကိုဝဏ္ဏကားဖြင့် ဦးမြင့်အေး အိမ်သို့ အသော့နှင်တော့၏။

          သူ့အိမ်ရောက်တော့ အောက်ထပ် မှာ သံဃာတော်တစ်ပါးကိုပဲ ထီးတည်း တွေ့ရပါသည်။ ဦးမြင့်အေးမရှိဘူးလား လျှောက်တော့ ကိုယ်တော်က သူလည်း ဦးမြင့်အေးတို့မိသားစုကို တွေ့ချင်၍ စောင့်နေတာဖြစ်ကြောင်း မိန့်ပါသည်။ ဆရာတော်ဦးသောဘိတက ယခင်တုန်း က သည်အိမ်မှာ ဆွမ်းခံကြွခဲ့ဖူးသည်တဲ့။

          ကိုချိုက ”အိမ်ရှင်တို့၊ အိမ်ရှင်တို့” ဟု အော်ခေါ်သော်လည်း ဘာသံမှ မကြား ရ။ တရားသံသဲ့သဲ့သာ အပေါ်ထပ်မှ ကြား နေရပါသည်။ ကံကောင်းချင်တော့ အပေါ် ထပ်ပြတင်းဝတွင် အမျိုးသမီးတစ်ဦးပေါ် လာသည်။ သူက ကျွန်တော်တို့ကို တွေ့ တော့ ဖော်ရွေပျူငှာစွာ နှုတ်ဆက်ကာ အောက်ဆင်းလာပါသည်။ သည်တော့မှ ဘုန်းကြီးကိုလည်း တွေ့သွားပါသည်။

          ဦးမြင့်အေးက အိမ်မှာ မရှိပါ။ ဖုန်း ဆက်ခေါ်တော့ သူက ရဲစခန်းရောက်နေ သည်ဟု ဆိုပါသည်။ အမှုကိစ္စတစ်ခုလိုက် ပေးနေရကြောင်း ပြောပါသည်။ သို့တစ် စေ ဧည့်သည်များကို တွေ့ရအောင် သူ အိမ်ကို အရောက်ပြန်လာပါသည်။

          သူ့ကို စောင့်ရင်း အိမ်တံခါးဝမှာ ဆိုင်းဘုတ်ကလေးတစ်ခု ချိတ်ထားတာ တွေ့လိုက်ရသည်။ အပြာခံပေါ်၌ အဖြူစာ လုံးဖြင့် ‘ရခိုင်ပြည်နယ် ငြိမ်းချမ်းပါစေ၊ မြန်မာပြည် ငြိမ်းချမ်းပါစေ’ဟု ရေးထား ပါသည်။ နိုင်ငံအတွက် လတ်တလော လို အပ်နေသော အရေးကြီးကိစ္စရပ်တစ်ခုပါ။

Photo:MTH

 

          ဘာမျှမကြာလိုက်။ ရှပ်လည်ကတုံး အဖြူ အရောင်မှိန်မှိန်၊ ပုဆိုးကွက်စိပ် ရောင်မလွင့်တလွင့်နှင့် ပိန်ပိန်ပါးပါး လူ တစ်ယောက် သွက်လက်ဖျတ်လတ်စွာ အိမ်ထဲသို့ ဝင်လာပါသည်။ သူက လူစိမ်း တွေကို လျှပ်တစ်ပြက်အကဲခတ်ကြည့် လိုက်ချိန်မှာ ကျွန်တော်တို့ကလည်း သူ ဟာ  ဦးမြင့်အေးပဲဟု တပ်အပ်သိလိုက်ပါ သည်။

          ကိုချိုက လျင်မြန်စွာ မတ်တတ်ထ ရပ်ပြီး မိတ်ဆက်လိုက်ပါသည်။ ကျွန်တော် လည်း သူ့နောက်မှ ကပ်ပြီး နှုတ်ဆက် လိုက်ပါသည်။ အဲသည့်အချိန်မှာ ဘုန်း ကြီးနှင့် ကျွန်တော်တို့နှစ်ယောက်အပြင် သူနှင့် တွေ့ချင်သူ နောက်ထပ် လူသုံး ယောက်ခန့်လည်း ရောက်နေပါပြီ။

          ကျွန်တော်တို့ကား အလာကောင်း သော်လည်း အခါက မကောင်း။ ဦးမြင့် အေးက ကိုဝေဖြိုးအောင်အတွက် တရား ရုံးမှာ အမှုလိုက်ရန် သွားရတော့မည်။ ကျွန်တော်တို့နှင့် နှုတ်ဆက်စကားဆိုနေ ရင်းကပင် သူ နေ့တိုင်းနီးပါး ဝတ်ဆင်ရ ဟန်တူသော တိုက်ပုံအင်္ကျီအနက်ကို ကောက်ဝတ်တော့သည်။

          ”အေးဗျာ၊ ကျွန်တော်ကလည်း အခု ဝေဖြိုးအောင်အမှုအတွက် ရုံးကို သွားရတော့မယ်။ သူ့ကို ၆၂ (ခုနှစ်)ပုံနှိပ် ဥပဒေနဲ့ စွဲထားတာ။ အဲဒါက အခု ပျက် ပြယ်သွားပြီဆိုတဲ့ အကြောင်းကို လျှောက် လဲရမယ်။ ညနေကျရင် သတင်းစာရှင်း လင်းပွဲလုပ်မယ်”ဟု အခြေအနေကို သူ က ရှင်းပြပါသည်။

          ကိုချိုက သူ့ကို ကျွန်တော်တို့ကား နှင့် ရုံးသို့ လိုက်ပို့ပေးမည်ဟု ဖိတ်မန္တကပြု ခေါ်လာပါသည်။ ရုံးကလည်း သူ့အိမ်နှင့် တစ်ပြသာသာပါ။ မိုးက ဖွဲဖွဲလေးကျလာ ရာ သူလည်း နှုတ်ဆက်စကားဆိုပြီး ရုံးထဲ ပြေးဝင်သွားတော့သည်။ (ထို့နောက် တစ် ရက်ဖြစ်သော ဇူလိုင် ၂၆ ရက်တွင် ကိုဝေ ဖြိုးအောင်ကို ဒဏ်ငွေချမှတ်ရာ ဒဏ်ငွေ ကို ဆောင်လိုက်သဖြင့် အမှုပြီးပြတ်သွား ပါသည်။)

          ဖွဲသော မိုးက သည်းလာသည်။ ကျွန်တော်တို့လည်း မင်္ဂလာဂါးဒင်းသို့ ပြန် လာခဲ့ပါသည်။ မိုးရေစက်တွေ တဗျော ဗျောကျနေသော တည်းဆောင်ရှေ့ စိမ်း ညို့နေသော ကန်ရေပြင်ကို ငေးမောရင်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ပြည့်ဝ သော ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတစ်နိုင်ငံ အဖြစ်ဆီသို့ ဘယ်တော့များမှ ရောက်ပါ လိမ့်ဟု အတွေးတွေ လေလွင့်နေမိတော့ သည်။        ။

စက်တင်ဘာလထုတ်-၂၀၁၃၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၈)မှ ခရီးသွားဆောင်းပါးဖြစ်ပါသည်။

ထင်အောင်ကျော် ရေးသည်။

  အပိုင်း(၁)သို့

အမျိုးအစား - ခရီးသွားဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."