၂၀၁၃၊နိုဝင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၉)မှ မျက်နှာဖုံးဆောင်းပါးဖြစ်ပါသည်။
မော်ကွန်းသတင်းအဖွဲ့ ရေးသည်။
မျှော်လင့်ချက်ရောင်ခြည်
ပညာရှင်များကတော့ အရပ်သားအစိုးရတက်လာသည့် အတွက် သယံဇာတစီမံခန့်ခွဲမှုအပိုင်းမှာ ပိုမို ကောင်းမွန်လာနိုင် သည်ဟု မျှော်လင့်နေကြသည်။ ယခင်အစိုးရအဆက်ဆက်က ဖြစ်ချင်တိုင်း ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်ပြင်ဆင်ဖို့ အခွင့် သာလာပြီဟုလည်း မျှော်လင့်နေကြပါသည်။
သို့သော်လည်း ယခင်အစိုးရအဆက်ဆက်လုပ်ဆောင်ခဲ့သည်များကို ချက်ချင်းပြောင်းလဲပြင်ဆင်လို့တော့ ရနိုင်မည် မဟုတ်ဟု ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးသိန်း လွင်က သုံးသပ်ပါသည်။
”ပြုပြင်ပြောင်းလဲမှုက ဗြုန်းခနဲ လုပ်လို့မရဘူးလေ။ အရင် တုန်းက ရာစုနှစ်တစ်ဝက်လောက်က စနစ်တစ်ခုနဲ့ လုပ်ခဲ့တယ်။ အခုမှ အစိုးရသစ်တက်လာတာ နှစ်နှစ်ခွဲကျော်ကျော်ပဲရှိသေး တယ်။ နှစ်ငါးဆယ်လောက်လုပ်ခဲ့တာကို နှစ်နှစ်ခွဲနဲ့တော့ မရဘူး၊ အချိန်ယူရဦးမယ်” ဟု ၎င်းက ဆိုသည်။
တစ်ချိန်တည်းတွင် သယံဇာစီမံခန့်ခွဲမှုအားနည်းချက်များ ဆက်လက်ဖြစ်ပွားလို့ မရနိုင်တော့ဟုလည်း ဦးသိန်းလွင်က ဆို ပါသည်။
”သယံဇာတစီမံခန့်ခွဲမှုအားနည်းချက်က ဆက်ဖြစ်လို့ကို မရတော့ဘူး။ အခြေခံဥပဒေမှာ လွတ်လပ်စွာ ထုတ်ဖော်ရေးသား ခွင့်ကြောင့် အခုဆိုရင် တော်တော်များများဖော်ထုတ်ရေးသား လာတာ တွေ့ရတယ်။ အရင်တုန်းကလို လုပ်လိုက်ရင် ငုံ့ခံမယ့် အနေအထားတော့ မရှိတော့ဘူး။ လူမှုအဖွဲ့အစည်းတွေ၊ လွှတ် တော်တွေပေါ်လာပြီ”
ယခင်တုန်းကလို လုပ်ချင်တိုင်း လုပ်၍ရသည့်အနေ အထားမဟုတ်တော့သော်လည်း ယခင်က လုပ်ဆောင်ခဲ့သည့်၊ လက်မှတ်ထိုးခဲ့သည့် စီမံကိန်းများ၏ အကျိုးဆက်ကိုမူ တစ်တိုင်း ပြည်လုံး ဆက်လက်ခံစားနေရပါသည်။
လောလောဆယ်ဖြစ်ပေါ်နေသော ပြဿနာများကို ဖြေ ရှင်းရာမှာ တစ်ဖက်တည်းက ဖြေရှင်းသည့်ပုံစံမျိုးမဟုတ်ဘဲ အား လုံးဝိုင်းဝန်းဖြေရှင်းပေးကြဖို့လိုအပ်ကြောင်း ရခိုင်သယံဇာတ အကျိုးခံစားခွင့်ရရှိရေးကော်မတီ တာဝန်ခံ ဦးခိုင်ပြည်စိုးက ရှုမြင်သည်။
”ဒီပြဿနာတွေကို ဖြေရှင်းမယ်ဆိုတဲ့အခါမှာ ဘယ်လို နည်းနဲ့ ရှင်းမလဲဆိုတာကို အကုန်လုံးဝိုင်းဝန်းပြီးတော့ အဖြေရှာ ရမယ်။ တစ်ဖက်က စာချုပ်လက်မှတ်တွေ ထိုးထားတဲ့အဖွဲ့တွေက လည်း ဒီဟာအပေါ်မှာ နားလည်ပေးရမယ်”ဟု ရခိုင်တိုင်းရင်း သားများတိုးတက်ရေးပါတီ၏ အတွင်းရေးမှူးလည်းဖြစ်သည့် ဦးခိုင်ပြည်စိုးကဆိုသည်။
တစ်ချိန်တည်းတွင် လက်ရှိရေးဆွဲအကောင်အထည်ဖော် မည့် စီမံကိန်းများနှင့် ပတ်သက်၍လည်း အသေအချာ ဆန်းစစ် လေ့လာမှုများပြုပြီးမှ ဖော်ဆောင်သင့်သည်ဟု ပညာရှင်များက အကြံပြုပါသည်။
စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးကတော့ စီမံကိန်း များမစခင် အရေးကြီးဆုံး တွက်ချက်စဉ်းစားရမည့်အရာမှာ တန် ဖိုးတွက်ချက်မှုဖြစ်သည်ဟုဆိုသည်။
”တန်ဖိုးအားလုံးကို ထည့်တွက်ဖို့လိုတယ်။ သဘာဝအရင်း အမြစ်က ရတဲ့ဝင်ငွေထဲက သဘာဝပတ်ဝန်းကျင် ပျက်စီးသွား တာတွေကို ပြန်ဆင်ဖို့အတွက် ငွေတွေကိုပါ ထည့်တွက်ထားရ မယ်။ သယံဇာတတွေကို ထုတ်ရောင်းလိုက်လို့ ရငွေတစ်ခုတည်း တင်မကဘူး”ဟု ဒေါက်တာဇော်ဦးက ဆိုသည်။
မြေအောက်သယံဇာတတူးဖော်ထုတ်လုပ်သည့်အခါ ဖြစ်ပေါ်လာမည့် မကောင်းသော အကျိုးဆက်တွေကိုပါ လိုက်ပြီးဖြေ ရှင်းပေးရမည့်အရာများကိုလည်း ထည့်သွင်းတွက်ချက်သင့်သည် ဟု ဒေါက်တာဇော်ဦးကဆိုသည်။ ယင်းတို့ထဲတွင် လူတွေကို ရွှေ့ ပြောင်းပေးရသည့်အတွက် နေရာချထားရေးကိစ္စ၊၎င်းတို့အတွက် အလုပ်အကိုင်ပြန်ရှာပေးရသည့် ကိစ္စ၊ ရေရှည်တွင် ၎င်းတို့၏ မျိုး ဆက်များအထိ ဥမကွဲ၊ သိုက်မပျက် တည်တည်ငြိမ်ငြိမ်နေသွားနိုင် ရေးကိစ္စများပါ ပါဝင်သည်ဟုဆိုပါ သည်။
ပညာရှင်များက ထပ်မံအကြံပြုသည့်အချက်မှာ ယခုလို မျိုး တိုင်းပြည်ပွင့်လင်းလာချိန် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံသူများ ကလည်း အုံလိုက်ကျင်းလိုက်ဝင်လာဖို့ တာစူနေချိန်မျိုးမှာ စီမံ ကိန်းများနှင့်ပတ်သက်ပြီး ပိုမိုဂရုတစိုက်ဖော်ဆောင်ဖို့လိုသည် ဟု ဆိုပါသည်။
”သတ္တုတွင်းပဲ တူးတူး၊ သစ်ပဲခုတ်ခုတ် မြန်မာနိုင်ငံကို ထိ ရောက်စွာ ကာကွယ်ပေးနိုင်တဲ့ ဥပဒေတွေ ရှိဖို့လိုတယ်။ အဲဒါတွေ မပြင်ထားဘဲနဲ့ နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာလို့ရှိရင် ပြဿနာ တွေရှိတယ်။ ဟိုဟာတွေက မဆင်မခြင်ဘဲ ထုတ်သွားရင် ကိုယ် တွေပဲခံရမှာ” ဟု ဦးမောင်မောင်အေးက ဆိုသည်။
၎င်းက ဆက်ပြီး ယခုလိုပြောသည်။”စီးပွားရေးလုပ်မယ်ဆိုကတည်းက သူနဲ့ဆိုင်တဲ့ ပတ်ဝန်း ကျင်က ပျက်မှာပဲ။ ဒါကြောင့် မပျက်အောင်၊ ပျက်တာလျော့ အောင် ပတ်ဝန်းကျင်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ကလည်း အဆင်သင့်ဖြစ်ရမယ်” ။ ။
ဘေးကင်းလုံခြုံရေးနှင့် နှစ်ဖက်အကျိုးရှိရေး
စီမံကိန်းများနှင့်ပတ်သက်လျှင် ဘေးကင်းလုံခြုံမှု အရေး ကြီးကြောင်းကိုလည်း ဦးမောင်မောင်အေးက အလေးအနက် ပြောသည်။၎င်းအနေနှင့် ရခိုင်ကမ်းလွန်ကနေ မြန်မာပြည်အလယ်ပိုင်း ကို စလွယ်သိုင်းဖက်ပြီး တရုတ်ပြည်ကူမင်းအထိ သွယ်တန်းထား သည့် သဘာဝဓာတ်ငွေ့လိုင်းနှင့်ပတ်သက်ပြီး စိုးရိမ်မှုရှိနေသည်။
”တစ်ခုခု ပြဿနာမဖြစ်ပါဘူးလို့မပြောနိုင်ဘူး။ ရေနံယို ဖိတ်ရင်၊ သဘာဝဓာတ်ငွေ့ပေါက်ထွက်ရင် ဘယ်လိုလုပ်မလဲ။ ဘယ်လောက်အတိုင်းအတာအထိ အာမခံနိုင်သလဲ။ ဘာမှမဖြစ် ပါဘူး၊ ဘာမှ မစိုးရိမ်ရပါဘူးလို့ ပြောနေတဲ့ကြားထဲက အဲဒီလို ပြဿနာတွေ ဖြစ်သွားတာမဟုတ်ဘူးလား” ဟု ဦးမောင်မောင် အေးက ဆိုသည်။
မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်အဖွဲ့ဝင် ဒေါက်တာအောင် ထွန်းသက်ကတော့ လက်ရှိတိုင်းပြည်တွင်းမှာ အသက်ရှင်နေကြ သူများအတွက် စဉ်းစားကြဖို့လိုသလို နောင်အနာဂတ်မှာ ဖြစ်ပေါ် လာမည့် သားစဉ်မြေးဆက်များအတွက်ပါ စဉ်းစားဖို့လိုသည်ဟု ဆိုသည်။
”ရေရှည်ကိစ္စကိုပြောတဲ့အခါမှာ အနာဂတ်အတွက်ပဲ စဉ်း စားပြီး လက်ရှိလူတွေငတ်နေလို့လည်း မရသေးဘူး။ ဒီနှစ်ခုမှာ မှန်ကန်တဲ့ လွန်ဆွဲမှုကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွား ဖို့လိုတယ်”ဟု စီးပွားရေးနှင့် စီမံခန့်ခွဲမှုပညာရှင် ဒေါက်တာ အောင်ထွန်းသက်က ဆိုသည်။
”လူမှုရေးတာဝန်ကျေတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်ဖို့လို တယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ရှောက်တဲ့ စီးပွား ရေးလုပ်ငန်းတွေ ဖြစ်ရမယ်။ လူ့အခွင့်အရေး တွေကို မထိခိုက်တဲ့ ထိန်းသိမ်းစောင့်ရှောက်မှုမျိုးတွေ ရှိဖို့လိုတယ်။ SRI(Social Responsible Investment) လို့ ခေါ်တဲ့ လူမှုရေးတာဝန်ကျေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေရအောင်ပဲ ကြိုးစားနေပါတယ်” ဟု ၎င်းက ဆိုသည်။
စီမံကိန်းများ အကောင်အထည်ဖော်ရာတွင် သက်ဆိုင်ရာ ဒေသခံ၊ တိုင်းရင်းသားများ၏ အကျိုးစီးပွားသည် အရေးကြီး သလို တစ်ဖက်တွင်လည်း တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ရေးသည် လည်း အရေးကြီးသဖြင့် နှစ်ခုစလုံး ဟန်ချက်ညီညီ လုပ်ဆောင် ဖို့ လိုအပ်သည်ဟု ဒေါက်တာအောင်ထွန်းသက်က ယူဆသည်။
”နိုင်ငံတော်အကျိုးကြည့်ပြီးတော့ ဒေသခံတွေရဲ့အကျိုးလုံးဝလှည့်မကြည့်ဘဲ မဖြစ်နိုင်သလို ဒေသခံတွေအကျိုးကိုပဲ ကြည့်ပြီးတော့ နိုင်ငံတော်အကျိုးကို လှစ်လျူရှုထားလို့လည်း မရဘူး”ဟု ¤င်းက ဆိုသည်။
လောလောဆယ်အနေအထားမှာ ပြည်တွင်းပြည်ပ ပညာ ရှင်များက အလေးပေးထောက်ပြနေသည့်အချက်ကတော့ ပွင့် လင်းမြင်သာမှုရှိရေးနှင့် ကောင်းမွန်စွာ စီမံခန့်ခွဲရေးပင်ဖြစ်ပါ သည်။
သယံဇာတပေါများကြွယ်ဝသော နိုင်ငံများတွင် မြင်တွေ့ ကြရသည့် အတွေ့အကြုံအရ သယံဇာတတူးဖော်မှုကဏ္ဍကို ကောင်းကောင်းမွန်မွန် မစီမံနိုင်ပါက ကြီးမားသော နောက်ဆက် တွဲဖြစ်ရပ်များ ထွက်ပေါ်လာတတ်သည်ဟု ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့မှ မယ်ရီလင့်ဇာက ဆိုပါသည်။
သတ္တုတူးဖော်သည့် ကုမ္ပဏီနှင့် ကန်ထရိုက်ချုပ်သည့်အခါ မှာလည်း ညှိနှိုင်းတာ ညံ့ဖျင်းလျှင် တိုင်းပြည်အတွက် အရေးကြီး သော ရေရှည်စီးပွားရေးအကျိုးအမြတ်များ ဆုံးရှုံးသွားနိုင်သည် ဟုလည်း ၎င်းကဆိုသည်။
”သယံဇာတဘဏ္ဍာငွေတွေကို ထိထိရောက်ရောက် မကောက်နိုင်ဘူးဆိုရင် ပြည်သူ့ဝန်ဆောင်မှုအတွက် ထားရှိရမယ့် ရန်ပုံငွေတွေဟာ ပျောက်ဆုံးကုန်မယ်”ဟု မယ်ရီလင့်ဇာက မှတ် ချက်ပြုသည်။
အခုအချိန်မှာတော့ မြန်မာနိုင်ငံအနေနှင့် တွင်းထွက် သယံဇာတအရင်းအမြစ် တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့် လင်းမြင်သာမှုဖော်ဆောင်ရေး (Extractive Industries Transparency Initiative- EITI) ကို ဝင်ရောက်ဖို့ စိတ်ဝင်စား ကြောင်း ဆိုလာသည်မှာ အားတက်စရာဖြစ်သည်ဟု မယ်ရီလင့် ဇာက ဆိုသည်။
EITI သည် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် တွင်းထွက်ပစ္စည်း ရင်းမြစ်များ တူးဖော်ရာတွင် ပွင့်လင်းမြင်သာမှုကို အသေအချာ ရှိစေသည့် နိုင်ငံတကာစံတစ်ခုဖြစ်သည်။ ယင်းကို အစိုးရများ၊ ကုမ္ပဏီများ၊ အရပ်ဘက်လူ့အဖွဲ့အစည်းများ၊ ရင်းနှီးမြှုပ်နှံသူ များနှင့် နိုင်ငံတကာအဖွဲ့အစည်းများ ပူးပေါင်းမှုဖြင့် ကြီးကြပ် ကွပ်ကဲသည်။
”မြန်မာဟာ EITI ကို အကောင်အထည်ဖော်ဖို့ ချဉ်းကပ် ပြီဆိုရင် တိုင်းပြည်ဟာ သဘာဝသယံဇာတ ထိန်းချုပ်မှုမှာ တိုး တက်ကောင်းမွန်လာမယ်၊ ပွင့်လင်းမြင်သာမှုမှာ တိုးတက်လာ မယ်။ ပြီးတော့ သယံဇာတထိန်းချုပ်မှုအညွှန်းမှာလည်း အဆင့် တက်လာလိမ့်မယ်”ဟု မယ်ရီလင့်ဇာက ဆိုသည်။ EITI ညှိနှိုင်းဖော်ဆောင်ရေးတာဝန်ခံလည်းဖြစ်သည့် စီး ပွားရေးပညာရှင် ဒေါက်တာဇော်ဦးကတော့ ယခု လောလော ဆယ်တွင် အခြေခံအုတ်မြစ်ကောင်းတစ်ခု တည်ဆောက်ဖို့လို သည်ဟုဆိုသည်။ တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်း တွင် ပွင့်လင်းမြင်သာရှိရေးအတွက် အစိုးရသစ်က ဦးဆောင်လုပ် ကိုင်နေသည်မှာလည်း အားရစရာဖြစ်သည်ဟု ပညာရှင်များက ဆိုပါသည်။
”နှစ်နှစ်အတွင်းမှာ EITI ကို အမြန်ဆုံးလုပ်မယ်ဆိုတော့ နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာတော့ အန်မတန်မှ အံ့သြစရာ ကောင်းတဲ့ ဆုံးဖြတ်ချက်ပဲ”ဟု ဒေါက်တာဇော်ဦးက ဆိုသည်။ ”နိုင်ငံတကာမှာက အစိုးရက နောက်ဆုံးကျမှလုပ်တာ၊ ရှေ့က မနေဘူး။ ကျွန်တော်တို့နိုင်ငံမှာက အစိုးရက ဦးဆောင်ပြီး တော့ လုပ်ပါရစေ ဆိုပြီး အရပ်ဘက်အဖွဲ့အစည်းတွေကို တောင်း ခံရတဲ့ အနေအထားတောင်ဖြစ်နေတယ်။ အဲဒီအတွက် ဒီဟာက အရမ်းအလားအလာကောင်းတယ်”
ဒေါက်တာဇော်ဦးက နောင်နှစ်မှာ မြန်မာနိုင်ငံအနေနှင့် ယခုနှစ်လို သယံဇာတစီမံအုပ်ချုပ်မှုအညွှန်းမှာ အောက်ဆုံး အဆင့်မှာ မဖြစ်စေရဟု ယခုလို အခိုင်အမာဆိုသည်။
”ဘယ်သူနဲ့မဆိုလောင်းကြေးထပ်ပြီးတော့ ပြောလို့ရ တယ်။ နောင်နှစ်မှာ ကျွန်တော်တို့ နိုင်ငံရဲ့ အဆင့် လုံးဝတိုးတက် ပြောင်းလဲသွားစေရမယ်။ အခွင့်အလမ်းတွေ အများကြီးရှိတယ်။ ဒီနှစ်မှာ နောက်ဆုံးအဆင့်ဖြစ်ရင် နောင်နှစ်မှာ သေချာတယ်၊ နောက်ဆုံးအဆင့်မဟုတ်စေရဘူး” ။ ။ အပိုင်း(၁)သို့

