၂၀၁၄၊မတ်လထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၂) မှ ကဗျာဖြစ်ပါသည်။
လင်းသဏ်ညီ ရေးသည်။
အမေ
ကျွန်တော်ဟာ အမေ့ရဲ့ နို့ရည်ကြည်လေးတစ်စက်ပါ
နှလုံးသဲပွင့်တစ်ပွင့်ပါ၊ အသွေးပါ၊ အသားပါ
အမေ့အရိုးလေးထဲ တိုးဝင်စွဲနစ်နေတဲ့ အမျှင်လေးတစ်မျှင်ပါ
အစက်လေးတစ်စက်ပါ
အမေ့ခန္ဓာကိုယ်ထဲ လှည့်လည်စီးဆင်းနေတဲ့
သွေးမြစ်ခွဲလေးတစ်ခုပါ
ကိုယ့်ကိုယ်ကိုယ် ကောမသွားအောင် လေ့ကျင့်နေရတဲ့
ချောင်းကျဉ်းလေးတစ်စင်းပါ အမေ
အမေ
ကျွန်တော်ဟာ အမေဝမ်းနည်းတဲ့အခါ
ပါးပြင်ပေါ် လိမ့်ဆင်းလာတတ်တဲ့ မျက်ရည်လေးတစ်စက်ပါ
ပူနွေးမှုစီးကြောင်းလေးတစ်ခုပါ
အမေ့ရဲ့ မွေးညင်းပေါက်လေးထဲက
စိမ့်စီးတိုးထွက်လာတဲ့ ချွေးပေါက်လေးတစ်ပေါက်ပါ
အမေ့ရဲ့ လက်ချောင်းများစွာထဲက
ကွေးဖို့၊ ဆန့်ဖို့ ခက်တဲ့ လက်ချောင်းလေးတစ်ချောင်းပါ အမေ
အမေသိလား
ကျွန်တော်ဟာ သူစိမ်းတွေရဲ့ ရိုင်းပျစော်ကားမှုကို
ခေါင်းငုံ့မခံတတ်တဲ့ အမေ့ရဲ့ မျက်စောင်းလေးတစ်ချက်ပါ
မေတ္တာကို မေတ္တာနဲ့ တုံ့ပြန်တတ်တဲ့
အမေ့ရဲ့ ပြုံးနေတဲ့ နှုတ်ခမ်းကွေးလေးတစ်ခုပါ
သစ္စာတရားကို အမှားမခံ ရဲဝံ့တုံ့ပြန်တတ်တဲ့
အမေ့ရဲ့ သားမြတ်လေးတစ်စုံပါ အမေ
ဘယ်လိုကျူးလွန်မှုမျိုးကိုမှ
ဘယ်လို နိုင်ထက်ကလူပြုမှုကိုမှ
ဘယ်လို အကြမ်းဖက်စော်ကားမှုကိုမှ
ဘယ်လိုကိုယ်ကျင့်တရားကို ထိခိုက်စေမယ့်
ထိတွေ့ခြင်းမျိုးကိုမှ
ကျွန်တော်ခွင့်ပြုမှာမဟုတ်ဘူး
သိလား အမေ
ကျွန်တော်ဟာ အမေ့ရဲ့ သံယောဇဉ်နဲ့ ချစ်ခြင်းတရားကို
အလေးထားတဲ့ အကျင့်မြတ်လေးတစ်ခုပါ
တကယ်တော့ ကျွန်တော်ဟာ
ချစ်ခြင်းမေတ္တာနဲ့ သံယောဇဉ်ကြောင့်
လူသူစိမ်းကို သွေးသားရင်းတွေလို သဘောထားခဲ့သူပါ
ဒါပေမဲ့ အမေ
သွေးဟာ သွေးပဲ သားဟာ သားပဲ
ကျောသားရင်သား ခွဲခြားနေစရာမလိုဘူး
အရေးအကြောင်းဆို ဇာတိက ပြတာပဲ
သွေးက တောင်းတာပဲ
အမေ့အရိပ်အောက်မှာနေပြီး
အမေ့မေတ္တာတရားကို စော်ကားနေသူတွေကို
သားလက်ပိုက်ကြည့်မနေနိုင်ဘူး အမေ
အမေ့ရဲ့ အခက်ကိုပဲဖြစ်ဖြစ် အမေ့ရဲ့ အလက်ကိုပဲ ဖြစ်ဖြစ်
အမေ့ရဲ့ အပွင့်ကိုပဲဖြစ်ဖြစ် သြော်…အမေ့ရဲ့ ဘယ်လို
ကိုယ်လက်အင်္ဂါအစိတ်အပိုင်းမျိုးကိုမှ
ဘယ်လိုအကြောင်းပဲဖြစ်ဖြစ် ဘယ်လိုအကောင်းပဲဖြစ်ဖြစ်
အမေ့ကိုယ်မှာ ကပ်နေတဲ့ မြူမှုန်လေးတစ်မှုန်ကိုမှ
သူစိမ်းတွေကို လုယူခွင့် မပြုနိုင်ဘူး အမေ
သိလား အမေ လူတွေက ပန်းပွင့်ကိုင်လာတဲ့ လက်ကိုပဲ ပြပြီး
သေနတ်ကိုင်လာတဲ့ လက်ကိုတော့ နောက်မှာ ဝှက်ထားကြတယ်
မကြောက်နဲ့ အမေ
ဘယ်တော့မှ မကြောက်နဲ့
ကျွန်တော့်ကို တဇောက်ကန်း သားဆိုးလို့ပဲ ဆိုဆို
သားမိုက်ရယ်လို့ပဲ ပြောပြော
ဘယ်တော့မှ နောက်မဆုတ်ဘူး
အမေ့ကိုယ်၊ အမေ့သွေး၊ အမေ့သား
အမေ့အပေါ်မှာ တည်ရှိနေတဲ့ ကိုယ်စိတ်နှလုံးသုံးပါးစလုံး
ဘယ်အရာကိုမှ ကျွန်တော် အထိအခိုက်မခံနိုင်ဘူး
အစွန်းအထင်း မခံနိုင်ဘူး
တကယ်တော့ ကျွန်တော်ဟာ ကမ္ဘာမြေပေါ်မှာ
မြင်နိုင်ခွင့်မရှိလောက်အောင် သေးသိမ်ပျောက်ကွယ်နေတဲ့
အမှုန်အမွှားလေးတစ်ခုပါ
ဒါပေမဲ့ ကျွန်တော်ဟာ အမေ့ရဲ့ သွေးတစ်စက်
အသားတစ်စ၊ မွေးညင်းလေးတစ်ပင်၊ ဆံချည်မျှင်လေးတစ်ခု
ဖဝါးအောက်က အရည်ပြားလေးတစ်လွှာ
လက္ခဏာလေးတစ်ခု၊ အရေးကြောင်းလေးတစ်ကြောင်း
လက်သည်းခွံထက်က အစင်းကြောင်းလေးတစ်ခု
ဒါပေမဲ့ ဘယ်တော့မှ ကျွန်တော်မမှုဘူး
အမေ့အပေါ် ကျရောက်လာမယ့်
အန္တရာယ်ရန်စွယ်ရဲ့ ပထမဆုံး အစတေးခံဟာ
ကျွန်တော် ဧကန် ဖြစ်ရမယ်
ပထမဆုံး ထိခိုက်ခံလိုက်ရတဲ့ ဆဲလ်တစ်စဖြစ်ရမယ်
ပထမဆုံး လန်ထွက်သွားတဲ့ အသားတစ်စဟာ
ကျွန်တော်ဖြစ်ရမယ်
ပထမဦးဆုံး စိမ့်ထွက်လာတဲ့ ရုန်းကန်မှု
ချွေးစက်လေးတစ်စက်ဖြစ်ရမယ်
ပထမဦးဆုံး နီရဲသွားတဲ့ သွေးစလေးတစ်စ ဖြစ်ရမယ်
ယုံမလား အမေ
အမေ့ရဲ့ အကိုင်းအခက်လေးတစ်ခုကို ခုတ်
နောက်ထပ်တစ်ကြိမ် သေဆုံးအထိခိုက်ခံဖို့
ပြန်ထွက်လာတဲ့ အဖုအတက်လေးတစ်ခုဟာ
ကျွန်တော်ဖြစ်ရမယ်
နေရဲသူတွေရဲ့ ပျော်ရွှင်ရယ်မောမှုထဲ
သေဆုံး စတေးခံသွားရသူတစ်ယောက်အဖြစ်
အမေ့ရဲ့ ရှေ့ဆုံးမှာ
ကျွန်တော် အမြဲရပ်နေမယ် အမေ
နောက်ထပ် အကြိမ်များစွာ
သေဆုံးစတေးခံဖို့
အမေ့ရှေ့မှာ ကျွန်တော်ရပ်နေတယ်။ ။

