မြို့ပြငှက်၊မြို့ပြဝန်းကျင် အပိုင်း(၂)

မြို့ပြငှက်၊မြို့ပြဝန်းကျင် အပိုင်း(၂)

ဇူလိုင်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်း အမှတ်(၂၅)မှ သတင်းဆောင်းပါးဖြစ်ပါသည်။

ခင်မောင်မြင့် ရေးသည်။

ငှက်တွေတိုးလာသလား

ရန်ကုန်မြို့မှာ ငှက်တွေဘယ်လောက်ရှိသလဲ၊ တိုးလာ သလား၊ လျော့သွားသလားဆိုတဲ့ သုတေသနကိန်းဂဏန်းတွေကို ရှာဖွေရခက်ခဲပါတယ်။ ဒါပေမဲ့ ခိုစာရောင်းတဲ့သူတွေကတော့ တစ်နေ့တခြားပိုပိုပြီးရောင်းလာရတယ်လို့ ဆိုကြပါတယ်။

ခိုစာ၊ ငှက်စာရောင်းတဲ့သူတွေကတော့ သူတို့ရဲ့အလုပ်ဟာ မွန်မြတ်တဲ့အလုပ်လို့ ခံယူထားကြပြီး  ”ကျွန်မတို့အလုပ်က ကုသိုလ်လည်း ရ၊ ဝမ်းလည်းဝ ဆိုတဲ့အလုပ်ပဲ”လို့ ပုဇွန်တောင် မြို့နယ်၊ လမ်း ၅ဝ က ဟိန္ဒူဘုရားကျောင်း ပလက်ဖောင်းဘေးမှာ ခိုစာရောင်းနေတဲ့ အသက် ၄၄ နှစ်အရွယ် ဒေါ်မြင့်မြင့်အောင်က ပြောပါတယ်။

သူခိုစာရောင်းလာတာ အခုဆိုရင် နှစ်ပေါင်းအစိတ် လောက် ရှိပါပြီ။ သူ ခိုစာစရောင်းတဲ့အချိန်တုန်းက ခိုကောင်ရေ ဆယ်ဂဏန်းလောက်ပဲ တွေ့ရှိရတယ်လို့ဆိုပါတယ်။ ခိုတွေရောက် လာအောင် ကိုယ့်အိတ်ကပ်ထဲက ပိုက်ဆံစိုက်ပြီး တစ်လလောက် ကြာအောင် ခိုတွေကို ပုံမှန်အစာကျွေးရပါတယ်။ ခိုတွေက အစာ စားရမှန်းသိတဲ့အခါ တဖြည်းဖြည်းနဲ့ စုပြုံရောက်လာကြပြီး အခု အချိန်မှာတော့ ခိုကောင်ရေ ထောင်နဲ့ ချီနေပြီဖြစ်ပါတယ်။

ခိုစာနို့ဆီဘူးတစ်ဘူးကို ၂ဝ ကျပ်ကနေ စတင်ရောင်းချ လာခဲ့တာဟာ ယနေ့မှာတော့ တစ်ဘူး ၂ဝဝ ကျပ် ဖြစ်နေပါပြီ။ လက်ရှိမှာ တစ်ရက်ကို ပြောင်းဖူးစေ့၊ ဒါမှမဟုတ် ပဲတီစိမ်း ၁၃ ပြည်လောက်ရောင်းကုန်နေပါပြီ။

”ဒီနေရာမှာရောင်းနေတာ ကြာပြီဆိုတော့ ဖောက်သည် တွေရှိနေပြီ။ ရုံးတက်ရုံးဆင်းသမားတွေ၊ ကျောင်းသားတွေ၊ ကျောင်းဆရာမတွေ နေ့တိုင်းကျွေးတယ်”လို့ ဒေါ်မြင့်မြင့် အောင်က ပြောပါတယ်။

ရန်ကုန်မြို့လယ်ကောင်တစ်ဝိုက် ခိုစာရောင်းနေသူတချို့ ကတော့ တစ်ရက်ကို ခိုစာအဖြစ် ပြောင်းဖူးနဲ့ ပဲအမျိုးမျိုး လေး ပြည်ကနေ ၁၃ ပြည်အထိ ရောင်းချတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ လူတချို့က ဘာသာရေးအယူအဆ၊ ဗေ ဒင်၊ ယတြာ အစရှိတဲ့ အယူအဆအမျိုးမျိုးကြောင့် ခိုစာကျွေးတာ တွေ၊ စာကလေး အစာကျွေးတာတွေနဲ့ ငှက်ဘေးမဲ့လွှတ်တာတွေ ကို ပြုလုပ်ကြပါတယ်။

ရန်ကုန်မြို့လယ် ဘတ်စ်ကားမှတ်တိုင်အချို့မှာ ခိုစာရောင်း နေကြတဲ့သူများကို တွေ့ရသလို ၎င်းအနီးတစ်ဝိုက် ဓာတ်ကြိုးတွေ ပေါ်မှာ ခိုတွေ အစုလိုက်အပြုံလိုက် တန်းစီနားနေကြတာကိုလည်း အလွယ်တကူ တွေ့မြင်နိုင်တယ်။

ခိုစာရောင်းသူတွေရဲ့ အနီးဝန်းကျင်မှာတော့ အစာစောင့် ဆိုင်းနေကြတဲ့ခိုတွေနဲ့ သူတို့ပါချထားတဲ့ မစင်တွေပြန့်ကြဲနေ ပါတယ်။ လေထုထဲမှာတော့ အောက်သိုးသိုးအနံ့တွေ ရနေ တာကြောင့် ဖြတ်သွားဖြတ်လာတချို့က အဲဒီနားရောက်ရင် နှာ ခေါင်းပိတ်သွားကြတာ တွေ့ရတယ်။ တချို့က ခိုချေးပါချတာ ခံ ရမှာစိုးရိမ်တာကြောင့် ထီးဖွင့်ဆောင်းသွားလေ့ရှိကြတယ်။

Photo: Khin Maung Myint              လူတွေပြုလုပ်ထားတဲ့ စာကလေးအိမ်

ခိုစာအဖြစ် ပြောင်းဖူးစေ့၊ ပဲစေ့တွေကို နို့ဆီဘူးနဲ့ ပန်းကန် ပြားတွေထဲထည့်ကာ လမ်းဘေးမှာ ရောင်းချကြတယ်။

ဒါကတော့ ခိုတွေအတွက် လူတွေက ဖန်တီးကျွေးမွေးတာ ပါ။ စာကလေးတွေအတွက်တော့ စပါးနှံတွေကို ကြိုးနဲ့ ကျစ်သီပြီး သစ်ပင်တွေမှာ ချိတ်ဆွဲထားတာတွေလည်း ရန်ကုန်မြို့လယ်မှာ တွေ့မြင်နိုင်ပါတယ်။ စာကလေးတွေအတွက် အစားအစာအပြင် သူတို့နေဖို့ အိမ်လေးတွေပါ ချိတ်ဆွဲထားတာလည်း တွေ့မြင်ရ မှာပါ။

ရွှေတိဂုံဘုရားနဲ့ ဆူးလေဘုရားလို နာမည်ကြီးဘုရား စောင်းတန်းတွေနားမှာတော့ စာကလေးတွေကို လှောင်အိမ်ထဲ ထည့်ထားပြီး ဘေးမဲ့လွှတ်ဖို့ ရောင်းချနေတာတွေ ရှိပါတယ်။ တချို့ငှက်ရောင်းသူတွေဆီမှာ ဆက်ရက်နဲ့ စာဘုန်းကြီးငှက် ကလေးတွေပါ တွေ့ရတတ်ပါတယ်။

ရန်ကုန်မြို့မှာတော့ ငှက်တွေရဲ့စာရင်းကို အတိအကျမရှိ ပေမယ့်လည်း မိမိတို့ငယ်စဉ်တည်းက တွေ့မြင်နေရတဲ့ ကျီးကန်း တွေကတော့ လျော့နည်းမသွားဘဲ ပိုပိုများလာတာကိုတွေ့မြင် နေရတယ်လို့ မြန်မာနိုင်ငံ ငှက်နှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးအသင်းမှ ဒုဥက္ကဋ္ဌ ဒေါက်တာသိန်းအောင်က ဆိုပါတယ်။

အခုလို ကျီးကန်းတွေ ပိုမိုများပြားလာတာဟာ ရန်ကုန်မြို့ မှာ အမှိုက်တွေပေါများနေတာနဲ့လည်း ဆက်စပ်နေတယ်လို့ သူ က ယူဆပါတယ်။

”ကျီးကန်းတွေများလာမယ်၊  စာကလေးတွေ များလာ မယ်၊ ခိုတွေများလာမယ်၊ ဒီပြဿနာကို ဘယ်သူက ဖြေရှင်းမှာ လဲ”လို့ ဒေါက်တာသိန်းအောင်က မေးခွန်းထုတ်လိုက်ပါတယ်။

Photo: Khin Maung Myint    ရန်ကုန်မြို့လယ်ရှိ ဓာတ်ကြိုးပေါ်တွင် နားနေသည့် ခိုငှက်များ

ငှက်တွေက ရောဂါသယ်ဆောင်သူတွေလား

မြို့ပြမှာတွေ့ရတဲ့ငှက်တွေထဲမှာ ကျီးကန်းဟာ စားကြွင်း စားကျန်အပုပ်အသိုးနဲ့ ကြွက်သေကောင်လို အညစ်အကြေးတွေ ကို စားသောက်တဲ့ အစုံစားသတ္တဝါဖြစ်တာကြောင့် ကျီးကန်းတွေ ရဲ့ မစင်၊ နှာရည်၊ တံတွေးနဲ့ အမွေးအတောင်တွေကနေ တစ်ဆင့် ရောဂါပိုးမွှားတွေ အလွယ်ကူဆုံးနဲ့ အမြန်ဆုံး ဖြန့်ဖြူးနိုင်တယ်လို့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေက ဆိုပါတယ်။

ခြင်တွေကြောင့် သွေးလွန်တုပ်ကွေး ဖြစ်တတ်သလို ကျီးကန်းတွေနဲ့ပတ်သက်ပြီးတော့လည်း တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာမြင့်သိန်းက ယခုလို မှတ်ချက်ပြုပါတယ်။

”ကျီးကန်းက လူကို ရောဂါဖြစ်တာ မပေါ်သေးလို့၊ ပေါ်ခဲ့ ရင် သွေးလွန်တုပ်ကွေးလိုဖြစ်မှာ။ ဒါတွေ(ကျီးကန်း)က လူတွေ ကြားထဲက ရန်သူတွေပဲ”လို့ သူက ဆိုပါတယ်။

သွေးလွန်တုပ်ကွေးရောဂါကို ခြင်တွေက သယ်ဆောင်ပြီး အကိုက်ခံရတဲ့သူဆီကို ကူးစက်သလိုဖြစ်မယ်လို့ သူက ဆိုလိုတာ ဖြစ်ပါတယ်။

ပလက်ဖောင်းတွေနဲ့ ဓာတ်ကြိုးတွေပေါ်မှာအုပ်စုဖွဲ့နေ တတ်တဲ့ ခိုတွေ တောင်ပံခတ်တာကြောင့် ဖုန်မှုန့်တွေနဲ့ မကောင်း တဲ့အနံ့အသက်တွေကြောင့် ရောဂါတွေ ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

”ခိုအဆုတ်ထဲမှာ မှိုရောဂါတစ်မျိုးရှိတယ်ပေါ့နော်။ အဲဒီ ရောဂါက လူမှာလည်းဖြစ်တတ်တယ်။ ခုက မဖြစ်ကြသေးလို့ လူ တွေ သတိမထားကြတာ”လိ့ု သူက ဆက်လက်ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ ကြက်ငှက်တုပ်ကွေးကလွဲပြီး ငှက်တွေ ကြောင့်ရတဲ့ ရောဂါကြီးကြီးမားမားမဖြစ်သေးတာကြောင့် လူ  တွေက မေ့လျော့နေကြတယ်လို့ ဒေါက်တာမြင့်သိန်းက သုံးသပ် ပါတယ်။ ကမ္ဘာပေါ်မှာ တိရစ္ဆာန်ကနေ လူကို ကူးစက်တတ်တဲ့ ရောဂါပိုးတွေ အမြဲတမ်း အသစ်ပေါ်ပေါက်နေတာကြောင့် သတိ ထားသင့်တယ်လို့ သူက သတိပေးပါတယ်။

ရန်ကုန်မြို့တော်ကို မြို့တော်အင်္ဂါရပ်နဲ့အညီ သန့်ရှင်းသပ် ရပ်တဲ့ မြို့ဖြစ်စေဖို့နဲ့ တိရစ္ဆာန်မှ လူကိုကူးစက်တတ်တဲ့ ရောဂါ တွေကို ကာကွယ်ဖို့၊ တားဆီးဖို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လက်အောက်မှာရှိတဲ့ တိရစ္ဆာန်ဆေးကုနှင့် သား သတ်ရုံများဌာနကနေ ကျီးကန်းတွေကို တာဝန်ယူရှင်းလင်း ဆောင်ရွက်တာတွေ ရှိတယ်လို့ အဆိုပါဌာနမှ လက်ထောက် ဌာနမှူး ဒေါက်တာလှမေဦးက ပြောပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့ ကျီးကန်းတွေကို သုတ်သင်ရှင်းလင်းဖို့ ကျွမ်းကျင်ဝန်ထမ်းလေးဦးကို ခန့်အပ်ထားပြီး သူတို့တွေက ငှက် တွေ အစာရှာထွက်တဲ့ နံနက်ဝေလီဝေလင်းအချိန်နဲ့ ငှက်တွေ အိပ်တန်းတက်တဲ့ ညနေအချိန်တွေမှာ ပိုက်ကွန်တွေနဲ့ တစ်နေ့ နှစ်ကြိမ် ဖမ်းဆီးရှင်းလင်းတယ်လို့ ဆိုပါတယ်။

သူတို့ဖမ်းဆီးပုံကတော့ သစ်ပင်နှစ်ပင်ကြားမှာ ပိုက်ကွန် ကို တပ်ဆင်ထားပြီး ၎င်းပိုက်ကွန်တွေထဲကို တိုးမိတဲ့ ကျီးကန်း တွေကို ဖမ်းယူသုတ်သင်တာပါပဲ။

အများပြည်သူအပန်းဖြေတဲ့နေရာတွေဖြစ်တဲ့ ကန်တော် ကြီးပတ်ဝန်းကျင်နဲ့ ပြည်သူ့ရင်ပြင်နှစ်နေရာမှာ ယခုလို ရှင်းလင်း တယ်လို့ ဒေါက်တာလှမေဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်အတွင်း ကျီးကန်းကောင် ရေ ရှစ်ထောင်နီးပါး သုတ်သင်ရှင်းလင်းခဲ့ပြီး ယခုနှစ် ဧပြီနဲ့ မေ နှစ်လအတွင်း ကျီးကန်း ၁,၁၆၉ ကောင် ရှင်းလင်းပြီးဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကု နှင့် သားသတ်ရုံများ ဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

”တတ်နိုင်သလောက်တော့ မြို့ပြအင်္ဂါရပ်နဲ့ညီအောင်၊ ပြည်သူ့ကျန်းမာရေးအတွက်လည်း တတ်နိုင်သလောက်  ကြိုး စားပြီး ဆောင်ရွက်နေပါတယ်”လို့ ဒေါက်တာလှမေဦးက ဆို ပါတယ်။

ငှက်တွေဟာ ပျံသန်းရွေ့လျားနေတဲ့ သတ္တဝါတွေ ဖြစ်တာ ကြောင့် ငှက်ကောင်ရေကို အတိအကျစာရင်းပြုစုကောက်ယူ ထားတာမရှိဘူးလို့ ဒေါက်တာလှမေဦးက ရှင်းပြပါတယ်။

ကျီးကန်းတွေကိုသာ သုတ်သင်ရှင်းလင်းတာဖြစ်ပြီး ခိုနဲ့ စာကလေးတွေတော့ မပါဝင်ပါဘူး။ ခိုတွေက ဘာသာရေး အဆောက်အအုံတွေနဲ့ လူတွေက ကျွေးမွေးနေတာက တစ် ကြောင်း၊ စာကလေးတွေကို လူတွေက ဘေးမဲ့လွှတ်ပေးတာတွေ ရှိနေတာကြောင့် ရှင်းလင်းဖို့ အခက်အခဲရှိတယ်လို့ တိရစ္ဆာန်ဆေး ကုနှင့် သားသတ်ရုံများဌာနမှ ဌာနခွဲမှူး ဒေါက်တာအောင်မြတ်က ရှင်းပြပါတယ်။

ဒါပေမဲ့ ကျီးကန်းတွေကို ဖမ်းဆီးတဲ့ ပိုက်ကွန်တွေမှာ ရံဖန် ရံခါဖမ်းမိတဲ့ငှက်တွေကိုတော့ သုတ်သင်ရှင်းလင်းပစ်တယ်လို့ သူက ဆိုပါတယ်။

”ကျန်တဲ့ ငှက်တွေလည်း ပိုက်မှာ တိုးကြတာပဲ။ ပိုက်မှာမိ ရင်တော့ ဘယ်ချမ်းသာပေးမလဲ”လို့ ဒေါက်တာအောင်မြတ်က ဆက်လက်ပြောပါတယ်။

ငှက်နဲ့ လူဆက်ဆံရေး

လူတွေအနေနဲ့ အယူအဆအမျိုးမျိုးကြောင့် ငှက်တွေ လွှတ်တဲ့အခါ ငှက်တစ်ကောင်လွှတ်လိုက်တာဟာ တောမှာ သဘာဝအတိုင်း နေထိုင်ကြတဲ့ နောက်ထပ် ငှက်ဆယ်ကောင်ကို ဖမ်းခိုင်းတာနဲ့တူတယ်လို့ ဒေါက်တာသိန်းအောင်ကဆိုပါတယ်။

ငှက်ဖမ်းသမားတွေက မြို့ပေါ်ကို ငှက်ဆယ့်တစ်ကောင်ဖမ်းလာရင် လမ်းမှာ ဒဏ်ရာရ၊ ဒါမှမဟုတ် အစာရေစာပြတ်လပ်ပြီး သေကုန် တာကြောင့် တစ်ကောင်လောက်ပဲ အသက်ရှင်လျက်ပါလာတာ ကို ဆိုလိုခြင်းဖြစ်ပါတယ်။

”သုံးကောင်လွှတ်လိုက်တာဟာ နောက်ထပ် သုံးဆယ်သုံး ကောင် ဖမ်းခိုင်းတာနဲ့အတူတူပဲ”လို့ သူက ပြောပါတယ်။

သဘာဝအတိုင်း သစ်ပင်တွေရှိတဲ့အတွက် ကျေးငှက်တွေ လာရောက်နေထိုင်ကာ  ပိုးဖလံတွေကို စားသောက်ပြီး သဘာဝ အတိုင်း နေထိုင်ကြတာတွေက  လက်ခံစရာဖြစ်ပေမယ့် လူတွေ က အစာကျွေးနေတာဟာ မှားယွင်းတယ်လို့ သူက ယူဆပါတယ်။

”သနားလို့ ဆန်စေ့၊ ပြောင်းစေ့တွေ ချထားပေးရင် တစ် ချိန်မှာ အဲဒီဒဏ်ကို ခံလာရလိမ့်မယ်။ ကိုယ့်ဘေးနားမှာရှိနေတဲ့ ငှက်တွေက ရောဂါ မကူးစက်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင် ဘူး”လို့ ဒေါက်တာသိန်းအောင်က ဆက်လက် သတိပေးပါတယ်။

”မြို့ပေါ်မှာ နေတဲ့သူတွေ ခိုစာကျွေးတာ၊ ကျီးကန်းစာကျွေး တာ မှားကိုမှားတယ်”

သို့သော်လည်း ကျေးငှက်တိရစ္ဆာန်တွေကို နေ့စဉ် အစာ ကျွေးနေတဲ့သူတွေမှာတော့ မတူညီတဲ့ အမြင်တွေ ရှိနေကြပါတယ်။

ဗိုလ်တထောင်မြို့နယ်မှာနေထိုင်ပြီး အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်း လုပ်ကိုင်တဲ့ အသက်ငါးဆယ်ကျော် ဦးသက်နိုင် ဦးကတော့ ခိုနဲ့ စာကလေးတွေဟာ အိမ်မှာ လှောင်အိမ်နဲ့ မွေး ထားတဲ့ ကြက်တူရွေးတွေလိုမဟုတ်ဘဲ အစာစားပြီးတဲ့အခါ ပြန်သွားကြတာကြောင့် ဘာပြဿနာမှ မရှိနိုင်ဘူးလို့ ဆိုပါတယ်။ သူက ခိုနဲ့ စာကလေးတွေကို နေ့စဉ် အစာကျွေးလေ့ရှိသူပါ။

”ဒီသတ္တဝါလေးတွေကို ကျွေးလို့၊ မွေးလို့(ရောဂါ)ဖြစ်မယ် ဆိုရင် ကိုယ်ပဲ ခံလိုက်မယ်။ ကိုယ်က ကုသိုလ်ပဲ ယူချင်တာလေ၊ ကျန်တဲ့ ရောဂါကူးမှာတို့၊ ဘာတို့ အန်ကယ်က မကြောက်ဘူး”လို့ ဆိုပါတယ်။

”ရောဂါဖြစ်မှာ၊ ကူးမှာ ကြောက်တဲ့ သူတွေကတော့ မကျွေးကြနဲ့ပေါ့” လို့ ဦးသက်နိုင်ဦးက ဆက်ပြောပါတယ်။

ငှက်တွေကို ပုံမှန်အစာကျွေးလေ့ရှိတဲ့ ဒေါပုံမြို့နယ်မှာ နေထိုင်တဲ့ အသက် ၅၂ နှစ်အရွယ် ဦးတင်မြင့်ကလည်း ခိုတွေကို အစာကျွေးတဲ့သူတွေကို ခိုတွေကလည်း ပြန်လည် မေတ္တာပို့သ ပေးတယ်လို့ သူ့ယူဆချက်ကို ပြောပါတယ်။

”ကိုယ့်မှာ ငွေရေးကြေးရေးဖြစ်ဖြစ် အခက်အခဲရှိရင် သူ တို့ကို အလှူလုပ်လိုက်တဲ့အတွက် အဲဒီအခက်အခဲတွေ အဆင် ပြေသွားတယ်”လို့ သူ့ရဲ့ ယုံကြည်မှုကို ဖွင့်ဟပါတယ်။

Photo: Khin Maung Myint    ရန်ကုန်မြို့လယ်ရှိ ခိုများကို အစာကျွေးနေသည့် အမျိုးသမီးတစ်ဦး

ငှက်တွေကတစ်ဆင့်ရောဂါမကူးစက်နိုင်ဘူးလို့ အာမ မခံ နိုင်ပေမယ့် ကူးစက်နိုင်ခြေ နည်းပါးသလို မြန်မာနိုင်ငံမှာ ငှက်က လူကို ကူးစက်ခဲ့တဲ့ရောဂါ ကြီးကြီးမားမားမရှိခဲ့ဘူးလို့ သတ္တဗေဒ ဌာနက ဒေါက်တာအေးသန့်ဇင်က ဆိုပါတယ်။

”ငှက်တွေဆီကနေ Bird Flu ကတော့ ဖြစ်ချင်ဖြစ်နိုင်တယ်။ တခြားဟာ ဘာမှမဖြစ်လောက်ဘူး”လို့ သူက ပြောပါတယ်။

ရောဂါမဖြစ်အောင်လည်း သက်ဆိုင်ရာ တာဝန်ရှိတဲ့သူ တွေအနေနဲ့ စောင့်ကြည့်သွားဖို့ လိုအပ်တယ်လို့ သူက မှတ်ချက် ပြုပါတယ်။

ရန်ကုန်မြို့မှာ ကျေးငှက်တွေ များပြားနေကြတဲ့ အဓိက အချက်ကတော့ လူတွေက ငှက်တွေကို အစားအစာတွေ အလျှံ ပယ် ကျွေးနေတာကြောင့် ဖြစ်တယ်လို့ တိရစ္ဆာန်ဆေးကုဆရာ ဝန်တွေကတော့ မှတ်ချက်ပေးကြပါတယ်။

”တိရစ္ဆာန်တစ်ကောင်ဟာ အစာကို အလျှံအပယ်ရရင် မျိုးပွားနှုန်းကောင်းတယ်”လို့ တိရစ္ဆာန်ဆေးကုဆရာဝန် ဒေါက် တာမြင့်သိန်းက ဆိုပါတယ်။

စင်ကာပူနိုင်ငံရဲ့  မြို့လယ် နေရာတော်တော်များများမှာ “Do Not Feed The Animals” (တိရစ္ဆာန်ကို အစာကျွေးခြင်း မပြုရ)လို့ သတ်မှတ်ထားတဲ့အတွက် မြို့လည်း သန့်ရှင်းလှပတယ် လို့ ဒေါက်တာသိန်းအောင်က နှိုင်းယှဉ်ပြောပါတယ်။

”ကျွေးလေ အကောင်တွေ ပိုရောက်လာလေပဲ။  (လူတွေ ကို) ဆိုးကျိုး၊ ဒုက္ခပေးလိမ့်မယ်”လို့ သူက ထပ်ပြောပါတယ်။

ငှက်တွေဟာ လူတွေ အစာမကျွေးဘဲနဲ့လည်း သဘာဝ အတိုင်းရှင်သန်နိုင်ကြတယ်၊ အသက်သေသွားမှာမဟုတ်ဘူးလု့ိ သူက ဆိုပါတယ်။

ဘယ်လိုထိန်းသိမ်းကြမှာလဲ

ငှက်ကတစ်ဆင့် လူကို ကူးစက်နိုင်တဲ့ရောဂါတွေ မဖြစ်ပွား အောင် လူနဲ့ နီးကပ်စွာ နေထိုင်လေ့ရှိတဲ့ ငှက်တွေကို စနစ်တကျ အစီအစဉ်တွေ ရေးဆွဲပြီး ငှက်အကောင်ရေ တိုးပွားလာမှု ရှိ၊ မရှိ စောင့်ကြည့်ဖို့ လိုအပ်သလို အကောင်ရေ လျှော့ချဖို့လည်း လို အပ်တယ်လို့ တိရစ္ဆာန်ဆေးကုဆရာဝန်တွေက အကြံပြုပြောဆို ကြပါတယ်။

ငှက်စာရောင်းချတဲ့ နေရာတွေကို မြို့နယ်အလိုက် စနစ် တကျ နေရာသတ်မှတ်ပေးတာတွေ၊ ငှက်တွေကို အစာအလျှံပယ် မကျွေးဖို့ ပညာပေးတာတွေနဲ့ ငှက်တွေရဲ့ မျိုးပွားနှုန်းကို ထိန်းချုပ် ဖို့ လိုအပ်တယ်လို့ ဆေးပညာရှင်တွေက အကြံပြုကြပါတယ်။

ငှက်တွေကို အစာမကျွေးဖို့နဲ့ ငှက်သိုက်တွေကို ဖျက်ဆီး နှောင့်ယှက်ခြင်းနဲ့ မျိုးပွားနှုန်းကို ထိန်းချုပ်နိုင်တယ်လို့ ဆို ပါတယ်။

”အခုက ရန်ကုန်မြို့မှာ ခိုရှိရင် အစာဆိုင်ရှိတယ်။ ခုံတစ် လုံးရှိရင် အစာဆိုင်ဖြစ်နေပြီ။ တွေ့တဲ့နေရာကျွေးရင် ရန်ကုန်မြို့ က ခိုမွေးမြူရေး ဖြစ်သွားမယ်”လို့ ဒေါက်တာမြင့်သိန်းက ဆို ပါတယ်။

ကနေဒါနိုင်ငံ တော်ရွန်တိုမြို့မှာတော့ အများပြည်သူအပန်း ဖြေရာဥယျာဉ်တွေမှာ ငှက်တွေအစာကျွေးခြင်းကို ကန့်သတ် ထားပြီး နည်းဥပဒေထုတ်ပြန်ဖို့ ယခုနှစ် မေလက ဆုံးဖြတ်ခဲ့ကြ တယ်လို့ Toronto Sun သတင်းစာက ရေးသားဖော်ပြထား ပါတယ်။

ကမ္ဘာကြီးမှာ လူနဲ့ တိရစ္ဆာန်တွေ အတူတူနေထိုင်ကြတာ ဖြစ်လို့ တိရစ္ဆာန်တွေဆီက ကူးစက်ရောဂါတွေ လူတွေဆီကို ကူးစက်ခြင်း မဖြစ်အောင်တော့ တာဝန်ရှိသူတွေက မျက်ခြည်မပြတ် စောင့်ကြည့်လေ့လာဖို့ လိုအပ်သလို လူထုကလည်း ကာ ကွယ်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ရမှာဖြစ်တယ်လို့ ဝေဘာ ဂီဆေးရုံအုပ်ကြီး ဒေါက်တာနုနုကြည်က ပြောပါတယ်။

ငှက်တွေ ပြုတ်ကျသေဆုံးမှုတွေ တွေ့ရှိတဲ့အခါ သက်ဆိုင် ရာ မြို့နယ်အုပ်ချုပ်ရေး၊ မြို့တော်စည်ပင်၊ တိရစ္ဆာန်ဆေးကုဆရာ ဝန်၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကူးစက် ရောဂါနှိမ်နင်းရေးဌာနတွေဆီကို သတင်းပေးသင့်တယ်လို့ သူက လမ်းညွှန်ပါတယ်။

”Surveillance (ကူးစက်ရောဂါ နှိမ်နင်းရေးဌာန) ကတော့ အမြဲတမ်းစောင့်ကြည့်ရတယ်။ အဲဒီလိုရောဂါတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ခြင်း၊ ရောဂါကို စောစီးစွာ သိရှိ ခြင်း၊ စောစီးစွာ ညွှန်းပို့နိုင်ခြင်း၊ စောစီးစွာ ကုသပေးနိုင်ခြင်းတွေ ကြောင့်လည်း မြန်မာနိုင်ငံမှာ အသေအပျောက်နည်းတာ”လို့ ဒေါက်တာနုနုကြည်က ၂ဝဝ၆ ခုနှစ်က ကြက်ငှက်တုပ်ကွေး ဖြစ်စဉ်ကို ပြန်ပြောပြပါတယ်။

တိရ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာမြင့်သိန်းကတော့ လူတွေအနေနဲ့ တိရစ္ဆာန်တွေကို ချစ်တဲ့အခါ ဘယ်လိုသက် ရောက်မှုတွေ ဖြစ်လာနိုင်တယ်ဆိုတာ ကြိုတင်စဉ်းစားပြီး စနစ် တကျချစ်ကြပါလို့ သူက တိုက်တွန်းပါတယ်။

”တိရစ္ဆာန်ကို ချစ်ပါ။ အပြစ်မပြောပါဘူး။ ပညာကို အခြေ ခံတဲ့ အချစ်နဲ့ ချစ်ပေါ့” ။     ။    အပိုင်း(၁)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."